မြန်မာနိုင်ငံတွင် ဇွန်လ ၆ ရက်နှင့် ၇ ရက်၌ ကျင်းပပြုလုပ်တော့မည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (The World Economic Forum on East Asia 2013) သည် တက်ရောက်သူ အများဆုံး အဖြစ် မှတ်တမ်းဝင်ရန်ရှိနေသည်။
ဖိုရမ်သို့ နိုင်ငံပေါင်း ၅၀ ကျော်မှ အကြီးတန်း ခေါင်းဆောင် ၁၀၀၀ ကျော် တက်ရောက်မည်ဟု အတည်ပြုထားပြီးဖြစ်သည်။ ၎င်းအချက်က အိမ်ရှင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လတ်တလောဖွံ့ဖြိုးတိုးတက် မှုများကို နိုင်ငံတကာ အသိုင်းအဝိုင်းမှာ အလွန်စိတ်ဝင်စားနေကြခြင်းကို ဖော်ထုတ်ပြသလိုက်ကြခြင်းလည်း ဖြစ်သည်။
ယခင်နှစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပစဉ်က တက်ရောက်သူ ၆၃၀ ခန့်သာ ရှိခဲ့သည်။
ကြိုတင် မှတ်တမ်းအရဆိုလျှင် ပညာရေး၊ စီးပွားရေး၊ အရပ်ဖက် အဖွဲ့အစည်းများ၊ အစိုးရနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ခေါင်းဆောင်များ နေပြည်တော်တွင် ကျင်းပမည့် ၂၂ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ် သို့တက်ရောက်ကြမည်ဆိုခြင်းမှာ ဂျီနီဗာရုံးချုပ်အတွက် အောင်မြင်မှုတခုဖြစ်သော်လည်း ဖြတ်ကျော် ရမည့် အခက်အခဲများလည်း ရှိနေသေးသည်။
ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) ၏ အာရှဒေသ အကြီးအကဲ Sushant Palakurthi Rao က ထိုင်းနိုင်ငံအခြေစိုက် စီးပွားရေး သတင်းစာတစောင်ဖြစ်သည့် The Nation သို့ပြောကြားရာတွင် နေပြည်တော်တွင် လက်ခံကျင်းပနိုင်စွမ်း ရှိမရှိ နှင့် တက် ရောက်လာသူများအတွက် နေရာထိုင်ခင်း ရရှိရေးသည် အရင်ဆုံး ရင်ဆိုင်ရမည့် အခက်အခဲဖြစ်သည်ဟု ဆိုသည်။
ရန်ကုန်မြို့၏ မြောက်ဖက် ၃၉၁ ကီလိုမီတာ အကွာအဝေးတွင်ရှိသော နေပြည်တော်သို့ ကားဖြင့်သွားလျှင် ၄နာရီ နီးပါး ကြာသည်။ မကြာသေးမီက အသစ်ဖွင့်လှစ်ထားသော နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်သို့ လေယာဉ် စီး သွားလျှင် နာရီဝက်သာ ကြာမြင့်မည်ဖြစ်သော်လည်း လေယာဉ်ခရီးစဉ်က နည်းပါးသည်။ ထို့ပြင် သင့်တင့်ကောင်းမွန်သော ဟိုတယ်ကလည်း အနည်းငယ်သာရှိ၏။ “ဒါပေမယ့် အစိုးရက အပြည့်အဝကူညီပံ့ပိုးပေးမယ်ဆိုရင်တော့ လေယာဉ်ခရီးစဉ်တွေ တိုးချဲ့ဆွဲပေးဖို့နဲ့ ဟိုတယ် အခန်းအရေအတွက် လုံလုံလောက်လောက်ရဖို့ သေချာပါလိမ့်မယ်” ဟု Rao က The Nation သို့ပြောသည်။
“ကမ္ဘာ့စီးပွားရေးဖိုရမ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခြင်းက မြန်မာနိုင်ငံဟာ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် တံခါးတွေကို ဖွင့်ပေးဖို့ အသင့်ဖြစ်နေပြီလို့ ပြသလိုက်တာပါ။ ၂၀၁၃ အရှေ့တောင်အာရှ အားကစားပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီးတော့ ၂၀၁၄ မှာ အာဆီယံအဖွဲ့ ဥက္ကဌ တာဝန်ယူရတော့မယ့် မြန်မာနိုင်ငံအနေနဲ့ ကြီးကျယ်တဲ့ နိုင်ငံတကာ အခမ်းအနားတွေကို လာမယ့်လတွေမှာ ကြုံတွေ့ရပါတော့မယ်” ဟု Rao ကဆိုသည်။
“ဒါကြောင့် မြန်မာနိုင်ငံအတွက် လမ်းတွေက ပွင့်နေပါပြီ။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမူတွေ အရှိန်အဟုန်မြင့်လာတာနဲ့ အမျှ ပိုပြီး ရောက်လာကြတော့မယ့် ဧည့်သည်တွေအတွက် အခြေခံအဆောက်အဦးတွေကို ပိုပြီး တိုးတက်လာအောင်လုပ်ဖို့ လိုပါတယ်။ အခြေခံအဆောက်အဦတွေ တိုးတက်လာတာက မြန်မာပြည်သူတွေအတွက် အကျိုးအမြတ်ရှိစေမှာပါ။ ဒါ တကယ် အရေးကြီးပါတယ်” ဟုလည်း ဆိုသည်။
ဝင်ငွေ အဆမတန်ကွာခြားမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးသည် မြန်မာနိုင်ငံအတွက် အဓိက စိန်ခေါ်မှုတခုဟု သူကဆို သည်။ ထိုအချက်ကို မကြာခင်ကျင်းပတော့မည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဆွေးနွေးရန်ရှိနေသည်။ နှစ်ပေါင်းများစွာ ကမ္ဘာ့စီးပွားရေးအသိုင်းအဝိုင်းမှ ဖယ်ခွာပြီး တံခါးပိတ်ဝါဒ ကျင့်သုံးခဲ့သည့်အတွက် ထိုပြဿနာကို ကြုံတွေ့ခဲ့ရခြင်း ကို ဆွေးနွေးကြမည်ဖြစ်သည်။
နှစ်ပေါင်းများစွာ ကမ္ဘာနှင့် အဆက်ပြတ်၍ တံခါးပိတ်နေခဲ့ခြင်းကြောင့် ဝင်ငွေကွာခြားမှုပြဿနာကို ကြီးမားစွာကြုံတွေ နေရသော မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိသွားစေခဲ့ပြီး နိုင်ငံလူဦးရေ၏ ၃၇ ရာခိုင်နှုန်းသည် အလုပ်လက်မဲ့များဖြစ်နေကာ ၂၆ ရာခိုင်နှုန်းသည် ဆင်းရဲတွင်းထဲ နစ်နေကြသည်ဟု Rao ကပြော သည်။
“တချိန်ထဲမှာလည်း ၂၀၁၃ နှစ်အတွက် GDP တိုးတက်မှုက ၆ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်ထားပါတယ်။ နိုင်ငံလူဦးရေ သန်း ၆၀မှာ ပျမ်းမျှအသက်က ၂၉ နှစ် ဆိုတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအလားအလာက တကယ်ကို ကောင်းမွန်ပါတယ်။ ဒါပေမယ့် အခြေခံအဆောက်အဦးတွေကို အလျှင်အမြန် အဆင့်မြှင့်တင်ပေးနိုင်ဖို့၊ ပညာရေး အရည်အသွေး တိုးတက်လာ ဖို့ နဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းလာဖို့တွေပေါ်မှာလည်း မူတည်နေပါတယ်” ဟု ၎င်းကဆိုသည်။
ခရီးသွားလုပ်ငန်းအထိ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အရှိန်မြှင့်လည်ပတ် နိုင်ရန် ဝင်ရောက်လာတော့မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာလူငယ်များထဲမှ ပမာဏ မည်မျှလောက်ကို အကျိုး ဖြစ်ထွန်းစေနိုင်မည်ဆိုသည့် အချက်ကို မသဲကွဲသေးပေ။ မြန်မာလူငယ်များကလည်း ကျွမ်းကျင်မှု၊ လေ့ကျင့်မှု နှင့် အလုပ်အကိုင် လက်ဝယ်ရှိမှု စသည်တို့တွင် အားနည်းနေသေးသည်။
ဆွီဒင်၊ သြစတြေးလျနှင့် ဂျပန် စသော နိုင်ငံခြားအစိုးရများကမူ လူငယ်များ၏ အလုပ်အကိုင် အခွင့်အလမ်းများ မြှင့်တင်နိုင်ရန် စီမံကိန်းများအတွက် ငွေကြေးထောက်ပံ့ပေးပြီး ကျွမ်းကျင်မှုသင်တန်းများဖွင့်လှစ်နိုင်ရန် စီစဉ်ပေးနေသည်။
လူငယ် အလုပ်လက်မဲ့ပြဿနာအတွက် အစိုးရတွင် အပြည့်အ၀ တာဝန်ရှိသည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) မှ မြန်မာနိုင်ငံဆိုင်ရာ ဆက်ဆံရေးအရာရှိ Steve Marshall က Christian Science Monitor သတင်းစာသို့ ပြောသည်။ “လိုအပ်တဲ့ အချက်အလက်တွေဖြည့်ဆည်းပေးရမယ်။ နေ့ချင်းညချင်းနဲ့ ဖြစ်လာတာကတော့ ဘယ်ရှိပါ့မလဲ” ဟု သူကဆိုသည်။
မြန်မာနိုင်ငံမှ အလုပ်လက်မဲ့ အရေအတွက်နှင့် ပတ်သက်၍ ခန့်မှန်းတွက်ချက်မှုများကလည်း အမျိုးမျိုးဖြစ်နေသည်။ အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီက ၅.၄ ရာခိုင်နှုန်း ရှိသည်ဟုပြောသော်လည်း မကြာသေးခင်က လွှတ်တော်ကော်မတီတခုမှ ထုတ်ပြန်ခဲ့ရာတွင် ၃၇ ရာခိုင်နှုန်း ရှိသည်ဟု ဖော်ပြသည်။ ILO ကမူ တိကျသေချာသော ကိန်းဂဏန်းများ မရှိဟုဆိုသည်။
သေချာသည်မှာ မြန်မာနိုင်ငံမှ အလုပ်လက်မဲ့များအတွက် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုသင်တန်းများ ပံ့ပိုး ပေးနိုင်သည့် အေဂျင်စီများနှင့် အစီအစဉ်များ ရေတို လိုအပ်နေပြီး အလုပ်သမားအင်အားစုကို တည်ဆောက်ပေး နိုင်သည့် အလုပ်သမားအဖွဲ့အစည်းများ လိုအပ်နေခြင်းဖြစ်သည်။
စစ်အုပ်ချုပ်ရေးစနစ်မှ ရွေးကောက်ခံ ဒီမိုကရေစီစနစ်ဆီသို့ အသွင်ကူးပြောင်းရေးကာလအတွင်းတွင် ကြုံတွေ့နေရသော အကြီးမားဆုံးသော စိန်ခေါ်မှုမှာ လူငယ် အလုပ်လက်မဲ့ ပြဿနာဖြစ်သည်ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကလည်း ယမန်နှစ် ဘန်ကောက် ဖိုရမ်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ကြမ်းတမ်းသော စစ်အုပ်ချုပ်ရေးအောက်တွင် ကာလရှည် တံခါးပိတ်နိုင်ငံတခုအဖြစ် ရှိနေခဲ့ပြီးနောက် ကြွင်းကျန်နေခဲ့သည့် ဆင်းရဲနွမ်းပါးမှု နာတာရှည်ရောဂါကို ကိုင်တွယ်ဖြေရှင်းပေးသွားမည်ဟု သမ္မတဦသိန်းစိန်ကလည်း ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ကတိပေးခဲ့သည်။
“ခုချိန်မှာ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးက တိုင်းပြည် ကြီးပွားချမ်းသာရေးထက် ပို ဦးစားပေးပြီး လုပ်ရမယ့် အလုပ်ဖြစ်ပါတယ်” ဟု ဦးသိန်းစိန်က ရန်ကုန်မြို့တွင်ကျင်းပသော အစည်းအဝေး၌ ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ အရင်းအမြစ်ပေါများမှု၊ စွမ်းဆောင်ရည်မြင့်သည့် လုပ်သားအင်အားစု၊ ရာသီဥတု၏ အားသာချက် နှင့် သဘာ၀ သယံဇာတကြွယ်ဝမှုကိုလည်း သူ၏ မိန့်ခွန်းတွင် ထည့်သွင်းညွှန်းဆိုသွားသည်။
“ကျနော်တို့ နိုင်ငံဟာ အဆင်းရဲဆုံးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ တနိုင်ငံအဖြစ် ရှိနေတုန်းပါပဲ။ ဒီအခြေအနေက လွတ်မြောက်အောင် ကျနော်တို့ အားလုံး အစွမ်းကုန်ကြိုးစားကြရပါမယ်” ဟု သမ္မတဦးသိန်းစိန်က ပြောသည်။
ကမ္ဘာ့ စီးပွားရေးဖိုရမ်တွင် သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး နှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု နှင့် ပတ်သက်သော အခွင့်အလမ်းနှင့် စိန်ခေါ်မှု များ နှင့်ပတ်သက်သည့် ၎င်း၏ အမြင်များကို ဝေမျှဆွေးနွေးသွားမည် ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ နှင့် လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကလည်း “Myanmar: What Future?” နှင့် “Taking Myamar to Work” စသည့် ခေါင်းစဉ် နှစ်ခု အောက်တွင် ဝင်ရောက်ဆွေးနွေး စကားပြောမည် ဖြစ်သည်။