စီးပွားရေး

ဘာလဲဟဲ့ ဒီဂျစ်ဆဲလ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မကြာမီ ထုတ်ပြန်ကြေညာဖွယ်ရှိသည့် မြန်မာ့မိုဘိုင်း ဆက်သွယ်ရေး လုပ်ငန်းအတွက် နိုင်ငံခြား အော်ပရေတာ ကုမ္ပဏီ ၂ ခုတွင် Digicel ဒီဂျစ်ဆဲလ်ကုမ္ပဏီက သေချာနေသလောက် ဖြစ်နိုင်သည်ဟု ခန့်မှန်းတွက်ဆမှုများက ဟိုမှာဒီမှာ ကြားနေရသည်။

တကယ်တမ်းတွင်လည်း Digicel ဒီဂျစ်ဆဲလ်သည် မြန်မာနိုင်ငံတွင်းသို့ အလုံးအရင်းဖြင့် စောစီးစွာဝင်ရောက်လာခဲ့ပြီး ဝန်ထမ်းများငှားရမ်းခြင်း၊ ဒေသတွင်း အားကစားပွဲများကို ငွေကြေးထောက်ပံ့ခြင်း၊ ထောင်နှင့်ချီသော မိုဘိုင်းတာဝါများ စိုက်ထူရန် မြေနေရာများ ငှားရမ်းရန် ညှိနှိုင်းခြင်းနှင့် တဆင့်ပြန်လည်ဖြန့်ချိရောင်းချပေးမည့် ကိုယ်စားလှယ်များနှင့် စာချုပ် ချုပ်ဆိုခြင်းစသည့် လုပ်ငန်းများကို ခြေလှမ်းသွက်သွက်ဖြင့် ဆောင်ရွက်နေခဲ့သည်။

ထိုသို့ဆောင်ရွက်ခဲ့သည့် နည်းဗျူဟာက ၎င်းကို ကမ္ဘာပေါ်ရှိ အလားအလာကောင်းသည့် မိုဘိုင်းဈေးကွက်လက်ကျန်များ ထဲမှ တခုဖြစ်သည့် မြန်မာနိုင်ငံတွင် Vodafone ကဲ့သို့သော ဧရာမ ကမ္ဘာကျော် ဖုန်းကုမ္ပဏီကြီးများနှင့် ယှဉ်ပြိုင်ကာ မိုဘိုင်း အော်ပရေတာ လိုင်စင်လျှောက်ထားရာတွင် ဆန်ကာတင် စာရင်းထဲရောက်သည်အထိ ဖြစ်စေခဲ့သည်။

Digicel သည် သုံးစွဲသူ အရေအတွက်အရ ကြည့်မည်ဆိုလျှင် ကမ္ဘာ့အဆင့် ၆၅ တွင်သာ ရှိသေးသည်။ ၎င်း၏ နည်းဗျူဟာက အောင်မြင်နိုင်ချေရှိ မရှိ မသေချာသော်လည်း ကာရေဘီယံ နှင့် ပစိ္စဖိတ်ကျွန်း အချို့၏ အပြင်ဖက် တွင် လူသိနည်းသော Digicel ကုမ္ပဏီသည် ရှေးရိုးဆန်သည့် အစဉ်အလာရှိသော မိုဘိုင်းဖုန်းလုပ်ငန်းကို လှုပ်ခါနိုင်ခဲ့သည်ဟု အဆိုပါ လုပ်ငန်း အသိုင်းအဝိုင်းက ဆိုသည်။

“သူတို့ဟာ အခြေအနေတွေကို ပြောင်းပစ်နိုင်တဲ့ အင်အားစုပဲ” ဟု အာရှဒေသတွင် ၂၅နှစ်ကျော် လုပ်ငန်းအတွေ့ အကြုံရှိသည့် ဟောင်ကောင်အခြေစိုက် တယ်လီဖုန်းဆက်သွယ်ရေးရာ အကြံပေးပုဂ္ဂိုလ် Roger Barlow ကပြောသည်။ “ကုမ္ပဏီကြီးတချို့က သူတို့ကို အထင်သေးပြီး နှိမ်ချင်ကြတယ်၊ ဒါပေမယ့် သူတို့က ယုံကြည်စိတ်ချရတဲ့ ယှဉ်ပြိုင်သူတွေ ဖြစ်လာနေပြီ” ဟု သူကဆိုသည်။

မြန်မာ့ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်နေရာနှစ်ခု အတွက် ဆန်ကာတင် ကုမ္ပဏီ ၁၂ ခု စာရင်းကို မေလအတွင်းတွင်ထုတ်ပြန်ခဲ့ပြီး ဇွန်လ နှောင်းပိုင်းတွင် လိုင်စင်ရရှိမည့် နိုင်ငံခြား အော်ပရေတာနှစ်ခုကို ထုတ်ပြန်ကြေညာပေးမည် ဟု ဆိုထားသည်။ လက်ရှိအချိန်တွင် ၄ ရာခိုင်နှုန်း ရှိသော မိုဘိုင်းဖုန်းသိပ်သည်းဆကို ၂၀၁၅-၁၆ ခုနှစ်အရောက်တွင် ၈၀ ရာခိုင်နှုန်း အထိ မြှင့်တင်လိုနေသည်။

Digicel ၏ ပြိုင်ဖက်များထဲတွင် Vodafone၊ China Mobile နှင့် Telenor တို့ကဲ့သို့ ဧရာမလုပ်ငန်းကြီးများပါဝင်ခဲ့ ပြီး တောင်ကိုရီးယားနိုင်ငံမှ SK Telecom၊ အီဂျစ်နိုင်ငံမှ Orascom Telecom အပါအဝင်အခြားသော ကုမ္ပဏီများမှာ ဆန်ကာတင်စာရင်း မှ ပြုတ်ကျန်ခဲ့ကြသည်။ မကြာမီကပင် Vodafone၊ China Mobile ကလည်း နှုတ်ထွက်သွားပြန်သည်။

Digicel သည် မြန်မာနိုင်ငံသို့ ၂၀၀၉ ခုနှစ်တွင် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ညွှန်ကြားရေးမှူး ဖရန့်အို ကာရိုးလ် ဦးဆောင်၍ စတင်ဝင်ရောက်လာခဲ့သည်။ ၂၀၁၂ အစောပိုင်းတွင် ဒေသတွင်းသိသည့် အမှတ်တံဆိပ်တခု တည်ဆောက်နိုင်ရန် အတွက် ရံပုံငွေ ချထားပေးရန် ကုမ္ပဏီကို ၎င်းက တိုက်တွန်းခဲ့သည်။ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားနိုင်မည်ဆိုလျှင် လိုင်စင်ရရှိပြီး လအနည်းငယ်အတွင်းလုပ်ငန်းကို အဆင်ပြေစွာ လည်ပတ်နိုင်လိမ့်မည်ဟု ဖရန့်အို ကာရိုးလ်က တင်ပြခဲ့၏။

ထို့ကြောင့် အစိုးရက တင်ဒါခေါ်ယူခြင်းကိစ္စများ မဆောင်ရွက်သေးမီ လပေါင်းများစွာကပင် ဝန်ထမ်းများ ရာနှင့်ချီ၍ ခန့် ထားပြီး အခြေစိုက်စခန်းများ တည်ဆောက်ရန် အတွက် ထောင်နှင့်ချီသော မြေနေရာများကို ကြိုတင်ညှိနှိုင်းထားနိုင်ခဲ့ သည်။

“ကျနော်တို့ မရောက်ခဲ့တဲ့ မြေနေရာဆိုလို့ စတုရန်း တလက်မတောင် မကျန်ပါဘူး” ဟု ဖရန့်အို ကာရိုးလ်က စင်္ကာပူမှ တွေ့ ဆုံမေးမြန်းခန်းတခုတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို ထောက်ပံ့ကူညီခြင်းကလည်း ၎င်း၏ အမှတ်တံဆိပ်ကို သတိထားမိစေရန် ပြုလုပ်ခြင်းများထဲက တခုဖြစ်သည်။ အနည်းဆုံးတော့ ဒေသခံပြည်သူ အမြောက်အများက Digicel ကို မိုဘိုင်းအော်ပရေတာအနေ နှင့် မဟုတ်ဘဲ ဓာတ်ခဲတမျိုး၏ တံဆိပ်အဖြစ် အစဦးပိုင်းမှာသိသွားကြသည် ဟု ဖရန့်အို ကာရိုးလ်က ဆိုသည်။

ထိုသို့သော နည်းဗျူဟာနှင့်ပင် Digicel သည် ဈေးကွက်ငယ် အများအပြားကို ဆွဲဆောင်ယူနိုင်ခဲ့သည်ဟုလည်း သူက ပြောပြသည်။

“ဒါတွေကို မြန်မာနိုင်ငံ တခုထဲမှာပဲ ကျနော်တို့လုပ်ခဲ့တာ မဟုတ်ပါဘူး။ Digicel ပထမဆုံး လိုင်စင်ရဖို့ ကြိုးစားခဲ့တာ ထရီနီဒတ်နဲ့ တိုဘဂိုးနိုင်ငံမှာပါ။ ကျနော်တို့ ဒီနည်း အတိုင်းပဲလုပ်ခဲ့ပါတယ်။ အဲဒီမှာ ကျနော်တို့ မြေတွေ၊ ရုံးခန်း တွေ ငှားတယ်။ ဒေသခံဝန်ထမ်းတွေ ခန့်ထားတယ်၊ အားကစားပွဲကြီးတွေကို ငွေကြေးထောက်ပံ့တယ်” ဟု ဖရန့်အို ကာရိုးလ်က ဆိုသည်။

သေးသေးနဲ့ သွက်သွက်

ယခုအချိန်ထိ Digicel ၏ ဈေးကွက် ၃၁ နိုင်ငံတွင် သုံးစွဲသူ ၁၃ သန်း ရှိနေပြီဖြစ်သည်။ လူဦးရေ ၁၀ သန်းထက် မကျော် သည့် ဈေးကွက်များတွင်ပင်လျှင် America Movil၊ Vodafone ၊ Telefonica နှင့် Cable & Wireless စသော အဓိက ပြိုင် ဖက်များ နှင့် ရင်ဆိုင်ခဲ့ရသည်။

“ဒီအတွက်အံ့အားသင့်စရာ ပညာရပ်တွေလိုတယ်လို့ ကျမတော့ မထင်ပါဘူး။ ကျမတို့က မြန်မြန်ဆန်ဆန် လှုပ်ရှားနိုင်တယ်။ ကုမ္ပဏီက ငယ်တာကိုး။ ဒါကြောင့် ဆုံးဖြတ်ချက်တခုကို ချနိုင်ဖို့ တလပြီးတလ ထိုင်စောင့်နေရ လောက် အောင်ကြန့်ကြာမှုမျိုးတွေ ကျမတို့ဆီမှာ မရှိဘူးလေ” ဟု စင်္ကာပူတွင် အခြေစိုက်သော Digicel ၏ အာရှနှင့် ပစိ္စဖိတ် ဆိုင်ရာ အမှုဆောင်အရာရှိချုပ် ဗယ်နက်ဆာ စလိုးဝေးက တွေ့ဆုံမေးမြန်းခန်းတခုတွင် ပြောဆိုခဲ့သည်။

Digicel ဆုံးဖြတ်ချက်များကို ချမှတ်သူမှာ ပိုင်ရှင်ဖြစ်သော အိုငိးရစ်လူမျိုး သူဌေး ဒီနစ်အိုဘရိုင်ယန် ဖြစ်သည်။ ကာရေဘီယံဒေသမှ ဈေးကွက်ငယ်ကလေးများကို ဂျမေကာနိုင်ငံတွင် လေလံဝင်ရောက်ယှဉ်ပြိုင်ရင်း စတင် သတိပြုမိခဲ့သူဖြစ်ပြီး နောက်ဆုံးတော့ ပစိဖိတ်ဒေသဆီသို့ ရောက်လာခဲ့သည်။

တယ်လီဖုန်းဆက်သွယ်ရေး အမှုဆောင်အရာရှိတဦး ဖြစ်သူ ဒေးဗစ်ဘော်ရေးလ်က ဒီနစ်အိုဘရိုင်ယန်နှင့် ဆုံတွေ့ ခဲ့ပုံကို ပြန်ပြောပြသည်။ ထိုအချိန်က ဒေးဗစ်ဘော်ရေးလ်သည် ပိုလီနီးရှား ဆာမော ကျွန်းစုနိုင်ငံရှိ အခြားသော အော်ပရေတာကုမ္ပဏီတခုတွင် သုံးနှစ်ခန့် တာ ဝန်ထမ်းဆောင်ခဲ့ ပြီးဖြစ်သည်။

“သူက သူ့စာကြည့်ခန်းထဲကို တန်းဝင်သွားတယ်။ ပြီးတော့ မြေပုံစာအုပ်ကြီးထဲက ပစိဖိတ်ဒေသ စာမျက်နှာကိုလှန်လိုက်ပြီး  ကျနော့်ကို ပြပြီးတော့မေးတယ် မင်းဘယ်နေရာမှာ ရုံးခန်းထားချင်သလဲတဲ့”

ရက်သတ္တပတ် အနည်းငယ်အကြာတွင် ဆာမောသို့ ဒေးဗစ်ဘော်ရေးလ် ပြန်လည်ရောက်ရှိလာသည်။ ယခု အကြိမ်မှာတော့ Digicel ၏ ဝန်ထမ်း တဦးအနေဖြင့် ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ Digicel က အခြားအော်ပရေတာ တခုဖြစ်သည့် Telecom New Zealand ၏ ပိုင်ဆိုင်မှုများကို ၂၀၀၆ ခုနှစ်တွင် ဝယ်ယူလိုက်ပြီးနောက် ၆ လ အတွင်း သုံးစွဲသူ နှစ်ဆ တိုးလာခဲ့သည်။

ပြီးခဲ့သော ဘဏ္ဍာရေးနှစ်တွင် Digicel ၏ ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံရှိခဲ့ပြီး နှစ်အလိုက် တိုးတက်မှုမှာ ၁၄ ရာခိုင်နှုန်း ရှိခဲ့သည်။ အခွန်မဆောင်မီအမြတ်ငွေမှာ အမေရိကန်ဒေါ်လာ ၁.၀၈ ဘီယီယံဖြစ်သည်။ တိုးတက်မှုမှာ ၁၃ ရာခိုင်နှုံးဖြစ်သည်။ ၎င်း၏ ဈေးကွက်ဝေစုမှာ ဟေတီတွင် ၈၇ ရာခိုင်နှုန်း၊ ဂျမေကာ တွင် ၇၅ ရာခိုင်နှုန်းနှင့် ပါပူဝါနယူးဂီနီ တွင် ၉၂ ရာခိုင်နှုန်း ရရှိထားကြောင်း အမေရိကန်မှ Merrill Lynch ဘဏ်၏ အဆိုအရသိရသည်။

“ဝင်ရောက်ဖို့ ဈေးကွက်ရွေးချယ်တဲ့နေရာမှာ Digicel က သိပ်လာဘ်မြင်တယ်၊ ဒါကြောင့် ဈေးကွက်ဝေစုကို အလွယ်တကူ ရနိုင်တာပေါ့” ဟု သြစတြေးလျ အခြေစိုက် ဆက်သွယ်ရေးဆိုင်ရာ အကြံပေး ဂျွန်ဟစ်ဘတ်က ကပြောသည်။

သို့သော်လည်း ရွေးချယ်မှု မှားယွင်းပြီး ဆုတ်ခွာရခြင်းမျိုးလည်း ရှိသည်။ အရှေ့တီမောနိုင်ငံတွင် Digicel က ဆက်သွယ် ရေးတာဝါတိုင်များ တည်ဆောက်သည်။ အစိုးရကိုလည်း လိုင်စင်ချထားပေးပါက လူဦးရေ၏ ၉၀ ရာခိုင်နှုန်း လက်သို့ ၄ လ အတွင်း ရောက်ရှိစေရမည်ဟု အာမခံခဲ့သည်။

သို့သော်လည်း အစိုးရသည် ဆုံးဖြတ်ချက်ချရန် နှောင့်နှေးနေခဲ့သည်ဟု ဆိုသည်။ လိုင်စင် တခုထဲသာ ချထားပေးရန် အကြံပေးချက်ကိုလည်း လိုက်နာခဲ့ခြင်း မရှိပေ။ နောက်ထပ် တနှစ်လောက်ကြာပြီးတော့မှ အခြား အော်ပရေတာနှင့် အတူ လိုင်စင်ချပေးခဲ့သည်။ Digicel က လက်မခံဘဲ ပြန်ဆုတ်လာခဲ့သည်။

“ကျနော်တို့က တခြားအော်ပရေတာ နှစ်ခုနဲ့ ပြိုင်ဖို့ ဘာဖြစ်လို့ ဒေါ်လာသန်း ၅၀ လောက်ရင်းနှီးရမှာလဲ။ ဈေးကွက် ဝေစု က ၄၀ ရာခိုင်နှုံးပဲ ကျန်တော့တယ်။ လုပ်မယ် ဆိုရင် ဒါဟာ ရူးသွပ်တာပဲ။ ဒါကြောင့် ကျနော်တို့ လိုင်စင်ကို ပြန်လွှဲခဲ့တယ်” ဟု ဖရန့်အို ကာရိုးလ်က ပြောသည်။

Digicel က အရှေ့တီမောတွင် ကျန်ရှိသည့် ၎င်း၏ပိုင်ဆိုင်မှုများကို အခြားလိုင်စင်ရ ကုမ္ပဏီဖြစ်သော အင်ဒိုနီးရှားမှ PT Telkom လက်အောက်ခံ Telin သို့ ပြန်လည်ရောင်းချခဲ့သည်။ ထိုကုမ္ပဏီသည်လည်း အရှေ့တီမောတွင် အရှုံးပေါ်ခဲ့ သည် ဟု ဗယ်နက်ဆာ စလိုးဝေးက ပြောသည်။ အသေးစိတ် အကြောင်းအရာများကိုတော့ ပြောကြားခြင်းမရှိပေ။

Digicel ၏ လုပ်နည်းလုပ်ဟန်များသည် ရလဒ်ကို သေသေချာချာ သိနိုင်မှ ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ချက်ချလေ့ ရှိသော ဆက်သွယ်ရေးလုပ်ငန်းလောကမှ အစဉ်အလာနည်းများ ကြားတွင် ထူးဆန်း နေသည်။

“တခြားကုမ္ပဏီတွေ ရဲ့ အတွေ့အကြုံတွေကို Digicel က အရေးမထားဘူး၊ ခြားနားတဲ့ အတွေးအခေါ်ရှိတဲ့ ကုမ္ပဏီ တခု ပေါ့ဗျာ” ဟု စင်္ကာပူ အခြေစိုက် တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာ ဥပဒေပညာရှင် ရော့ဘ်ဘရတ်ဘီက ဆိုသည်။

ဆိုရော့စ်နှင့် ပေါင်းဖက်ခြင်း

သို့သော်လည်း Digicel သည် မြန်မာနိုင်ငံတွင် လွတ်လပ်စွာ လှုပ်ရှားနိုင်ခဲ့သည်တော့ မဟုတ်ပေ။ အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း နှင့်ဖက်စပ်လုပ်ကိုင်ခွင့်ပြုရန် အဆိုပြုချက်ကို အစိုးရက ၂၀၁၂ ခုနှစ်တွင် ပယ်ချခဲ့ သည်။

ထို့ကြောင့် အခြား အင်အားကြီးပြီး အဆက်အသွယ်ကောင်းသည့် ပြိုင်ဖက်များ နှင့်ယှဉ်ပြိုင်ရာတွင် သံတမန်နည်းလမ်းအရသာမက ငွေကြေးအရင်းအနှီး ပိုမို တောင့်တင်းခိုင်မာမှု ရစေရန် Digicel သည် ၎င်း၏ မိတ်ဖက်များကို ရှာဖွေလက်တွဲခဲ့ရသည်။

မြန်မာနိုင်ငံမှ လုပ်ငန်းရှင် သူဌေးကြီးတယောက် ဖြစ်သော်လည်း အခြားသူများလို အမေရိကန်၏ ပိတ်ဆို့မှုစာရင်းမှ အငြင်းပွားဖွယ်ရာ ကင်းလွတ်နေသည့် ဆာ့ချ်ပန် ပိုင်ဆိုင်သော Yoma Strategic Holding ကုမ္ပဏီ နှင့် နာမည်ကျော် ငွေကြေးဈေးကွက်ဆိုင်ရာ ကျွမ်းကျင်သူ သူဌေးကြီး ဂျော့ဂျ်ဆိုရော့စ် ပိုင် ဆိုင်သည့် ှQuantum Strategic Partners ကုမ္ပဏီ များနှင့် လက်တွဲခဲ့သည်။

ဂျော့ဂျ်ဆိုရော့စ်၏ Open Society Foundations သည် မြန်မာနိုင်ငံမှ ထွက်ခွာလာရသူများ၊ ဒုက္ခသည်များနှင့် အစိုးရအတိုက်အခံများကို ငွေကြေးထောက်ပံ့ပေးခဲ့ကြောင်း ၎င်း၏ ဝက်ဆိုက်တွင် ဖေါ်ပြထားချက်အရသိရသည်။ လွန်ခဲ့သောနှစ်က ရန်ကုန်မြို့တွင် ရုံးခန်းတခန်းဖွင့်လှစ်မည်ဟု ဂျော့ဂျ်ဆိုရော့စ်ကပြောခဲ့သည်။

Digicel သည် မြန်မာနိုင်ငံကဲ့သို့ ကြီးမားသည့်ဈေးကွက် တွင် ဝင်ရောက်လုပ်ကိုင်ရန် အတွေ့အကြုံ မရှိဟု သံသယဖြင့် ဝေဖန်မှုများ ရှိနေသော်လည်း ၎င်းတို့ကမူ ဈေးကွက် အရွယ်အစား မည်မျှပင်ရှိသည်ဖြစ်စေ နိုင်ငံအမြောက်အမြားတွင် အောင်မြင်အောင် ကြိုးစားလုပ်ကိုင်နိုင်ခဲ့ကြောင်း ခုခံငြင်းခဲ့သည်။

“အလုပ်လုပ်ရမယ့် နိုင်ငံဟာ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ တည်ဆောက်ရမယ့် အစိတ်အပိုင်းတွေ၊ ကျော်ဖြတ်ရမယ့် အကြောင်းအရာတွေက တူတူပါပဲ၊ တူညီမှုတွေ အများကြီးရှိပါတယ်။ နော်ရူးကျွန်းမှာ လူ ဦးရေ ၉၀၀၀ ရှိတယ်။ မြန်မာနိုင်ငံမှာ သန်း ၆၀ရှိတယ်။ ကျနော်တို့ကတော့ အတူတူပဲလို့ သဘောထားပါတယ်” ဟု ဖရန့်အို ကာရိုးလ်က ပြောသည်။

(Jeremy Wagstaff ၏ Maverick operator Digicel takes on the big boys in Myanmar ကို နိုင်မင်းသွင် ဘာသာပြန်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading