စီးပွားရေး

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကြောင့် ရန်ကုန် စက်မှုဇုန်မြေ ကျပ်သိန်းသောင်းချီ ဈေးတက်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော် ရန်ကုန်မြို့တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တချို့ ဝင်ရောက်လာပြီး နောက်ပိုင်း စက်မှုဇုန် မြေကွက်များ၏ ဈေးနှုန်းများ မြင့်တက်လာပြီး စက်မှုဇုန် မြေကွက်တကွက်လျှင် သိန်းသောင်းချီ ဈေးပေါက် လျှက်ရှိကြောင်း  သတင်း ရရှိသည်။

အမေရိကန် အပါအဝင် အနောက်နိုင်ငံကြီးများက မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုများ ဖြေလျှော့ ရုပ်သိမ်း ပြီးနောက် နိုင်ငံခြား စက်ရုံ၊ အလုပ်ရုံများ အပါအဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပြည်တွင်းသို့ ဝင်ရောက်ရန် အခွင့်အလမ်း များပြားလာကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများပြားမှု နှင့်အတူ စက်မှုဇုန်မြေ ဈေးများမှာ တရိပ်ရိပ် မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့ဆင်ခြေဖုံးရှိ လှိုင်သာယာ စက်မှုဇုန်တွင် လုံးချင်းအိမ်၊ ရုံးခန်း၊ ဂိုဒေါင် ပါရှိသော ၂ ဧက ခန့် ကျယ်ဝန်းသည့် မြေကွက် တကွက်လျှင် ကျပ်သိန်း ၂၀၀၀၀၊ ရွှေပြည်သာ စက်မှုဇုန်ရှိ ၃ ဧကကျော် ကျယ်ဝန်းသော မြေကွက် တကွက်လျှင် ကျပ်သိန်း ၂၅၀၀၀ ဈေးပေါက်ကြောင်း၊ စက်မှုဇုန်မြေကွက် အများစု၏ ဈေးနှုန်းမှာ အနည်းဆုံး ကျပ်သိန်းသောင်းချီ ဈေးပေါက်နေကြောင်း ရန်ကုန်မြို့အခြေစိုက် ပြည့်စုံ စက်မှုဇုန်နှင့် အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းမှ တာဝန်ရှိသူ တဦးက ပြောသည်။

“စက်မှုဇုန် အားလုံးနီးပါးက အိမ်ခြံမြေတွေ အရောင်းသွက်တယ်။ အရင်ကဆို လှိုင်သာယာက စက်မှုဇုန်တွေ တောင်ဒဂုံက စက်မှုဇုန်တွေ လောက်ပဲ အရောင်းအဝယ်ဖြစ်တာ။ အခု ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာပြီးကတည်းက အားလုံးနီးပါး အရောင်း သွက်တယ်။ အငှားလည်း ရှိတယ်” ဟု ၎င်းက ဆက်လက်ဆိုသည်။

ရန်ကုန်စက်မှုဇုန် မြေကွက်များကို အဓိကအားဖြင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေး ဖက်စပ် လုပ်ကိုင်ကြမည့်  ပြည်တွင်း လုပ်ငန်းရှင် အများစုက ဝယ်ကြသည်ဟု သိရှိရသည်။

စက်မှုဇုန် မြေကွက်များသာမက ရန်ကုန်မြို့တွင်းနှင့် ဆင်ခြေဖုံးဒေသများရှိ မြေကွက်များ၏ ဈေးနှုန်းများမှာလည်း တရိပ်ရိပ် မြင့်တက်လျှက်ရှိကြောင်း၊ သို့ရာတွင် အရောင်းအဝယ်မှာမူ အလွန်နည်းပါးပြီး ငှားရမ်း နေထိုင်ကြသူ များကြောင်း ရန်ကုန် အခြေစိုက် အိမ်ခြံမြေ အရောင်းအဝယ် အကျိုးဆောင်ကုမ္ပဏီများထံမှ သိရှိရသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု အသင်းမှ ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်အေးက “အခု ၂ လ ၃ လ အတွင်းမှာ မြို့တွင်းနဲ့ ဆင်ခြေဖုံးက အိမ်ခြံမြေ ဈေးနှုန်းတွေက အရမ်းတက်လာတယ်။ ဒီတော့  အဝယ် သိပ်မရှိဘူး။ အငှားကိုပဲ အဓိက ထားနေကြတယ်။ စက်မှုဇုန်မြေကွက်တော့ အလုပ်ဖြစ်တယ်” ဟု ပြောသည်။

ရန်ကုန်မြို့တွင်း ပြင်ပ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော နေရာတချို့တွင် အလျားပေ ၄၀ အနံ ပေ ၆၀ ရှိ မြေကွက်တကွက်လျှင် ယခင်က ကျပ်သိန်း ၂ ထောင် ခန့်သာရှိသော်လည်း သိန်း ၂၅၀၀ ခန့်အထိ ဈေးခေါ်လာကြောင်း သိရသည်။

“မြို့ထဲမှာကြတော့ အငှားပဲ ရှိတယ်။ ရောင်းချင်တဲ့ သူတွေတော့ ရှိတယ်။ ဒါပေမယ့် ဈေးတင်လွန်းတော့ ဘယ်သူမှ မဝယ်ကြဘူး။ ငှားနေကြတယ်။ ကွန်ဒိုတိုက်ခန်း တွေဆို နိုင်ငံခြားသားတွေ ငှားနေတာများတယ်၊ ရိုးရိုးတိုက်ခန်းတွေ ဆိုရင်တော့ ပြည်တွင်းက လူတွေပဲ အငှားများတယ်” ဟု ကျောက်တံတားမြို့နယ်ရှိ New Sky အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းမှ တာဝန်ရှိသူတဦးက ဆိုသည်။

ရန်ကုန်အိမ်ခြံမြေဈေးကွက်တွင် ငှားရမ်းနေထိုင်မှုများ တွင်ကျယ်လျက်ရှိရာ  စမ်းချောင်းမြို့နယ်၊ ကမာရွတ် မြို့နယ်များတွင် တိုက်ခန်းများနှင့် ကွန်ဒို တိုက်ခန်းများ အဓိက ငှားရပြီး ဆင်ခြေဖုံးမြို့နယ်များ တွင်မူ လုံးချင်းအိမ်များ၊ မြေကွက်များ အဓိက ငှားရကြောင်း သိရသည်။

“အငှားဈေးကွက်မှာ သာမန်ရိုးရိုးတိုက်ခန်းတွေ ဆိုရင်တော့ နေရာ အနေအထား နဲ့ အလွှာပေါ်ကို လိုက်ပြီး တလကို ရှစ်သောင်း ကနေ   ငါးသိန်း လောက် အထိ အမျိုးမျိုး ရှိတယ်။ ရန်ကုန်ပြင်ပ မြို့နယ် တွေက လုံးချင်းအိမ် တွေဆိုရင်တော့ နေရာနဲ့ အကျယ်အဝန်းကို လိုက်ပြီး တလ  ငါးသောင်းကနေ  နှစ်သိန်းလောက် အထိ ဈေးရှိတယ်”ဟု ဆန္ဒအောင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူ တဦးက ပြောသည်။

ရန်ကုန်မြို့အိမ်ခြံမြေဈေးကွက်တွင် ကွန်ဒိုတိုက်ခန်းတခန်းလျှင် အနည်းဆုံး ကျပ်သိန်း ၁၀၀၀ ခန့် ဈေးပေါက်ပြီး တိုက်ခန်း တခန်းလျှင် အနည်းဆုံး ကျပ်သိန်း ၂၀၀ ကျော် ဈေးပေါက်ကြောင်း ဈေးကွက်သတင်း အချက်အလက်များအရ သိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading