ရန်ကုန်မြို့တော် အခြေစိုက် နိုင်ငံခြားငွေလဲလှယ်ဈေးကွက်တွင် အမေရိကန်ဒေါ်လာ ဝယ်ယူမှု အလွန်များပြား သောကြောင့် တဒေါ်လာလျှင် မြန်မာငွေ ၁၀၀၅ ကျပ် အထိဈေး ထိုးတက်သွားကြောင်း ဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။
၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းက ပုံမှန်အားဖြင့် အမေရိကန် တဒေါ်လာလျှင် မြန်မာကျပ်ငွေ ၈၅၀ နှင့် ၈၇၀ အကြား ရှိခဲ့ရာမှ မေလ ဆန်းပိုင်းမှ စတင်ပြီး ဒေါ်လာတန်ဖိုးများ မြင့်တက်ခဲ့ရာ မေလအတွင်းတွင် အမေရိကန်တဒေါ်လာလျှင် ကျပ် ၉၅၀ ဝန်းကျင် ထိ ရောက်ရှိခဲ့ကြောင်း၊ ယခု ဇွန်လကုန်ပိုင်းတွင်မူ အမေရိကန်ဒေါ်လာ ဝယ်ယူစုဆောင်းမှု ပိုမိုများပြားလာပြီး တဒေါ်လာ လျှင် ကျပ်ငွေ ၁၀၀၅ ကျပ် အထိ ဈေးထိုးတက်သွားကြောင်း၊ ဈေးကွက်တွင် အမေရိကန်ဒေါ်လာ ဝယ်ယူ၍ မရသည် အထိ ဈေးနှုန်း မြင့်တက်သွားပြီး အစိုးရ၏ ခွင့်ပြုချက်လိုင်စင်ဖြင့် နိုင်ငံခြား ငွေလဲလှယ်ရေး လုပ်ငန်းကိုင်နေသော ပုဂ္ဂလိက ဘဏ် များတွင် ဒေါ်လာရောင်းဝယ်မှု ရပ်တန့်သွားကြောင်း သိရှိရသည်။
ယနေ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ထားသော ငွေလဲနှုန်းမှာ အမေရိကန် တဒေါ်လာလျှင် ၉၅၉ ကျပ်ဖြစ်ပြီး ပုဂ္ဂလိကဘဏ် များတွင်မူ အမေရိကန်တဒေါ်လာ ရောင်းဈေး ၉၆၀ ကျပ်၊ ဝယ်ဈေး ၉၆၇ ကျပ် သတ်မှတ်ထားသော်လည်း အလုပ်မဖြစ်ကြောင်း၊ ပြင်ပငွေလဲ ဈေးကွက်တွင်မူ အမေရိကန်တဒေါ်လာလျှင် ရောင်းဈေး ၁၀၀၀ ကျပ် ၊ ဝယ်ဈေး ၁၀၀၅ ကျပ် အထိ ဈေးနှုန်းမြင့်တက်ပြီး အမေရိကန်ဒေါ်လာ ဝယ်မရသည်အထိ ပြတ်လပ်သွားကြောင်း သိရှိရသည်။
“ဘာကြောင့်မှန်းမသိဘူး ဒေါ်လာ တအားလိုက်ဝယ်နေတယ်။ မနက်ဈေးစဖွင့်တုန်းက ၉၉၈ လောက်ပဲရှိတာ။ တနေကုန် အဝယ်များလွန်းလို့ အခု ဈေးပိတ်ခါနီး (ညနေ ၅ နာရီ) မှာ တဒေါ်လာ ၁၀၀၅ ကျပ် အထိ ရောက်သွားပြီ။ ဒီနေ့ တနေ့ တည်းကို ဈေးတွေ ထိုးတက်သွားတာ” ဟု ရန်ကုန်မြို့မှာ နိုင်ငံခြားငွေလဲဒိုင်တဦးက ပြောသည်။
အမေရိကန်ဒေါ်လာ ဝယ်ယူ စုဆောင်းသူများတွင် ရွှေကုန်သည်များ ပါဝင်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်ရွှေကုန်သည်ကြီးတဦးက ပြောသည်။
“အခု ကမ္ဘာ့ရွှေဈေးက ထိုးကျနေတော့ မြန်မာ့ရွှေဈေးလည်း လိုက်ပြီး ထိုးကျတယ်။ အဲဒီတော့ ရွှေကုန်သည်တွေက ဒေါ်လာတွေလိုက်ဝယ်ကြတယ်။ ရွှေအစား ဒေါ်လာ ပြန်ကိုင်ကြတာပေါ့” ဟု ရွှေကုန်သည်က ဆိုသည်။
ကမ္ဘောဇဘဏ်ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်ကမူ ဒေါ်လာ တန်ဖိုးတက်ရခြင်း ဈေးကစားမှု၊ ဝယ်ယူစုဆောင်းမှုများ အပါအဝင် အကြောင်းရင်း များစွာရှိနေကြောင်း ဧရာဝတီသို့ သုံးသပ်ပြောဆိုသည်။
“ဒေါ်လာဈေး တက်ရတဲ့ အကြောင်းအရင်း တွေက အများကြီးပဲဗျ။ ဈေးကစားမှုတွေ ပါလာတယ်။ ဒေါ်လာဝယ်စုကြတယ်။ တက်မယ်၊ တက်မယ်ဆိုပြီး ဝယ်စုကြတော့ တက်တာ။ ကျောက်မျက်သမားတွေလည်း ဝယ်လားလို့ သံသယရှိတယ်။ ဒီမှာ လာပြီးတော့ ဒေါ်လာဝယ်ပြီးတော့ ကျောက်မျက်ဝယ်တဲ့သူတွေလည်း များသလား။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကလည်း တိတိပပ မလာသေးဘူးလေ။ အလားအလာက ဘယ်လိုဖြစ်မလဲတော့မသိဘူး” ဟု ဦးသန်းလွင်က ဆိုသည်။
လတ်တလော အမေရိကန်ဒေါ်လာ တန်ဖိုး မြင့်တက်မှုသည် ဗဟိုဘဏ်၏ ငွေလဲလှယ်နှုန်းထား တည်ငြိမ်ရေး မူဝါဒကို ထိခိုက်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နယ်အယ်ဖောက ဧရာဝတီသို့ ပြောသည်။
” အခု ကျမတို့က ဈေးကွက်ရဲ့အတိုက်အခိုက်ကို ခံနေရတော့ ကျမတို့ ဘယ်လိုစီမံနေသလဲဆိုတာ မပြောနိုင်ဘူး။ ဗဟိုဘဏ်ရဲ့ အလုပ်က ငွေလဲနှုန်း ငြိမ်ရမယ်၊ ဖြစ်သင့်တဲ့ ဈေးနှုန်းဖြစ်ရမယ်”ဟု ဒေါ်နယ်အယ်ဖောက ပြောသည်။
အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်ရေး ဆွဲတင်မည်ဆိုသော အစိုးရ၏ မူဝါဒကြောင့် တိုင်းပြည်အထိနာပြီး ပြည်သူ အများစု စီးပွားရေး အကျပ်အတည်းဖြစ်လာမည်ဟု ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဘောဂဗေဒဌာန အငြိမ်းစား ပါမောက္ခ ဒေါက်တာမောင်မောင်စိုးက သုံးသပ်သည်။
“အစိုးရရဲ့မူဝါဒ ဒေါ်လာကို တက်အောင် ဆွဲတင်တဲ့မူဝါဒ။ ဒေါ်လာတက်တယ်ဆိုရင် သူတို့က မထိန်းဘူး။ ပို့ကုန်တိုးတက်ရေးမူဝါဒတခုတည်းနဲ့ပဲ သူတို့သွားနေတာ။ ဒေါ်လာဈေးတက်ပေမယ့်လည်း လက်တွေ့မှာ ပို့ကုန်တွေကလည်း တက်မလာဘူး။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုတာကလည်း ထင်သလောက် ဝင်မလာဘူး။ ဒေါ်လာဈေးတက်တဲ့အတွက်ကြောင့် တိုင်းပြည်ကမောက်ကမဖြစ်နိုင်တယ်။ ပြည်သူတွေအထိ နာလိမ့်မယ်။ ကိုယ့်ငွေက တန်ဖိုးရှိနေတာကို ဆွဲချတာမျိုး မလုပ်သင့်ဘူး။ ဒေါ်လာတန်ဖိုးတက်ရင် ဈေးနှုန်းမြင့်တက်မှုတွေ၊ ငွေကြေးဖောင်းပွမှုတွေ နောက်ဆက်တွဲဖြစ်လာလိမ့်မယ်။ လာမယ့် စီးပွားရေးအခြေအနေက ပိုကျပ်လာလိမ့်မယ်” ဟု ဒေါက်တာမောင်မောင်စိုးက ဆိုသည်။
ဒေါ်လာဈေးမြင့်တက်မှု၏ နောက်ဆက်တွဲ ပြည်ပနိုင်ငံများမှ မှာယူတင်သွင်းနေရသော စက်သုံးဆီ၊ စားအုန်းဆီ အပါအဝင် သွင်းကုန်များ၏ ဈေးနှုန်း တရိပ်ရိပ်မြင့်လိမ့်မည်ဟု စီးပွားရေး ပညာရှင်အချို့က သုံးသပ်ကြသည်။