ဒေါ်လာ ဈေးမြင့်တက်မှုကြောင့် ပြည်ပမှ တင်သွင်းရသော ဓာတ်ဆီ၊ ဒီဇယ်ဆီ အပါအဝင် စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်သွားကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။
“စက်သုံးဆီတွေက အရင်က ဒေါ်လာဈေး တက်ခါစကလည်း တက်တယ်။ အခုတော့ သိသိသာသာကို တက်တယ်။ သိသိသာသာ ဈေးတက်တာကတော့ ဇွန်လမကုန်ခင် တပတ်လောက်က စတာပေါ့”ဟု ဗဟန်းမြို့နယ်ရှိ ကေတုမတီ စက်သုံးဆီ အရောင်းဆိုင်မှ တာဝန်ရှိသူ တဦးက ပြောသည်။
စက်သုံးဆီဈေးနှုန်းများမှာ ယခင်ကထက် တဂါလံလျှင် ၅၀ ကျပ်ဝန်းကျင်ခန့် မြင့်တက်လာသော်လည်း အရောင်းနှေးသွားခြင်း၊ အရောင်းထိုင်းသွားခြင်းများ လုံးဝမရှိဘဲ ယခင်ကဲ့သို့ပင် ပုံမှန်အနေအထားများအတိုင်း ရောင်းနေရကြောင်း စက်သုံးဆီ ရောင်းချသူများထံက သိရသည်။
“အရင်က အောက်တိန်း တလီတာကို ၈၇၀၊ ဒီဇယ် တလီတာကို ၈၆၀ နဲ့ ရောင်းတာ၊ အခု ဒီတပတ်လောက် အတွင်းမှ အောက်တိန်းရော ဒီဇယ်ရော ၈၈၀ ဖြစ်သွားတာ”ဟု လှိုင်မြို့နယ်ရှိ အောင် စက်သုံးဆီ အရောင်းဆိုင်မှ တာဝန်ရှိသူတဦးက ပြောသည်။
ယခင်က ဒေါ်လာဈေးနှုန်းမြင့်တက်လာမှုကို လိုလားကြသော်လည်း လက်တွေ့ ဒေါ်လာဈေး မြင့်တက်လာသည့်အချိန်တွင် စက်သုံးဆီ ဈေးနှုန်းများလည်း အလွန်မြင့်တက်လာခြင်းကြောင့် မည်သူကမျှ ထင်သလောက် မနှစ်သက်ကြကြောင်း၊ ထိုသို့ စက်သုံးဆီဈေးနှုန်းများ အလွန်မြင့်တက်လာခြင်းကြောင့် ပို့ကုန်သာမက သွင်းကုန်များလည်း ဈေးတက်လာကာ ကုန်စည်ပစ္စည်းများအားလုံး ဈေးနှုန်း မြင့်တက် နေခြင်းကြောင့် ပြည်သူများအနေဖြင့် အခက်တွေ့လာနိုင်ကြောင်း မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ မောင်မောင်လေးက ပြောသည်။
“အရင်က ဒေါ်လာဈေး အရမ်းတက်စေချင်ကြတာ။ တက်လာအောင် အမျိုးမျိုးလုပ်ကြတယ်။ ဒေါ်လာဈေးတက်ရင် ပို့ကုန်ပဲ တက်မယ် ထင်ထားကြတာလေ။ အခုတော့ အဲလိုမဟုတ်ဘဲ အကုန်လုံး သားငါးတွေကအစ ဈေးတက်ကုန်လာတော့ ဘာကိုမှ တွက်ချက်လို့မရဘဲ ကမောက်ကမတွေ ဖြစ်လာလို့ ဘယ်သူမှ မကြိုက်ကြဘူး”ဟု ဒေါက်တာမောင်မောင်လေးက ဧရာဝတီသို့ ဆက်လက်ပြောသည်။
စက်သုံးဆီဈေးများမှာ ဒေါ်လာဈေး မြင့်လာခြင်းကြောင့် ဖြစ်ပြီး ထိုသို့ မြင့်နေသည့် ဈေးနှုန်းများသည် မကြာမီ အချိန်အတွင်း၌ပင် ဈေးကွက် ပြန်ငြိမ်သွားနိုင်ကြောင်း ဒေါက်တာမောင်မောင်လေးက ဆိုသည်။
“စက်သုံးဆီဈေးမြင့်တာကို ၁ လ လောက်ပဲကြာမယ်လို့ မှန်းပါတယ်။ သွင်းကုန်တွေကို သွင်းနေသမျှ ကာလပတ်လုံး ဈေးတက်နေဦးမှာ ပဲလေ။ သွင်းကုန်တွေအားလုံးကလည်း ဈေးတက်တော့ တချို့ဆို ဘာမှမသွင်းတော့ဘူး။ ရပ်ထားလိုက်ကြတာတွေ ရှိတယ်။ ဒါတွေကို ဈေးကွက်က သူ့ဘာသူ ထိန်းသွားပါလိမ့်မယ်။ သွင်းကုန်တွေ အများကြီး သွင်းကြတယ်။ ဒေါ်လာတွေ ဝယ်ကြတယ်။ ဒါပေမယ့် ကုန်ဈေးနှုန်းတွေ အရမ်းတက်လာတော့ သူတို့တွေ သိပ်မသွင်းရဲကြတော့ဘူး။ ဒီတော့ ရပ်သွားနိုင်တယ်။ အဲဒီအခါကြရင် ဒေါ်လာဈေးက ကြလာနိုင်တာပေါ့။ ဒေါ်လာဈေးကြရင် စက်သုံးဆီဈေးလဲ ကြသွားမှာပေါ့။ ဒီ့ထက်အရမ်းတက်မယ်လို့ မထင်ပါဘူး”ဟု ဒေါက်တာ မောင်မောင်လေးက ပြောသည်။
စက်မှုဇုန်များနှင့် စက်မှုလက်မှု လုပ်ငန်း လုပ်ကိုင်နေကြသူများ အနေဖြင့် လျှပ်စစ်မီးပြတ်တောက်ချိန်များတွင် စက်သုံးဆီများဖြင့် လုပ်ငန်းကို အဓိက လည်ပတ်နေရကြောင်း၊ ထို့အတွက် ထုတ်လုပ်မှုစရိတ်များနှင့် အပိုငွေများအဖြစ် မလိုအပ်ဘဲ ကုန်နေရကြောင်း စက်မှုလက်မှုလုပ်ငန်းရှင်များက ပြောသည်။
စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် သယ်ယူပို့ဆောင်ရေး စရိတ်နှင့် တခြား စရိတ်များပါ မြင့်တက်လာရာ နောက်ဆက်တွဲ အနေဖြင့် ဈေးကွက်တွင် အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ပဲတို့အပြင် အခြားကုန်စည်များ၏ ဈေးနှုန်းများ မြင့်တက်လာကြောင်း သိရှိရသည်။
အမေရိကန်ဒေါ်လာ တန်ဖိုးမြင့်တက်လာသည်နှင့် အမျှ စက်သုံးဆီနှင့် အခြေခံ စားသောက်ကုန်များအပြင် အခြား ကုန်ပစ္စည်းများ၏ ဈေးနှုန်းများ ဆက်လက်မြင့် တက်မည်ဟု စီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေး ပညာရှင်တချို့က သုံးသပ်ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၄ ရက် နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်သည့် ဈေးကွက်တွင် အမေရိကန်တဒေါ်လာလျှင် မြန်မာငွေ ၉၈၃ ကျပ် ပေါက်ဈေးရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။