နိုင်ငံတော် ဗဟိုဘဏ်ကို ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်မှ ခွဲထုတ်ပြီး ကိုယ်ပိုင်အုပ်ချုပ်စီမံခွင့်ပြုသည့် ဥပဒေတရပ်ကို သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။
သမ္မတက လက်မှတ်ရေးထိုး အတည်ပြုလိုက်သည့်အကြောင်း မြန်မာ့ရုပ်မြင်သံကြား (MRTV) က ကြာသပတေးနေ့ ညနေပိုင်းတွင် ထုတ်လွှင့်ကြေညာသွားပြီး အသေးစိတ် အကြောင်းအရာများကို ယနေ့ထုတ် သတင်းစာများတွင် ထည့်သွင်း ဖော်ပြပေးသွားမည်ဟုလည်း ကြေညာခဲ့သော်လည်း နိုင်ငံတော်၏ တရားဝင ်ထုတ်ပြန်ကြေညာချက်များကို နေ့စဉ်ဖော်ပြပေးနေသည့် New Light of Myanmar သတင်းစာ အပါအဝင် မည်သည့်သတင်းစာတွင်မျှ အဆိုပါ ဥပဒေကို ဖော်ပြထားခြင်း မရှိပေ။
ဗဟိုဘဏ်ဥပဒေကို အောင်မြင်စွာ အတည်ပြုခြင်းသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးတွင် အရေးပါသည့် ခြေလှမ်းတရပ် ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည့် အလှည့်အပြောင်းတခုလည်း ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် မည်သည့် အတိုင်းအတာအထိ လွတ်လပ်စွာလုပ်ဆောင်ခွင့် ရရှိနိုင်မည် ဆိုသည့်အချက်ကမူ မသဲကွဲသေးပါ။
ယနေ့ အချိန်အထိ ဗဟိုဘဏ်၏ အဓိက အခန်းကဏ္ဍသည် အစိုးရ၏ ဘတ်ဂျက်လိုငွေပြမှုကို ဖြည့်တင်းပေးရန်အတွက် ငွေစက္ကူများ ရိုက်နှိပ်ပေးရန်သာဟု ကျွမ်းကျင်သူများက မြင်ကြသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် အစိုးရ၏ ထိန်းချုပ်မှုအောက်တွင်သာ လုပ်ကိုင်နေရသောကြောင့် နိုင်ငံ့စီးပွားရေး အခြေအနေကို တိုက်ရိုက်စီမံနိုင်သော ငွေကြေးဆိုင်ရာ မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများကို ချမှတ်ကျင့်သုံးခွင့် မရှိသလို အစိုးရ ချေးငှားသည့် ငွေကြေးကိုလျှော့ချခြင်း သို့မဟုတ် တိုးမြှင့်ခြင်းတို့ကိုလည်း လုပ်ပိုင်ခွင့် မရှိပေ။
“မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဟာ အစိုးရရဲ့ ဘတ်ဂျက်လိုငွေပြမှုကြောင့် အစိုးရကို ငွေချေးပေးနေရတဲ့ လက်ရှိ အနေ အထားမျိုးမှာပဲ ရှိနေဦးမယ်ဆိုရင်တော့ ထိရောက်တဲ့ ငွေကြေးဖောင်းပွမှု တိုက်ဖျက်ရေး ဘဏ္ဍာရေး မူဝါဒ ချမှတ် အကောင်အထည်ဖော်ဖို့ ဆိုတာ ခက်ခဲနေပါတယ်” ဟု သြစတြေးလျနိုင်ငံ မက်ကွာရီ တက္ကသိုလ်မှ မြန်မာ့စီးပွားရေး လေ့လာသူ ရှောင်တာနဲလ်က AFP ကို ပြောခဲ့သည်။ “တနည်း ပြောရရင်တော့ အစိုးရရဲ့ အသုံးစရိတ်နဲ့ အခွန် စနစ်တွေက ပြဿနာပါ” ဟုလည်း ဆိုသည်။
ဗဟိုဘဏ်၏ ငွေရေးကြေးရေး အဖွဲ့အစည်းများ ကြပ်မတ်ကွပ်ကဲရေးနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်စောဦးက Wall Street Journal ကို ရှင်းပြခဲ့စဉ်က ဗဟိုဘဏ်အနေဖြင့် အစိုးရ၏ လိုငွေပြမှု အချိုးအစားကို ၄၀ ရာခိုင်နှုန်းဝန်းကျင်မှ သုည အထိရောက်အောင် ဖြည်းဖြည်းမှန်မှန် လျှော့ချသွားမည်ဖြစ်ပြီး ဘဏ်တိုးနှုန်းများကိုလည်း လွတ်လပ်စွာ သတ်မှတ်ခွင့်ရှိတော့မည်ဟု ဆိုသည်။ ထို့ပြင် ပြင်ပမှ စီမံခန့်ခွဲရေး ကျွမ်းကျင်သူ များကိုလည်း နေရာအလိုက်ခေါ်ယူ ခန့်ထားသွားမည် ဟုလည်း သိရသည်။
နောက်ပိုင်းတွင် ဗဟိုဘဏ်ဥက္ကဌ နှင့် ဒုဥက္ကဌ သုံးဦးတို့ကို သမ္မတက အမည်စာရင်းတင်သွင်း၍ လွှတ်တော်က အတည် ပြုပေးရမည်ဖြစ်သည်။ ထို့ပြင် ဗဟိုဘဏ် ဘုတ်အဖွဲ့ဝင်များသည် ဗဟိုဘဏ်လုပ်ငန်းနှင့် သက်ဆိုင်သော လုပ်ငန်းနယ်ပယ် များမှ ကျွမ်းကျင်သူများဖြစ်ရမည် ဟုလည်း ဥပဒေတွင် ပါရှိသည်။
ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ရှားပါးခြင်းကလည်း ဗဟိုဘဏ်အတွက် နောက်ထပ်ရင်ဆိုင်ရမည့် အခက်အခဲတခုဖြစ်သည်။ ဗဟိုဘဏ်မှ အရာရှိအများစုသည် စစ်တပ်ထွက်များဖြစ်ကြသည်။ ယခုအခါ ဥပဒေပညာရှင်များ၊ စာရင်းကိုင်များ၊ စာရင်းစစ်များ နှင့် စီးပွားရေးဆိုင်ရာ မဟာဘွဲ့ရရှိသူများကို ခေါ်ယူစုဆောင်းနေခဲ့သည်ဟု ဗဟိုဘဏ် နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။
ဗဟိုဘဏ်ဥပဒေသည် ရာစုနှစ်ဝက်ကြာ အုပ်စိုးခဲ့သည့် စစ်တပ်အုပ်ချုပ်ရေးမှ ၂၀၁၁ ခုနှစ် မတ်လတွင် အာဏာလွှဲပြောင်းယူ ခဲ့သည့် သမ္မတဦးသိန်းစိန် ဦးဆောင်သော အရပ်သားအမည်ခံ အစိုးရက အကောင်အထည်ဖော်နေသော စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်များထဲက အစိတ်အပိုင်း တရပ်ဖြစ်သည်။
ဗဟိုဘဏ်အုပ်ချုပ်ရေး ဥပဒေများကို ဗဟိုဘဏ်ဥပဒေ အာဏာတည်ပြီးနောက် သုံးလအတွင်း အတည်ပြုပြဌာန်း ရမည် ဖြစ်သည်။ အဆိုပါ နည်းဥပဒေများတွင် နိုင်ငံခြားမှ ငွေချေးငှားသူများနှင့် ပူးပေါင်း၍ ဖက်စပ်ဘဏ်လုပ်ငန်းများ လုပ်ကိုင်ရာတွင် မည်သို့ လုပ်ဆောင်ရမည် ဆိုသည့် အသေးစိတ်အချက် အလက်များလည်း ပါဝင်လာနိုင်သည်။
လက်ရှိအချိန်တွင် နိုင်ငံခြားဘဏ်များကို မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်မပေးသေးပေ။ လုပ်ပိုင်ခွင့်ပေး မည်ဆိုလျှင်လည်း အစပိုင်းတွင် ပြည်တွင်းဘဏ်များနှင့် ပူးပေါင်း၍ ဖက်စပ်လုပ်ကိုင်ရမည် ဖြစ်သည်။
မည်သည့် ကာလတွင် ဝင်ရောက်လုပ်ကိုင်ခွင့်ပြုမည်ဟု တရားဝင်သတ်မှတ်ထားခြင်း မပြုရသေးသော်လည်း နိုင်ငံခြား ဘဏ် ၃၀ ကျော်က မြန်မာနိုင်ငံတွင် ကိုယ်စားလှယ် ရုံးခွဲများ လာရောက်ဖွင့်လှစ် ထားကြပြီးဖြစ်သည်။
ဘဏ္ဍာရေးဝန်ကြီးဌာန၏ အစိတ်အပိုင်းတခုအဖြစ် ရှိနေဆဲဖြစ်သော မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အင်တာနက်ဝက် ဆိုက်တွင် “ဗဟိုဘဏ်၏ ရည်မှန်းချက်မှာ ပြည်တွင်းပြည်ပတွင် မြန်မာကျပ်ငွေတန်ဖိုး တည်တံ့ခိုင်မြဲစေရန် ဖြစ်ပါသည်” ဟု ဖော်ပြထားသည်။
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) ၏ အားပေး ကူညီမှုဖြင့် နိုင်ငံခြားငွေလဲလှယ်မှုစနစ်ကို တည်ငြိမ်မှု ရှိလာစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာကျပ်ငွေတန်ဖိုးကို ၂၀၁၂ ခုနှစ် ဧပြီလမှ စတင်၍ နှုန်းရှင် အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့သည်။
နှုန်းရှင် စတင် သတ်မှတ်လိုက်စဉ်က တဒေါ်လာလျှင် မြန်မာငွေ ၈၁၈ကျပ် ဖြစ်ခဲ့ပြီး ထိုအချိန်က တရားမဝင်ဈေးကွက် ပေါက်ဈေးနှင့် တန်းတူပင်ဖြစ်သည်။ သို့သော်လည်း IMF နှင့် စီးပွားရေးပညာရှင်များက တန်ဖိုးက ရှိသင့်သည်ထက် များ နေသည်ဟု ပြောခဲ့ကြသည်။ ထိုအချိန်မှစ၍ မြန်မာကျပ်ငွေတန်ဖိုးသည် ကျဆင်းလာခဲ့ပြီး ဗဟိုဘဏ်၏ နေ့စဉ်ကိုးကား ဖော်ပြသည့်ဈေးနှုန်းအရ ယနေ့ သောင်္ကြာနေ့တွင် တဒေါ်လာလျှင် ၉၈၁-၉၈၈ ကျပ် ဈေးပေါက်သည်။
ကျွမ်းကျင်သူအချို့က ယခုနှစ် နှစ်စပိုင်းက စ၍ကြည့်လျှင် မြန်မာကျပ်ငွေတန်ဖိုး ၁၀ ရာခိုင်နှုန်း ကျဆင်းသွားသည့် အတွက် လာမည့်လများ အတွင်းတွင် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာသည့်ဒဏ်ကို ခံစားရမည်ဟု ပြောသည်။
IMF ၏ ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး Naoyuki Shinohara က Wall Street Journal သို့ပြောကြားရာတွင် မြန်မာ နိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ထိန်းချုပ်မှုအောက်တွင် ရှိနေသယောင် ထင်ရသည့်အချိန်တွင် လုပ်ခလစာများနှင့် နေထိုင်မှုစရိတ်များ ကလည်း အရင်ထဲက မြင့်တက်နေခဲ့ပြီး ဖြစ်သလို မြန်မာနိုင်ငံတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းကလည်း ကုန်ဈေးနှုန်းများမြင့်တက်လာအောင် ဖိအားပေးသလို ဖြစ်တတ်သည်မှာ သဘာဝပင် ဖြစ်သည်ဟု ဆိုသည်။
“ပြည်တွင်းငွေကြေးခိုင်မာမှုအတွက် ငွေဖောင်းပွမှုဆိုတာ အဆိုးဆုံးရန်သူပါ။ ဒါကြောင့် ပြည်တွင်းငွေကြေးခိုင်မာမှုကို ထိန်းသိမ်းနိုင်ဖို့ အတွက် သင့်တော်တဲ့ ဘဏ္ဍာရေးဆိုင်ရာမူဝါဒ နဲ့ ဖြေရှင်းဖို့နည်းလမ်းတွေကို စတင်ဆောင်ရွက်ထား နိုင်ဖို့က အလွန် အရေးကြီးတယ်လို့ ကျနော်တို့ ယူဆပါတယ်” ဟု သူက ပြောသည်။
ဗဟိုဘဏ်သည် ငွေကြေးဖောင်းပွမှုထက် ငွေကြေးလည်ပတ်မှု ဖွံ့ဖြိုးရေးကို ဦးတည်ချက်ထားပြီး ကိုင်တွယ်သွားမည်ဟု ဒေါ်ခင်စောဝင်းက Wall Street Journal သို့ ပြောသည်။ ၂၀၁၄ ခုနှစ် မတ်လ တွင် ကုန်ဆုံးမည့် လက်ရှိ ဘဏ္ဍာရေး နှစ် အတွင်းတွင် ငွေဖောင်းပွမှု ၅.၅ ရာခိုင်နှုန်းနှင့် စီးပွားရေးဖွံ့ဖြိုးမှု ၆.၇၅ ရာခိုင်နှုန်းရှိမည်ဟု IMF က ခန့်မှန်းထားသည်။