စီးပွားရေး

မြန်မာတွေ အင်္ဂလန်မှာ အိမ်ဝယ်နေကြပြီ

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံမှ အချမ်းသာဆုံးသူများသည် ၎င်းတို့၏ ပိုက်ဆံများကို နိုင်ငံအပြင်ဖက်သို့ ယူဆောင်သွားကြပြီး လန်ဒန်တွင် တန်ဖိုးမြင့် ပိုင်ဆိုင်မှုများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေကြသည်။

နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံသူများက အာရှ၏ “နောက်ဆုံး ကျန်နေသည့် ဈေးကွက်နေရာ” အဖြစ်သတ်မှတ်ပြီး လာရောက် ရင်းနှီးမြှုပ်နှံရန် တန်းစီနေကြချိန်တွင် မြန်မာနိုင်ငံအတွင်းက ဒေါ်လာသန်းနှင့်ချီသော ရင်းနှီးမြှုပ်နှံမှုများက ယခင် မြန်မာ နိုင်ငံကို ကိုလိုနီပြုခဲ့သည့် အင်္ဂလန်နိုင်ငံ၏ မြို့တော် လန်ဒန်ဆီသို့ စီးမျောထွက်နေကြာင်း စစ်တမ်းတခုက ဖော်ပြခဲ့သည်။

၁၂ လတာ ကာလအတွင်း လန်ဒန်နှင့် အင်္ဂလန်နိုင်ငံ၏ အခြားနေရာများသို့ ဝင်ရောက်လာသော မြန်မာတို့၏ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ဟောင်ကောင်နှင့် ဆွစ်ဇာလန် နိုင်ငံများမှ ဝင်ရောက်လာသည့် ပမာဏ နှင့် တူတူပင်ဖြစ် ကြောင်း အင်္ဂလန်နိုင်ငံ အိုးအိမ်ပိုင်ဆိုင်မှုဆိုင်ရာ ကဏ္ဍ၏ ထိပ်တန်းဂျာနယ် တစောင်ဖြစ်သည့် PrimeResi မှ ထုတ်ဝေ ခဲ့သော စစ်တမ်းက ဆိုသည်။

“၂၀၁၃ ဧပြီလအထိ ၁၂ လ အတွင်းမှာ မြန်မာနိုင်ငံက ဝယ်ယူသူတွေဟာ စတာလင်ပေါင် ၂ သန်းကျော် (အမေရိကန် ဒေါ်လာ ၃ သန်း) တန်ဖိုးရှိတဲ့ တိုးတိုးတိတ်တိတ် ဝယ်ယူမှုတွေရဲ့ ၁ ရာခိုင်နှုန်း ရှိပါတယ်။ အဲဒါက ဟောင်ကောင်နဲ့ ဆွစ်ဇာလန် က ဝယ်ယူမှု အတိုင်းအတာနဲ့ တူတူပါပဲ” ဟု လန်ဒန်အခြေစိုက် နိုင်ငံတကာ အိမ်ခြံမြေ အကြံပေး ကုမ္ပဏီ Knight Frank ၏ နောက်ဆုံးထုတ် “ကြွယ်ဝမှု အစီရင်ခံစာ”ကို ကိုးကား၍ PrimeResi ကဖော်ပြခဲ့သည်။

မြန်မာနိုင်ငံသားများ လန်ဒန်မြို့တွင်လာရောက် ရင်းနှီးမြှုပ်နှံမှု အလားအလာက အလွန်ကြီးမားလာသည့်အတွက် အင်္ဂလန် နိုင်ငံမှ ပိုင်ဆိုင်မှုပစ္စည်း ဆိုင်ရာအကြံပေး ကုမ္ပဏီ LandonDom က ရန်ကုန်မြို့တွင် ယခုလအတွင်း၌ ရုံးခန်းတခု လာရောက် ဖွင့်လှစ်ခဲ့သည်။

“ကျနော်တို့ရဲ့ ကနဦး ဈေးကွက်သုတေသန ပြုချက်အရဆိုရင် တန်ဖိုး စတာလင်ပေါင် ၅ သိန်း ကနေ ၂ သန်းခွဲ ( အမေရိကန်ဒေါ်လာ ၇၆၁၀၀၀ ကနေ ၃၈၀၀၀၀၀) အတွင်းရှိတဲ့ အဆောက်ဦးအသစ် နဲ့ အဟောင်းတွေ အပေါ်မှာ ရင်းနှီး မြှုပ်နှံမှု အကျိုးအမြတ်ကို ၅၀-၅၀ ရာခိုင်နှုန်းလောက် ရှိမယ်လို့ အကြမ်းဖျင်းပြောလို့ရပါတယ်” ဟု LandonDom ၏ ဦးဆောင် ညွှန်ကြားရေးမှူး ဂျော့ရှစ်ရှ်ကော့ဗ်စကီးက PrimeResi ဂျာနယ်ကိုပြောပြသည်။

စင်္ကာပူ အခြေစိုက် ပိုင်ဆိုင်မှုပစ္စည်း ဆိုင်ရာဝက်ဆိုက် Property Guru မှ နိုင်ငံတကာ အယ်ဒီတာ အင်ဒရူးဘတ်က  မြန်မာပြည် စီးပွားရေးသတင်းများကို ဗီဒီယိုသတင်းများ ပေးပို့နေသော Myanmar Focus Daily သို့ “မြန်မာအချို့က လန်ဒန်မြို့အပြင်ဖက်က မိသားစုအိမ်တွေကို စိတ်ဝင်စားကြတယ်။ အင်္ဂလန်နိုင်ငံရဲ့ ပညာရေးက ချမ်းသာတဲ့ မြန်မာတွေကို အကြီးအကျယ်ဆွဲဆောင်နိုင်တယ်လေ။ သူတို့တွေ အများစုက ကိုလိုနီခေတ်ကထဲက ဗြိတိန်နဲ့ အဆက် အသွယ်ရှိခဲ့ပါတယ်”ဟု အာရှတိုက်သားတို့က လန်ဒန်မြို့ကို ၎င်းတို့၏ ငွေကြေးများအတွက် လုံခြုံစိတ်ချရသည့် နေရာတခုသဖွယ် သဘောထားတတ်ကြသည့် အမြင်နှင့် ပတ်သက်၍ ပြောသည်။

“မြန်မာတွေနဲ့ လန်ဒန်မြို့ဟာ ယဉ်ကျေးမှုဆက်သွယ်မှု၊ သမိုင်း ဆက်သွယ်မှုတွေ ရှိကြတယ်လို့ ကျနော်ထင်ပါတယ်။ ပြီးတော့ အာရှတိုက်သား အများအပြားဟာ ပညာရေးကို အကြောင်းပြုပြီး လန်ဒန်မှာ အိမ်တွေဝယ်ကြတယ်။ သူတို့ရဲ့ ကလေးတွေကို အင်္ဂလန်က ကျောင်းတွေ တက္ကသိုလ်တွေကို ပို့ချင်ကြတယ်” ဟု အင်ဒရူးဘတ်က ပြောဆိုကြောင်း Myanmar Focus Daily တွင် ဖော်ပြထားသည်။

လန်ဒန်အခြေစိုက် နိုင်ငံတကာ အိမ်ခြံမြေအကြံပေး ကုမ္ပဏီ Knight Frank က HNWI ဟုခေါ်သော “ကြွယ်ဝမှု အစီရင်ခံစာ” ကို ရေးသားပြုစုခဲ့သည်။ တဦးတည်း အသားတင်ကြွယ်ဝသူ သို့မဟုတ် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ သန်း ၃၀ အထက်ကျော်လွန်သူများ စာရင်းလည်း ဖြစ်သည်။

အဆိုပါ အစီရင်ခံစာတွင် ဖော်ပြချက်အရဆိုလျှင် ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ HNWI စာရင်းဝင် ၃၉ ဦးရှိသည်။ သို့သော် လည်း ဆယ်နှစ်အတွင်းမှာပင် ၃၀၀ ကျော်အထိ ရှိသွားနိုင်သည်ဟု လည်းခန့်မှန်းထား၏။

“စီးပွားရေး နယ်မြေသစ်တွေဖြစ်တဲ့ မြန်မာနဲ့ သီရိလင်္ကာလိုနိုင်ငံမျိုးတွေက HNWI တွေက ပိုပြီးအလေးထားစရာ ဖြစ်လာ မယ်လို့ မျှော်လင့်ရပါတယ်။ သူတို့က သူတို့ရဲ့ထပ်မံ ကြွယ်ဝပိုင်ဆိုင်လာမှုတွေကို မိခင်နိုင်ငံမှာ နိုင်ငံရေးတင်းမာမှုတွေ အသစ်တဖန်ပြန်ဖြစ်လာမှာကနေ ရှောင်လွှဲရွှေ့ပြောင်းနိုင်ဖို့ လုံခြုံစိတ်ချရတဲ့နေရာကို ရှာကြတယ်” ဟု Knight Frank ၏ အာရှဆိုင်ရာ စီးပွားရေး စုံစမ်းထောက်လှမ်းမှု အဖွဲ့မှ စူဒါဗာဒါကသ်က အစီရင်ခံစာတွင် ရေးသားဖော်ပြသည်။

လန်ဒန်မြို့ရှိ Benham and Reeves အိမ်ငှားလုပ်ငန်းကလည်း “မြန်မာဖောက်သည် အသစ်တွေ ကိုအကြံပေးဖို့ ကျနော်တို့ စုံစမ်းမေးမြန်း ပေးရတာတွေ အရမ်းများလာပါတယ်။ သူတို့အတွက် ပုံမှန်လိုအပ်ချက်တွေက ဘယ်လို အကျိုးအမြတ် ပြန်ရနိုင်မှာလဲ ဆိုတာနဲ့ သူတို့က အရင်းအနှီးကို ထိန်းသိမ်းထားနိုင်ဖို့ အလွန်အရေးထားကြတယ်” ဟု PrimeResi ဂျာ နယ်သို့ ပြောပြသည်။

“တကယ်တော့ ကျနော်တို့က အရောင်းအဝယ်ကိစ္စတွေ မကိုင်ပေမယ့် ဈေးကွက်ဖြစ်နေတယ်လို့ ကျနော်တို့ ထင်မိတဲ့ နေရာတွေနဲ့ ပတ်သက်ပြီး မေးလေ့မေးထ မရှိတဲ့ ထိပ်တန်းအချက်အလက်တွေ လာမေးတာ ခံနေရပါတယ်၊ ကျနော်တို့ စုံစမ်းပေးရတာက ရင်းနှီးမြှုပ်နှံဖို့ပဲဖြစ်နေပြီးတော့ အိမ်ရှင်နေဖို့ အတွက် မဟုတ်ပါဘူး” ဟုလည်း ၎င်း တို့ကဆိုသည်။

လန်ဒန်မြို့မှ အထင်ကရ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းဖြစ်သည့် Savills ကလည်း မြန်မာနိုင်ငံတွင် ရုံးခန်း လာရောက်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ထုတ်ပြန်ကြေညာခဲ့သည်ဟု အင်ဒရူးဘတ်က ဆိုသည်။

“ဒီလို ရုံးခန်းတွေ ရန်ကုန် မှာ လာဖွင့်နေကြတာက ပိုမိုပြီး တိုးတက်ဖွံ့ဖြိုးလာမယ့် အလားအလာတွေ ရှိနေတယ် ဆိုတာ ပြသနေတာပါပဲ၊ ပင်လယ် ရပ်ခြားက ဖွံ့ဖြိုးရေးဆောင်ရွက်သူတွေ နဲ့ ကိုယ်စားလှယ် အကျိုးဆောင်တွေက မြန်မာနိုင်ငံကို အလားအလာ ကောင်းမယ့် ဝင်ငွေအရင်းအမြစ်တခုလို သဘောထားလာကြတာကို ကျနော်တို့ မြင်တွေ့ရပါတော့မယ်” ဟု ပြောဆိုကြောင်း Myanmar Focus Daily တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံမှ အိမ်ခြံမြေဈေးကွက်တွင် လာရောက်ရင်းနှီးမြှုပ်နှံကြမည့် နိုင်ငံခြားသားများကို အကြံပေးနိုင်ရန် အတွက် အမေရိကန်နိုင်ငံမှ ပိုင်ဆိုင်မှုပစ္စည်း ဆိုင်ရာ ကုမ္ပဏီကြီး တခုဖြစ်သော Colliers International က ရန်ကုန်မြို့ တွင် ရုံးခန်းဖွင့်လှစ်ထားသည်။

“ဒီဒေသရဲ့ နောက်ဆုံးဈေးကွက်နေရာလို့ သတ်မှတ်ခံထားရတဲ့ မြန်မာနိုင်ငံမှာ ကျနော်တို့ရဲ့ ဖောက်သည် အမြောက်အများက အခွင့်အလမ်းတွေ လာရောက်ရှာဖွေနေကြတဲ့ အတွက် ဒီနိုင်ငံရဲ့ ကြီးမားတဲ့ အလားအလာကို မြင်နေရပါတယ်။ ကျနော်တို့ အတွက်အရေးကြီးတာက လုပ်ဆောင်ချက်တွေ မှန်မှန်ကန်ကန်ဖြစ်အောင်လို့ သူတို့ရဲ့ လုပ်ငန်းတွေကို တိုးချဲ့တဲ့နေရာမှာ ဒါမှမဟုတ် မြန်မာနိုင်ငံက အိမ်ခြံမြေ ကိစ္စတွေမှာ ကျနော်တို့ရဲ့ ဖောက်သည်တွေကို ကူညီပေးဖို့ပါပဲ” ဟု Colliers International ၏ အမှုဆောင်ချုပ် ပီယာဘရွန်နာက ပြောသည်။

သို့သော် ရန်ကုန်မြိုနှင့် အခြားမြို့ကြီးများမှ မြေနှင့် ပိုင်ဆိုင်မှုဈေးနှုန်းများကမူ အဆမတန်မြင့်တက်နေသည်။

ရန်ကုန်ရှိ ရုံးခန်းဖွင့်လှစ်ရန် အကောင်းဆုံးနေရာများ၏ ဈေးနှုန်းသည် ယမန်နှစ်ကထက်စာလျှင် ၁၅၀ ရာခိုင်နှုန်းမြင့်တက် သွားသည်ဟု မကြာသေးမီက ထုတ်ဝေခဲ့သော Wall Street ဂျာနယ်တွင် ဖော်ပြခဲ့သည်။ စတုရန်း တပေလျှင် ၁၀၆ ဒေါ်လာ ကျသင့်သည့်ဈေးနှုန်းသည် နယူးယောက်မြို့လယ် မန်ဟတ်တန်အရပ်မှ ဈေးနှုန်း၏ နှစ်ဆ ဖြစ်သည်ဟုလည်း သိ ရသည်။

“မြန်မာနိုင်ငံမှာ စီးပွားရေး နဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေပြုလုပ်လာတဲ့ အတွက် ဒီမှာလုပ်ငန်းတည်ထောင်ဖို့ ရောက် လာကြတဲ့ နိုင်ငံခြားကုမ္ပဏီတွေကြောင့် ရန်ကုန်မှာ အိမ်ခြံမြေစီးပွားရေးက အရမ်းဖောင်းပွလာပါတယ်။ ရုံးခန်းဖွင့် ဖို့ အတွက် ထိပ်တန်းအဆင့် မှာရှိတဲ့ နေရာတွေရဲ့ ဈေးနှုန်းက အရမ်းကိုမြောက်နေပြီးတော့ ဘေဂျင်း၊ ရှန်ဟိုင်းနဲ့ တိုကျို ကလွဲရင် အာရှတိုက်အတွင်းက တခြားနေရာအားလုံးထက် များပါတယ်။ တိုးလာတဲ့ ဝယ်လိုအားကို မီနိုင်ဖို့ အတွက် မိုးမျှော် အထပ်မြင့် အဆောက်အဦးတွေကလည်း ဆောက်တုန်းပဲ ရှိပါသေးတယ်” ဟု ရင်းနှီးမြှုပ်နှံမှု အဖွဲ့တခုဖြစ်သည့် Leopard Capital ကဆိုသည်။

သို့သော်လည်း မြန်မာနိုင်ငံမှ ငွေကြေးချမ်းသာသူအချို့ အတွက်မူ မကြာသေးမီက ဗြိတိန် နှင့် ဥရောပနိုင်ငံများမှ စီးပွားရေးပိတ်ဆို့မှု များ ရုပ်သိမ်းပေးလိုက်ပြီးသည့်နောက်တွင် လန်ဒန်မြို့သည် ရန်ကုန်မြို့ထက်ပို၍ လောင်းကြေးထပ်ရန် ကောင်းသော နေရာတခု ဖြစ်သွားသည် ဆိုခြင်းကတော့ သေချာနေပေသည်။

( William Boot ၏ Wealthy Burmese Shun Rangoon’s Property Boom to Invest in London ကို နိုင်မင်းသွင် ဘာသာပြန်သည်)

Loading