အစိုးရက ကားဟောင်းများ အပ်နှံခွင့်ပြုပြီး ကားသစ်များ တင်သွင်းခွင့်ပြုနေရာ လတ်တလော အပ်နှံမည့် ကားဟောင်း အရေအတွက် ရှားပါးလာခြင်းနှင့် အပ်ကားများ ထပ်မံ လက်ခံမဟုတ် ဆိုသော သတင်းများ ထွက်ပေါ် နေသည့်အတွက် ဈေးကွက်တွင် အပ်ကားဟောင်း တစီးကို ကျပ်သိန်း ၁၀၀ ကျော်အထိ ဈေးထိုးတက်လျှက်ရှိကြောင်း သတင်းရရှိသည်။
အစိုးရက ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်ပြီး ယာဉ်အို/ ယာဉ်ဟောင်းများ ဖျက်သိမ်း၍ အစားထိုး တင်သွင်းခြင်း စီမံချက်ကို စတင် အကောင်အထည် ဖော်ခဲ့ပြီး မှတ်ပုံတင် သက်တမ်း နှစ် ၄၀ ကျော်၊ နှစ် ၃၀ ကျော်၊ နှစ် ၂၀ ကျော် ကားဟောင်းများကို အပ်နှံခွင့်ပြု၍ ကားသစ်များဖြင့် လဲလှယ်စေခဲ့ရာ ဇွန်လ ၂၅ ရက်နေ့ မှ စတင်ပြီး ‘သ’ အက္ခရာ ကားဟောင်းများ စတင်လက်ခံ လျက်ရှိကြောင်း၊ လက်ရှိအချိန်အထိ ယာဉ်အို/ ယာဉ်ဟောင်း ရှစ်သောင်းကျော် အပ်နံှခွင့် ပြုပြီးဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် အပ်နှံမည့် ကားဟောင်း အရေအတွက် ရှားပါးလာခြင်းကြောင့် အပ်ကားဈေးနှုန်း တဖြည်းဖြည်း မြင့်တက်လာကြောင်း သိရသည်။
“ဈေးကွက်ထဲမှာ အပ်ကား ရှာရတာ ရှားလာတယ်။ အဲဒီတော့ ဈေးက တဖြည်းဖြည်း တက်လာတယ်။ အပ်ကား တစီးကို ၁၀၁ သိန်း၊ ၁၀၂ သိန်း လောက်အထိ ဈေးတက်လာတယ်။ ‘သ’ အက္ခရာ ကားဟောင်းတွေပြီးရင် ‘အ’ အက္ခရာ ကားဟောင်းတွေ အပ်ရမယ်လို့ အစိုးရဘက်က သတင်း ထုတ်ပြန်ထားပေမယ့် ‘အ’ အက္ခရာ ပြီးရင်တော့ ထပ်လက်ခံမှာလား၊ လက်မခံ ဘူးလားဆိုတာ ရေရေရာရာ မသိဘူး။ အဲဒါကြောင့် လတ်တလော အပ်ကား ဈေးတွေက ထိုးတက်နေတာ” ဟု မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ဝါရင့် ကားဝယ်ရောင်း ဦးတင့်အောင်က ပြောသည်။
ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ဇွန်လ ၂၅ ရက်နေ့မှ သြဂုတ်လဆန်းပိုင်း အထိ ‘သ’ အက္ခရာ အပ်ကားစီးရေ ၂၇၀၀ ကျော် လက်ခံဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်းနှင့် ‘အ’ အက္ခရာ ကားဟောင်းများ အပ်နှံခွင့်ပြုပြီး နောက်ပိုင်း ယာဉ်အို/ယာဉ်ဟောင်း အပ်နှံခွင့် ရပ်ဆိုင်းမည်ဆိုသော သတင်းများအပေါ် မှတ်ချက် တစုံတရာ မပေးလိုကြောင်း၊ အစိုးရ၏ မူဝါဒမှာ သက်သာသော ကားဈေးနှုန်းဖြင့် နိုင်ငံသားတိုင်း စီးနိုင်ရေး ရည်ရွယ်ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ပြောသည်။
မော်တော်ယာဉ် ရောင်းဝယ်ရေး ဈေးကွက်တွင် ကားဟောင်းများကို ဈေးပေးကာ လိုက်လံ ဝယ်ယူမှုတချို့ ရှိပြီး ဈေးကွက် တခုလုံး၏ ကားအရောင်း အဝယ်မှာ ပါးနေကြောင်း၊ ကားဈေးနှုန်းများမှာ ဒေါ်လာ ဈေးနှုန်းမြင့်တက်မှုကြောင့် အမြင့်ပိုင်းတွင် ရှိနေကြောင်း စုံစမ်း သိရှိရသည်။
“အ အက္ခရာ ကားဟောင်းတွေ လက်ခံပြီးရင် ၁ က၊ ၂ က အက္ခရာ ကားဟောင်းတွေ လက်ခံမယ်လို့ မှန်းဆပြီး တချို့ ဝယ်ရောင်းတွေက ကကြီးတန်း ကားဟောင်း ဝယ်နေတာလည်း ရှိတယ်။ အဲဒီ ကားဟောင်း ဈေးနှုန်းကတော့ သိန်း ၈၀ နဲ့ ၉၀ ကြား အရောင်းအဝယ် ဖြစ်ကြတယ်။ ကားသစ်တွေ ကတော့ အမျိုးအစားလိုက်ပြီး ကားသစ်တစီး အနည်းဆုံး သိန်း ၁၁၀ ဝန်းကျင် ဈေးရှိတယ်” ဟု ဝါရင့်ကားဝယ်ရောင်း တဦးက ဆိုသည်။
အသက် ၁၈ ပြည့်ပြီးသူတိုင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တင်သွင်းခွင့်ပြုလျှက် ရှိသော ၂၀၀၈ မိုဒယ်လ်နှင့် အထက် တဦးချင်း ကားတင်သွင်းခွင့် ပြုချက်ကို ယာယီ ရပ်ဆိုင်းမည်ဆိုသော သတင်းများ ထွက်ပေါ်နေ သော်လည်း လတ်တလော အချိန်အထိ ကားတင်သွင်းခွင့်ပြုချက် ရပ်ဆိုင်းရမည်ဆိုသော ညွှန်ကြားချက် တစုံတရာ မရှိသေးကြောင်း တာဝန်ရှိသူများက ဧရာဝတီသို့ ပြောဆိုသည်။
“ကားသစ် တင်သွင်းခွင့် ယာယီပိတ်ဖို့ အစီအစဉ်ရှိလား ဆိုရင်တော့ ကျနော်တို့ ဒါကို တရားဝင် ပြောခွင့်မရှိသေးဘူးဗျ။ အခုလောလောဆယ် အပြင်မှာ ထွက်နေတဲ့သတင်းတွေကိုတော့ ကောလာဟလတွေ လို့ပဲ ဖြေလို့ရမယ်။ အပြင်မှာ ထွက်နေတဲ့ သတင်းတိုင်းက ယုံရတာမှ မဟုတ်တာ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ရုံးခန်းမှ တာဝန်ကျအရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
ကားဟောင်း အပ်နှံထားသူများသည် ၁၉၉၇ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း ထုတ်လုပ်ထားသော တပတ်ရစ် ကားသစ်များ တင်သွင်းခွင့်ရှိပြီး ၂၀၀၈ ခုနှစ်မှ အထက် ကားသစ်များကိုမူ အသက် ၁၈ နှစ်ပြည့်ပြီးသူ မည်သူမဆို နိုင်ငံခြားငွေ
ဘဏ်စာရင်း ဖွင့်လှစ်၍ လွတ်လပ်စွာ တင်သွင်းခွင့် ပြုထားသည်။
အစိုးရ ထုတ်ပြန်သော စာရင်းဇယားများ အရ ဇူလိုင်လ ၂၆ ရက်နေ့အထိ ၂၀၀၈ မော်ဒယ်နှင့်အထက် ကားသစ်စီးရေ ၅၃၇၃၀ စီး တင်သွင်းခွင့် ပြုထားပြီး မော်တော်ယာဉ် အရောင်းပြခန်းအတွက် ကားသစ်စီးရေ ၂၇၁၅၇ စီး တင်သွင်းခွင့် ပြုထားကြောင်း သိရှိရသည်။