ပုဂ္ဂလိကဘဏ် အချင်းချင်း ဒေါ်လာ ရောင်းဝယ်ခွင့်ပြု
This article has been converted from Zawgyi One to Unicode
မြန်မာ နိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြား ငွေကြေး ဈေးကွက် ထိန်းချုပ်မှု အချို့ ဖြေလျော့သည့် အနေဖြင့် ပုဂ္ဂလိက ဘဏ် အချင်းချင်း အကြား ဈေးကွက်နှုန်းရှင်ပေါက်ဈေးဖြင့် အမေရိကန် ဒေါ်လာ ရောင်းဝယ်မှုကို တရားဝင် ခွင့်ပြုလိုက် ကြောင်း သတင်းရရှိသည်။
ယခင်က ပုဂ္ဂလိကဘဏ် အချင်းချင်း အကြား အမေရိကန် ဒေါ်လာ အရောင်းအဝယ် ပြုလုပ်ခွင့်မပြုဘဲ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ရောင်းဝယ်မှု လေလံစနစ်ဖြင့် ထိန်းချုပ်ထားခဲ့ကြောင်း၊ ယခု သြဂုတ်လ ၅ ရက်နေ့မှစတင်၍ ဗဟိုဘဏ်က နိုင်ငံခြားငွေလဲလှယ်ခွင့် လိုင်စင်ရ ရှိထားပြီးဖြစ်သော ပုဂ္ဂလိက ဘဏ်အချင်းချင်း ဒေါ်လာရောင်းဝယ်ခွင့်ပြု လိုက်ခြင်းဖြစ်ပြီး ယင်းသို့ခွင့်ပြုခြင်းသည် ဈေးကွက်ဝယ်လိုအားပေါ် မူတည်ဖြစ်ပေါ်သော စစ်မှန်သော နိုင်ငံခြားငွေ လဲလှယ် နှုန်းထား တရပ်ဖြစ်ထွန်းရေး အစခြေလှမ်းဖြစ်သည်ဟု သိရှိရသည်။
ပုဂ္ဂလိကဘဏ်အချင်းချင်းအကြား ဒေါ်လာ ဝယ်ရောင်းခွင့်ပြုခြင်း သည် ဘဏ်များအကြား တန်းတူညီမျှစွာ ယှဉ်ပြိုင်နိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ ဈေးကွက်၏ လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေမှုရှိခြင်း၊ ငွေဖြစ်လွယ်မှု မြင့်မားခြင်း၊ လေ့လာထိန်းကျောင်းမှုကို ပီပြင်စွာဆောင်ရွက်နိုင်ခြင်း၊ ထိရောက်စွာ ပါဝင်ထိန်းသိမ်းနိုင်ခြင်း စသည့် အရည်အချင်းများနှင့် ပြည့်စုံလာစေရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်က သတင်းထုတ်ပြန်သည်။
“ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ်တွေအကြားမှာ လုပ်တဲ့ ဒေါ်လာ ရောင်းဝယ်မှုကို ကြီးကြပ်မယ့် ဒိုင်အဖြစ် အသွင် ပြောင်းသွားမယ်။ ဘဏ်တွေအချင်းချင်းကြားမှာလည်း ဒေါ်လာရောင်းတာ၊ ဝယ်တာကို ပွင့်လင်းသာမြင်သာမှုရှိရှိ လုပ်ရမယ် ။ ပွင့်လင်း မြင်သာမှု ဆိုတာက ဈေးနှုန်းကအစ အရောင်းအဝယ်လုပ်တဲ့ ပမာဏကို ဗဟိုဘဏ်ကို အသိပေးရမယ်။ ဘဏ်တွေက သူတို့ ရောင်းနိုင် ဝယ်နိုင်တဲ့ဈေးကို ကိုယ်တိုင်သတ်မှတ်နိုင်ပေမယ့် ရောင်းဝယ်တာမှာ ဈေးကွက်ပေါက်ဈေး ကွာဟလွန်း ပြီး ရောင်းဝယ်မလုပ်ရဘူး။ တကယ်လို့ ရောင်းဝယ်လုပ်ဆောင်ရင်သတ်မှတ်ပြဋ္ဌာန်းထားတဲ့ နိုင်ငံခြားငွေ ဥပဒေနဲ့ အရေးယူလို့ရတယ်” ဟု ဗဟိုဘဏ်မှ အရာရှိတဦးက အတည်ပြုပြောသည်။
နိုင်ငံခြား ငွေလဲနှုန်းအား နှုန်းရှင်အဖြစ်အချိန်နှင့်တပြေးညီ ရောင်းဝယ်နိုင်ရေးအတွက် ရန်ကုန်နိုင်ငံခြားငွေကြေးဈေးကွက်
ကော်မတီ ကိုဖွဲ့စည်းထားပြီး အဆိုပါကော်မတီတွင် ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံပိုင်ဘဏ်များ ပါဝင်ကြောင်း၊ ငွေလဲလှယ်နှုန်းထားနှင့်ပတ်သက်ပြီး စုံစမ်းမေးမြန်းနိုင်မည့် ဌာန(Call Center) တခုကိုလည်း ဗဟိုဘဏ်က ဖွင့်လှစ်ရန် ရှိကြောင်း သိရှိရသည်။
CBဘဏ်မှ မန်းနေဂျင်းဒါရိုက်တာ ဦးဖေမြင့်က“အရင်ကတည်းက ဘဏ်ချင်းချင်း ဒေါ်လာ ဝယ်ရောင်းနေတာရှိပြီးသားပါ။ ခုကတရားဝင်လုပ်ပေးတာပေါ့။ အရင်ကနှစ်ဦးနှစ်ဖက်ကျေနပ်တဲ့ဈေးနဲ့ လုပ်ခဲ့တာပေါ့။ ခုကတော့ သေချာ စည်းမျဉ်းတခု အနေနဲ့လို ဖြစ်လာတာပေါ့။ မူလလုပ်တာကို ဘောင်ခတ်တာပေါ့” ပြောသည်။
ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်အချင်းချင်း အမေရိကန်ဒေါ်လာ ရောင်းဝယ်ခွင့်ပြုမှုအပေါ် စီးပွားရေးပညာရှင် ဒေါက်တာ မောင်မောင်စိုးက ကြိုဆိုလိုက်ပြီး ဈေးကွက်ကို အခြေခံသော နိုင်ငံခြားငွေလဲလှယ်နှုန်း ဖြစ်ပေါ်ရေးအတွက် အထောက်အကူပြုမည်ဟု သုံးသပ်ပြောဆိုသည်။
“ဒီဖြေလျော့မှုက အရမ်း ကောင်းပါတယ်။ ဒီလိုဈေးကွက်ပေါက်ဈေးအတိုင်း လုပ်လာဖို့အရင်ကထဲကဖြစ်သင့်တာ။ ဒါပေမယ့် ဗဟိုဘဏ်ကဝင်ရောက်စွက် ဖက်မှုတွေလုပ်ခဲ့တယ်။ ခုချိန်မှာ သူ့အနေ နဲ့ငွေကြေးအတုအစစ်ခွဲနိုင်ဖို့
ထိန်းကျောင်းမှု တွေလုပ်ပေးသင့်တယ်” ဟု ဒေါက်တာမောင်မောင်စိုးက ဆိုသည်။
သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် အမေရိကန်တဒေါ်လာ ၆ ကျပ် ငွေလဲလှယ်နှုန်းထားစနစ်ကို ဖျက်သိမ်းခြင်း၊ နိုင်ငံခြားငွေ လဲလှယ်ခွင့် လိုင်စင်များ ခွင့်ပြုပေးခြင်း၊ FEC ငွေကြေး ဖျက်သိမ်းခြင်းအပါအဝင် ငွေကြေးမူဝါဒဆိုင်ရာ အပြောင်းအလဲများကို ဆက်တိုက်ပြုလုပ်ခဲ့ပြီး ဗဟိုဘဏ် ဥပဒေပြဋ္ဌာန်းကာ ဗဟိုဘဏ်ကို သီးခြားလွတ်လပ်သော အဖွဲ့အစည်း အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။