စီးပွားရေး

ဟံသာဝတီလေဆိပ်သစ် တောင်ကိုရီးယား ဆောက်မည်

This article has been converted from Zawgyi One to Unicode

တောင်ကိုရီးယား Incheon အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ် ကော်ပိုရေးရှင်းက ဦးဆောင်သောအဖွဲ့သည် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၁ ဘီလီယံ တန်ကြေးရှိ အချက်အချာကျသည့် လေဆိပ်တခု တည်ဆောက်ရန် ရွေးချယ်ခံခဲ့ရသည်ဟု သတင်းများအရ သိရသည်။

တောင်ကိုရီးယား ပို့ဆောင်ရေးဝန်ကြီးဌာနမှ ကြေညာချက်အရ မြန်မာနိုင်ငံ ပဲခူးမြို့အနီး တည်ဆောက်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်သည် တနှစ်လျှင် ခရီးသည် ၁၂သန်း ကို ဝန်ဆောင်မှုပေးနိုင်မည်ဟု ဖော်ပြထားသည်။

အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ် ကော်ပိုရေးရှင်းသည် ယခုအချိန်တွင် မြန်မာနိုင်ငံမြို့ပြလေကြောင်းဦးစီးဌာနနှင့် အသေးစိတ် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေပြီဖြစ်ပြီး ယခုနှစ်အတွင်းတွင် သဘောတူလက်မှတ်ရေးထိုးနိုင်ရန် မျှော်မှန်းထားသည်။ လေဆိပ်ကို ၂၀၁၈ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားပြီး လုပ်ကိုင်ခွင့် နှစ်ပေါင်း ၅၀ ရရှိမည် ဖြစ်သည်။

လွန်ခဲ့သော ၂နှစ်ကျော်ခန့်မှ သမ္မတဦးသိန်းစိန် စတင်တာဝန်ယူခဲ့ပြီးနောက် နိုင်ငံရေးလွတ်လပ်ခွင့်များ တိုးမြှင့်ပေးကာ စီးပွားရေး ထိန်းချုပ်မှုများကို ဖြေလျှော့ပေးခဲ့သည့် အတွက် အမေရိကန် အပါအဝင် အခြားနိုင်ငံများက စီးပွားရေး ပိတ်ဆို့ ကန့်သတ်မှုများကို ဖြေလျော့ပေးခဲ့သည်။ ထိုသို့ တံခါးပွင့်သွားခြင်းနှင့် အတူ မြန်မာအစိုးရသည် ကမ္ဘာတလွှားမှ နိုင်ငံရပ်ခြားကုမ္ပဏီများကို မြန်မာနိုင်ငံတွင် အကြီးအကျယ် လိုအပ်နေသော အခြေခံအဆောက်အဦများ ဆောက်လုပ်ရေးအတွက် တင်ဒါများ ဖိတ်ခေါ်ခဲ့သည်။

ယခု တောင်ကိုရီးယားကုမ္ပဏီ၏ တင်ဒါ အောင်မြင်မှုသည် ဆယ်စုနှစ်များစွာ တံခါးပိတ် နေခဲ့ပြီးမှ ကမ္ဘာနှင့် ပြန်လည်ဆက်ဆံမှုများ ဆက်တိုက်ပြုလုပ်နေသည့် အထဲမှ နောက်ဆုံးဟု ဆိုနိုင်သည်။

အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်ကော်ပိုရေးရှင်းတွင် တောင်ကိုရီးယား စက်မှုလုပ်ငန်းကြီးများဖြစ်သော Halla Engineering & Construction Corp၊ Kumho Industrial Company၊ Lotte Engineering & Construction Company နှင့် POSCO ICT Company တို့ပူပေါင်းပါဝင်ကြပြီး လုပ်ကိုင်ခွင့် ရရှိနိုင်ရန် အတွက် စင်္ကာပူနိုင်ငံမှ Yongnam Holding Ltd.,၊ ဂျပန်နိုင်ငံမှ Taisei Corporation နှင့် ပြင်သစ် နိုင်ငံမှ Vinci SA Company တို့နှင့် အဓိက ယှဉ်ပြိုင်ခဲ့ရသည်ဟု တောင်ကိုရီးယားနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

တောင်ကိုရီးယား နိုင်ငံသည် မြန်မာ ကုမ္ပဏီများကို ဈေးကွက်ဝင်ရောက်နိုင်ရန် ကူညီသည့်အနေဖြင့် စက်မှုနယ်မြေတခု တည်ထောင်ပေးသွားရန် စီစဉ်နေပြီး စာသင်ကျောင်းများနှင့် စိုက်ပျိုးရေးလုပ်ငန်း ထွက်ကုန်များအတွက် စက်ရုံများ တည်ဆောက်ရာတွင်လည်း ကူညီထောက်ပံ့မှုများ ပေးသွားမည်ဟု တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင်ဖော်ပြထားသည်။

ထိုနည်းတူ Mitsubishi Corporation နှင့် Japan Airline Company တို့ပါဝင်သည့် လုပ်ငန်းအုပ်စုတခုသည်လည်း မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စီမံခန့်ခွဲခွင့် ရရှိရေးအတွက်

ညှိနှိုင်းမှုများ ပြုလုပ်ရာတွင် အောင်မြင်မှုရရှိခဲ့သည်ဟု ကျိုဒိုသတင်းတပုဒ်က ဖော်ပြခဲ့သည်။

ယခင်အပတ်က ထုတ်ဝေခဲ့သည့် နစ်ကိုင်းသတင်းတွင်လည်း ဂျပန်နိုင်ငံမှ Oji Holding Corporation သည် မြန်မာနိုင်ငံတွင် ကဒ်ထူပြားထုတ်လုပ်သည့် စက်ရုံတရုံ နောက်နှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ပြီး မြန်မာအစိုးရ၏ တံတား တည်ဆောက်ရေး လုပ်ငန်းများ နှင့် အခြေခံအဆောက်အဦ လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ သံမဏိလုပ်ငန်းကြီး ဖြစ်သည့် JFE Holdings Inc ကလည်း လုပ်ငန်းတခု စတင်တည်ထောင်ရန် ရှိသည်ဟု ဖော်ပြခဲ့ပါသည်။

Loading