စီးပွားရေး

မူဆယ် စီးပွားရေးဇုန်မြေနေရာ ပြည်မ တရုတ်များ သိန်းထောင်ချီ ပေးဝယ်နေ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် တည်ဆောက်နေသည့် ဗဟိုစီးပွားရေးဇုန် စီမံကိန်း မြေကွက်များကို တရုတ် လူမျိုးများ အဝယ်များနေပြီး တဧကကို ကျပ်သိန်းထောင်ချီ အထိ မြင့်တက်နေကြောင်း သိရသည်။

ယင်း ဗဟို စီးပွားရေးဇုန် စီမံကိန်း မြေကွက်များကို ပြည်မမှ တရုတ်လူမျိုးများက ကုမ္ပဏီနှင့် ပူးပေါင်းကာ ဝယ်ယူ နေကြကြောင်း၊ မူဆယ် အိမ်ယာစီမံကိန်း အဖြစ် ငွေဆင် အိမ်ယာမှစပြီး လေယာဉ်ကွင်း အထိ မြစ်ကမ်းနား တလျှောက်ကို ဆောင်ရွက်နေခြင်း ဖြစ်ပြီး စီမံကိန်း အကျယ်အဝန်းမှာ ဧက ၄၀၀ ခန့် လျာထားကြောင်း မူဆယ်မြို့ ဒေသခံ ဦးစိုင်းအေးက ဧရာဝတီသို့ ပြောသည်။

“အခု လုပ်နေတဲ့ စီမံကိန်းက တော်တော်ကြီးတော့ ပြည်မတရုတ်တွေ မျက်စိကျနေတာပေါ့။ တရုတ်ပြည်က လူတွေ နေ့တိုင်း လာပြီး ဝယ်ဖို့လုပ်တယ်။ ၁ ဧကကို ကျပ်သိန်း နှစ်ထောင်လောက်နဲ့ လာဝယ်ကြတယ်” ဟု ဦးစိုင်းအေးက ဆိုသည်။

နယူးစတားလိုက် ကုမ္ပဏီက မူဆယ်တောင်သူများ ပိုင်ဆိုင်သည့် လယ်ဧက ၂၀၀ ကျော်ကို သိမ်းယူခဲ့ပြီး တဧကကို ကျပ်သိန်း ၂၄၀ သာ ပေးခဲ့ကြောင်း၊ ထို့နောက် စီမံကိန်းကို စတင် ဆောင်ရွက်နေခဲ့ပြီး ယခုကျန်ရှိ နေသည့် လယ်ဧက ၂၀၀ ကျော် ကိုလည်း နောက်ထပ် သိမ်းယူရန် ပြင်ဆင်နေသည့် အတွက် ဒေသခံများနှင့် ကုမ္ပဏီများ အငြင်းပွားမှု ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။

“နယူးစတားလိုက် ကုမ္ပဏီက လယ်တဧကကို ကျပ်သိန်း ၂၄၀ နဲ့ ပေးပြီး စီမံကိန်းတွေ လုပ်တယ်။ အသိမ်းမခံရတဲ့ လယ်ပိုင်ရှင်တွေ ဆီကနေ အခုဆိုရင် တရုတ်တွေက တဧကကို ကျပ် သိန်းထောင်ချီ ပေးဝယ်တော့ လယ်သိမ်း ခံရတဲ့ သူတွေ တော်တော်လေး စိတ်မကောင်း ဖြစ်နေကြတယ်။ ကုမ္ပဏီကလည်း အစိုးရနဲ့ ပူးပေါင်းပြီး လုပ်တော့ လက်မခံလို့ကလည်း မရဘူးလေ” ဟု နယူးစတားလိုက် ကုမ္ပဏီမှ လယ်သိမ်းခံခဲ့ရသည့် လယ်ပိုင်ရှင် ဦးစိုင်းကျော်က ဧရာဝတီသို့ ပြောသည်။

အဆိုပါ ဗဟိုစီးပွားရေးဇုန် စီမံကိန်းတွင် ဟိုတယ်ဇုန်များ၊ ကျောက်စိမ်း ရောင်းဝယ်ရေး ဇုန်များ၊ စူပါမားကတ်များ၊ အပန်းဖြေစရာ နေရာများနှင့် စီးပွားရေး လုပ်ငန်းများစွာ လုပ်ကိုင်နိုင်ရန်အတွက် ဆောက်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျနော်ကတော့ ကုမ္ပဏီက သိမ်းတဲ့အထဲ မပါဘူး။ လာပြီး အတင်းအဓမ္မ ထပ်သိမ်းမှာလည်း ကြောက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တရုတ်တွေ ဈေးကောင်းပေး ဝယ်နေတယ်ဆိုတာ သိရင် သူတို့က လုပ်တတ်တယ်လေ။ ကျနော်တို့ ဘိုးဘွား လက်ထက် ကတည်းက လယ်ယာ စိုက်စားလာတာ။ အခုတော့ လယ်မစိုက်ရလည်း ထိုက်တန်တဲ့ ဈေးတော့ ရချင်တာပေါ့” ဟု လယ်ယာပိုင်ရှင် ဦးစိုင်းအိုက်မောင်က ဧရာဝတီသို့ ပြောသည်။

စီမံကိန်း တခု တည်ဆောက်သည်ဆိုလျှင် သက်ဆိုင်ရာ ပုဂ္ဂိုလ်များသည် ဒေသခံများအတွက် မည်သည်အခါမှျှ စဉ်းစား ပေးလေ့ မရှိကြောင်း၊ စီမံကိန်းပြီး၍ အလုပ်အကိုင် အခွင့်အလမ်း မရှိပါက လယ်သမား မိသားစုများ အလုပ်လက်မဲ့ ဖြစ်သွားနိုင်ကာ စီမံကိန်းဇုန် နေရာသည် တရုတ်လူမျိုးများအတွက် ဖြစ်သွားနိုင်ကြောင်း ၎င်းက ဆိုသည်။

ဗဟို စီးပွားရေးဇုန် စီမံကိန်း တည်ဆောက်ခွင့်ကို နယူးစတားလိုက် ကုမ္ပဏီမှ ရရှိခဲ့ပြီး ထိုစီမံကိန်း လုပ်ငန်းများမှ လမ်း တည်ဆောက်ရေး အပိုင်းကို ဂရိတ်ဟော်ခမ်း ကုမ္ပဏီထံ ၂၀၁၂ ခုနှစ် ကုန်ပိုင်းက လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading