ကမ္ဘာတလွှား ငွေလွှဲကုမ္ပဏီတခုဖြစ်သည့် MoneyGram မှတဆင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရောက်နေကြသူ မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ ငွေလွှဲနိုင်ကြပြီဖြစ်သည်။ မြန်မာပြည်တွင် အာရှစိမ်းလန်းဖွံ့ဖြိုးရေး (AGD) ဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်နှင့် မြန်မာနိုင်ငံသားများဘဏ်တို့တွင် ငွေလက်ခံ ထုတ်ယူနိုင်သည်။
“ကျနော်တို့ရဲ့ ငွေလွှဲ ဝန်ဆောင်မှုဟာ တိုင်းနဲ့ပြည်နယ် ၁၄ ခုအနက် ၁၀ ခု ကို ရောက်မှာပါ။ သုံးစွဲသူတွေ အိမ်ကို ငွေပြန်ပို့နိုင်ဖို့ အခွင့်အရေး ပေးထားပါတယ်”ဟု တောင်အာရှနဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ ဒု-ဥက္ကဌ Grant Lines က ပြောကြောင်း MoneyGram ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
နိုင်ငံတကာ ငွေလွှဲ ကုမ္ပဏီများနှင့် ဆက်သွယ်ငွေကြေးလဲလှယ်ခွင့်ကို ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ ဗဟိုဘဏ်မှ စတင်လက်ခံခွင့်ပြုခဲ့ရာ နာမည်ကျော် Western Union ကုမ္ပဏီသည် မြန်မာပြည်ရှိ ကမ္ဘောဇဘဏ်၊ သမဝါယမဘဏ်(CBဘဏ်)၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ယူနိုက်တက်အမရာဘဏ်(UABဘဏ်)၊ မြန်မာ့အရှေ့ တိုင်းဘဏ် (MOBဘဏ်)တို့နှင့် ပူးပေါင်းဝန်ဆောင်မှု ပေးနေခဲ့သည်။
မြန်မာနိုင်ငံဗဟိုဘဏ် ငွေရေးကြေးရေးဈေးကွက်ဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်က ဘဏ်မဟုတ်သော ငွေကြေးဆိုင်ရာကုမ္ပဏီများမှ တဆင့်ငွေကြေးလွဲခွင့်ကို
ဗဟိုဘဏ်မှ ခွင့်ပြုထားရာ လက်ရှိတွင် တသီးပုဂ္ဂလ ငွေလွဲခွင့်ကိုသာ စတင်ခွင့်ပြုထားပြီး လူတစ်ဦး တကြိမ်ငွေလွှဲပါက ဒေါ်လာ ၁၀၀၀၀ သာ လွှဲခွင့်ပြုထားသေးကြောင်း ဆိုသည်။
“ငွေလွှဲတဲ့ အလုပ်ကို ဗဟိုဘဏ်က ဘာမှ မချုပ်ကိုင်တော့ဘူး။ ငွေလွှဲအလုပ်ကို ပထမက ဘဏ်အချင်းချင်း လုပ်ခွင့်ပေးတယ်။ ခုဆို ပြည်ပငွေလွှဲကုမ္ပဏီတွေနဲ့ ပြည်တွင်းဘဏ်တွေကို ပူးပေါင်းလုပ်ခွင့်ပေးတယ်။ ဒါပေမယ့် ပြည်တွင်းကိုလွှဲတာပဲ လက်ခံသေးတယ်။ ပြည်ပကို လွှဲတာကိုလက်မခံသေးဘူး။ ဘဏ်ခ ဘဏ်ချင်းဆိုရင်တော့ ဒီကလွှဲတာကော ဟိုက ပို့တာကော ရမယ်။ ခုလို ငွေလွှဲကုမ္ပဏီအနေနဲ့ကတော့ နောက်ပိုင်းမှ ပြည်တွင်းက လွှဲတာကို ခွင့်ပြုပေးမှာပါ။ စီစဉ်နေပါပြီ” ဟု ဦးမောင်မောင်က ဧရာဝတီသို့ ပြောသည်။
ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေလွှဲလုပ်ငန်း လုပ်ကိုင်ခွင့်နှင့်ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံများရှိ ဘဏ်များနှင့် ဘဏ်အချင်းချင်းငွေလွဲ ခွင့်ကို ၂၀၁၂ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ခွင့်ပြုပေးထားခဲ့ပြီး ခွင့်ပြုချက်အရ မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ် ၁၅ ဘဏ်နှင့် နိုင်ငံပိုင် ဘဏ် ၃ ဘဏ်ကို လုပ်ပိုင်ခွင့်ပေးထားခဲ့ကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်မှ သိရသည်။
“အခုကနေ စတင်ပြီး အရှေ့တောင်အာရှအပါအဝင် ဥရောပနိုင်ငံပေါင်း ၇၉ နိုင်ငံ၊ နေရာပေါင်း ၂ သိန်းကျော်ကနေ မြန်မာနိုင်ငံကို ငွေစတင် လွှဲလို့ရတယ်။ ငွေ ကို ၁၀ မိနစ်အတွင်း ထုတ်လို့ရမယ်။ လူပုဂ္ဂိုလ်တွေ လွှဲတဲ့သဘောပေါ့။ စီးပွားရေးလုပ်ငန်းတွေ လွှဲတာမျိုး မဟုတ်ဘူးပေါ့။ ကိုယ့်နိုင်ငံကနေ အလုပ်သွားလုပ်တဲ့ သူတွေက လွှဲနိုင်တဲ့သဘောပါ ”ဟု MoneyGram နှင့် ပူးပေါင်းဆောင်ရွက်မည့် AGD ဘဏ်မှ မန်နေးဂျင်းဒါရိုက်တာ ဦးရဲမင်းဦးက ပြောဆိုသည်။
လက်ရှိတွင် အရှေ့တောင်အာရှအပြင်ပိတ်ဆို့ဒဏ်ခတ်မှု ရုတ်သိမ်းခြင်းကြောင့် အမေရိကန်နှင့် ဥရောပနိုင်ငံများနှင့်ပါ ငွေလွှဲနိုင်ပြီဖြစ်၍ နိုင်ငံတကာမှ ငွေလွှဲသည့်
ပမာဏမှာ ယခင်ကထက် ပိုမို တိုးတက်လာကြောင်း၊ ပွင့်လင်းမှုအရ နိုင်ငံတကာသို့ဘဏ်များမှတဆင့် ငွေလွှဲပို့နိုင်ပြီဖြစ်ကြောင်း CB ဘဏ်ဥက္ကဌ ဦးဖေမြင့်ကလည်း ပြောသည်။
“ခုက တဦးချင်းဆို ဦးတို့ဆီမှာဆို Westen Unionနဲ့ လွှဲတယ်။ စီးပွားရေးဆို ဘယ်နိုင်ငံဘဲဖြစ်ဖြစ် ဟိုဘက်က လွှဲရင်ရနေပါပြီ။ အဝင်ကတော့ ရတယ်။ ဒီဘက်ကနေ လွှဲတာက စီးပွားရေးဆို ဒေါ်လာ ၁၀၀၀၀ အထက်ဆို ဗဟိုဘဏ်ဘက်က ခွင့်ပြုရင် ရတယ်။ တဦးချင်းကတော့ ဒီကနေလွှဲလို့ မရသေးပါဘူး”ဟု ဦးဖေမြင့်က ဆိုသည်။
တဦးချင်း ငွေလွှဲမှုတွင်လည်း ” နိုင်ငံတကာမှာတော့ ၂၄ နာရီရပေမယ့် ဒီမှာတော့ ၂၄ နာရီတော့လွှဲမပေးနိုင်သေးပါဘူး။ ဘဏ်ဖွင့်ချိန်ပဲ ခုချိန်ထိ လွှဲပေးနိုင်သေးတယ်။ ငွေလွှဲတဲ့သူက ဘဏ်အကောင့် မရှိသူ၊ ဘဏ်စာအုပ် မရှိသူလည်း ငွေလွှဲလို့ရနေပါတယ်”ဟု AGDဘဏ်မှဥက္ကဌ ဦးသန်းရီက ပြောသည်။
ဗဟိုဘဏ်ဥပဒေကို ၂၀၁၃ ခုနှစ်တွင် စတင်ပြဌာန်းအပြီး ဖွဲ့စည်းပုံ စတင်ပြောင်းလဲလာကာ ၂၀၁၃ နှစ်မကုန်မှီတွင် လွတ်လပ်သော ငွေကြေးဆိုင်ရာဥပဒေများ၊ ပေါ်လစီများ
ကို ထုတ်ပြန်သွားရန် စီစဉ်နေကြောင်း ဗဟိုဘဏ်မှတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။