အမေရိကန် ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံ ကြီးများက ဆီးရီးယားနိုင်ငံကို ဝင်ရောက် တိုက်ခိုက်မည့် အခြေ အနေ များကြောင့် နိုင်ငံတကာ ဈေးကွက်တွင် ကမ္ဘာ့ရွှေဈေးနှုန်းထိုးတက်ပြီး မြန်မာ့ရွှေဈေးပါ လိုက်ပါမြင့်တက် လျက်ရှိကြောင်း ဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။
ဆီးရီးယား နိုင်ငံတွင် သမ္မတ အာဆတ် ဦးဆောင်သော အစိုးရက အရပ်သားများအပေါ် ဓာတုလက်နက်သုံး တိုက်ခိုက်ခဲ့မှု ကြောင့် အရပ်သား အမြောက်အမြား သေဆုံးခဲ့ရပြီး ယင်းသေဆုံးမှုအတွက် အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက် နိုင်ငံ များက စစ်ရေးအရ အရေးယူမည်ဟု ကြေညာထားရာ ကမ္ဘာ့ဈေးကွက်တွင် ရေနံဈေးနှင့် ရွှေဈေး များ မြင့်တက် လျက်ရှိကြောင်း၊ ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် မြန်မာ့ရွှေဈေးနှုန်းပါ လိုက်ပါမြင့်တက်ပြီး သြဂုတ် လနှောင်း ပိုင်းက အခေါက်ရွှေ တကျပ်သားလျှင် ၆၆၅၀၀၀ ကျပ်ဝန်းကျင်ရှိနေရာမှ ယခု ၇၂၀၀၀၀ ဝန်းကျင်အထိ မြင့်တက် လာကြောင်း၊ ဆီးရီးယားနိုင်ငံ အတွင်း ဖြစ်ပွားနေသော အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးနှင့် မြန်မာ့ရွှေဈေးမှာ အတက်ပိုင်း သို့သာ ဦးတည်နိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူ ရွှေကုန်သည်ကြီးများက ဆိုကြသည်။
“လာမယ့် တပတ်အတွင်း ကမ္ဘာ့ရွှေဈေးနည်းတူ မြန်မာ့ရွှေဈေးက အခု လက်ရှိ အနေအထား ကနေ လုံးဝ ထပ် မကျနိုင်ဘူး။ တက်ဖို့ပဲ ရှိတယ်။ အခုလက်ရှိ ရွှေဈေးတက်နေတာကတော့ အဓိကက ဆီးရီးယား အရေးကြောင့်ပါပဲ။ နောက်တခု ရှိတာက အခုလို မိုးနှောင်းပိုင်းမှာ ရွှေလုပ်ငန်းတွေကို ရပ်ဆိုင်းထားတဲ့အတွက် ရွှေဝင်ရောက်မှုအားက မရှိဘူး။ ဒါက Supply ဘက်ကပေါ့။ Demand ဘက်ကဖြစ်တဲ့ ရွှေဝယ်လိုအားကလည်း နည်းနေတယ်”ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးဝင်းမြင့်က ဧရာဝတီသို့ပြောသည်။။
ဆီးရီးယားအရေး တင်းမာမှု ပြေလျော့သွားမည်ဆိုပါက ကမ္ဘာ့ရွှေဈေးနှင့် မြန်မာ့ရွှေဈေး ကျဆင်းနိုင်သော်လည်း လတ်တလော အခြေအနေတွင်မူ ရွှေဈေးနှုန်းသည် တပတ်ကျော်ကြာသည်အထိ အမြင့်ပိုင်းတွင် တည်ရှိနေကြောင်း၊ ရွှေ အရောင်း အဝယ်မှာမူ ဝယ်လိုအားကျဆင်းပြီး ရောင်းလိုအားသာ များပြားနေကြောင်း သိရှိရသည်။
“ရွှေဈေး တက်ခါစကတော့ အတက်အကျက မြန်နေတော့ အရောင်းအဝယ် သွက်တယ်။ အခု ၁ ရက် ၂ ရက်အတွင်းတော့ သိသိသာသာ အရောင်းအဝယ် နည်းသွားတယ်”ဟု ရွှေဘုံသာလမ်းရှိ ဆုမြတ် ရွှေရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တဦးက ဆိုသည်။
မြန်မာ့ရွှေဈေးသည် ဆီးရီးယားနိုင်ငံ အပေါ် စစ်ရေးအရ အရေးယူမည်ဆိုသော သတင်းများ စတင်ထွက်ပေါ်လာချိန် သြဂုတ် ၂၈ ရက် နေ့က အခေါက်ရွှေ တကျပ်သားဈေးမှာ ငွေကျပ် ၇၂၇၀၀၀ သို့ မြင့်တက်ခဲ့ပြီး ယနေ့တွင်မူ အခေါက်ရွှေ တကျပ်သား ၇၁၉၀၀၀ ကျပ်သာ ရှိကြောင်း၊ ယနေ့ ကမ္ဘာ့ရွှေဈေးမှာမူ အခေါက်ရွှေ တအောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၉၄ ဒသမ ၉၄ ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။