မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို အရှိန်မြှင့်တင်ရာ၌ ၎င်းတို့ကိုယ်စားပြုသည့် ကဏ္ဍများက အဓိကနေရာတွင် ပါဝင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်နေကြသော စီးပွားရေးခေါင်းဆောင်များသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရေးကို အကောင်းဖက်မှ ရှုမြင်ကြကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ရေးသားထားသည်။
မြန်မာနိုင်ငံမှ ပါရမီ စွမ်းအင်ကုမ္ပဏီများ အုပ်စု၏ ဥက္ကဌနှင့် အမှုဆောင်ချုပ်ဖြစ်သော ဦးကံထွန်းက ယခင်စနစ်ဟောင်း ဖြစ်သော တိုက်ရိုက်ညှိနှိုင်းဆွေးနွေးပြီး ချထားပေးသည့် စနစ်ကို ဆန့်ကျင်ကြောင်းနှင့် ယခု လက်ရှိ ကျင့်သုံးလျက် ရှိသော ပွင့်လင်းစွာ ဈေးပြိုင်ပေးသည့်စနစ်ကို ဈေးကွက်၏ တုန့်ပြန်မှုကောင်းကြောင်း ပြောသည်။
ကုန်းတွင်းပိုင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် ၁၈ ခုအတွက် ကုမ္ပဏီ ၃၀ ကျော်က အဆိုပြုလွှာ တင်သွင်းခဲ့ပြီး ကမ်းလွန်လုပ်ကွက် ၃၀ အတွက် အဆိုပြုလျှောက်ထားသူ ၆၁ ဦး ရှိကြောင်း သိရသည်။
“ပွင့်လင်းမြင်သာမှု ရှိလာမယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် အမျိုးသား လုံခြုံရေး အမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ အရာအားလုံးမှာ ပွင့်လင်းမြင်သာမှု ရှိစရာမလိုဘူးလေ” ဟု ဦးကံထွန်း က ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲကြောင့် စည်းမျဉ်းစည်းကမ်းများနှင့် မူဝါဒအခြေခံများ ပိုမိုတိုးတက်လာမည်ဟုလည်း သူက အကောင်းဖက်မှ ရှုမြင်သည်။
“ဂျင်းနီဟာ မီးခွက်အပြင်ကို ရောက်နေပြီဆိုတာ လူတိုင်းသိပါတယ်။ နောက်ကြောင်းလည်း ပြန်မသွားချင်ကြပါဘူး။ ဒါကြောင့် နောက်ကြောင်း ပြန်လှည့်ဖို့ဆိုတာ လုံး၀ မဖြစ်နိုင်ပါဘူး” ဟု ယမန်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် CNBC စီးပွားရေး သတင်းဌာနက ပြုလုပ်ကျင်းပသည့် မြန်မာ့ရေးရာ ဆွေးနွေးပွဲတွင် ဦးကံထွန်းက ပြောကြားလိုက်သည်။
“မြန်မာပြည်ကို လာပြီး ရင်းနှီးမြှုပ်နှံတဲ့ အခါမှာ ဘာတွေက စွန့်စားမှုဖြစ်မလဲလို့ လူတော်တော်များများက ကျနော့်ကို လာမေးကြတယ်။ ဒီကို မလာဘဲနေတာကမှ အကြီးဆုံးစွန့်စားမှုလို့ ကျနော်သူတို့ကို ပြောပြလိုက်ပါတယ်” ဟုလည်း သူက ဆိုသည်။
Tractus Asia မှ အမှုဆောင် ညွှန်ကြားရေးမှူး Dennis Meseroll က မြန်မာနိုင်ငံမှ အခွင့်အလမ်းများသည် သတ္တုနှင့် သယံဇာတ ရှာဖွေတူးဖော်ခြင်း လုပ်ငန်းစဉ်များကို စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့် အညီ ဖြစ်လာစေရန် ကူညီပေးနေသည်ဟု ပြောသည်။
“ခင်ဗျား အဲဒီကိုသွားပြီးတော့ စစ်တပ် ဒါမှမဟုတ် ဝန်ကြီးတယောက်နဲ့ပဲ ညှိနှိုင်းပြီး သဘောတူညီမှုယူရမယ်လို့ အရင် စစ်အစိုးရက ယူဆထားခဲ့တယ်။ ဒါပေမယ့် အချိန်တွေပြောင်း သွားခဲ့ပါပြီ” ဟု သူက ဆိုသည်။
နော်ဝေ နိုင်ငံမှ Telenor Group ၏ ဒုတိယဥက္ကဌနှင့် အာရှဒေသ အကြီးအကဲ Sigve Brekke ကလည်း မြန်မာနိုင်ငံတွင် မိုဘိုင်း တယ်လီဖုန်း အော်ပရေတာ လိုင်စင်အတွက် တင်ဒါများ ရွေးချယ်မှုကို စနစ်တကျ လုပ်ဆောင်နိုင်ခဲ့ခြင်းသည် အပေါင်းလက္ခဏာ ဆောင်သည့် အံ့အားသင့်စရာ ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောသည်။
“အစိုးရက သူ့ရဲ့ပြည်သူတွေကို အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်မယ့် ကုမ္ပဏီကို ရွေးချယ်နိုင်ဖို့ တကယ်ကြိုးစားခဲ့တယ်လို့ ကျနော်ထင်ပါတယ်” ဟု သူကဆိုသည်။
စီးပွားရေး လုပ်ငန်းများအနေဖြင့် မြန်မာနိုင်ငံတွင် ရေတို အကျိုးစီးပွားကိုသာ လုပ်ဆောင်မည့် အစား ရေရှည်ကို မျှော်ကြည့်၍ လုပ်ဆောင်ကြရန်လည်း Sigve Brekke က တိုက်တွန်းထားသည်။
မာစတာကတ်၏ အရှေ့တောင် အာရှဆိုင်ရာ ဥက္ကဌ Matthew Driver ကလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖြစ်ထွန်းရေးသည် ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းများ၏ ပူးပေါင်းပါဝင်မှုနှင့် အတူ ပေါ်ပေါက်လာလိမ့်မည်ဟု ပြောသည်။
“ကျနော့် အနေနဲ့ အစိုးရက ဥပဒေတွေ ပြဌာန်းပေးနေတာနဲ့ ကျောထောက်နောက်ခံ ပေးနေတဲ့ လုပ်ဆောင်မှုတွေကို ဟန်ဆောင်ပန်ဆောင် မဟုတ်ဘဲ တကယ်လုပ်နေတာလို့ ယုံကြည်ပါတယ်။ ဒါပေမယ့် အချိန်တော့ နည်းနည်း စောင့်ရပါဦးမယ်” ဟု သူက ဆိုသည်။
HIS Energy Insight မှ ဒုတိယ ဥက္ကဌနှင့် အာရှ-ပစိဖိတ်ဒေသ အကြီးအကဲ Michael Rodgers က ရေနံနှင့် သဘာ၀ ဓာတ်ငွေ့အတွက် ဈေးပြိုင်အဆိုပြုလွှာ တင်သွင်းခြင်းသည် လိုအပ်ချက်များ ရှိနေသော်လည်း ရှင်းရှင်းလင်းလင်း ရှိသည်ဟု ဆိုသည်။
“နောက်ကွယ်မှာ အကျင့်ပျက်ခြစားမှုမျိုး မရှိခဲ့ဘူးဆိုရင် ကျနော် အရမ်းအံ့အားသင့်မိမှာပါ။ ဒါပေမယ့် ကုမ္ပဏီတွေကလည်း ဒီလို ကိစ္စမျိုးကို စိတ်ဝင်စားမှု နည်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်ဆုံးကျရင် ကိုယ်ပဲ ဒုက္ခရောက်ရမှာလေ” ဟု ပြောသည်။
သို့သော်လည်း ဆန့်ကျင်လိုသည့် အဖွဲ့အစည်းများကြောင့် ဖြစ်လာနိုင်သော ကိစ္စများကို သူက စိုးရိမ်နေသည်။
“ဒီပိုက်လိုင်းတွေကို တစုံတရာက နှောက်ယှက် ဖျက်ဆီးတာမျိုးကလည်း တကယ်ဖြစ်လာနိုင်ပါတယ်” ဟု Rodgers ကပြောသည်။
“ဒီပိုက်လိုင်းတွေ ကနေတဆင့် အစိုးရရဲ့ ဝင်ငွေတွေ အများကြီး တိုးတက်လာမယ်လေ။ တကယ်လို့ လူတွေက ဒါကို နှောက်ယှက် တားဆီးချင်တယ် ဆိုရင် သူတို့ လုပ်နိုင်တာပေါ့” ဟု သူက ပြောထားသည်။