မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းစုကြီးတခု ဖြစ်သော ရွှေတောင်ကုမ္ပဏီအုပ်စုသည် သံမဏိလုပ်ငန်း၊ စက်ရုံတည်ဆောက်ရေး လုပ်ငန်း နှင့် ကုန်တိုက်လုပ်ငန်း စသည့်လုပ်ငန်းများကို ထိုင်းနှင့် အခြားနိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းလုပ်ဆောင်ရန် ဆန္ဒရှိနေသည် ဟု ထိုင်းနိုင်ငံ အခြေစိုက် စီးပွားရေးသတင်းစာ The Nation ၏ ဖော်ပြမှုအရ သိရှိရသည်။
“အိမ်ခြံမြေ၊ ဈေးဝယ်စန်တာတွေနဲ့ ရုံးခန်းအဆောက်အဦးတွေအတွက် ၅ နှစ် အတွင်း အမေရိကန် ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံသွားဖို့ ကျနော်တို့ စီစဉ်နေပါတယ်။” ဟု ရွှေတောင်အုပ်စု၏ ဥက္ကဌ ဦးအိုက်ထွန်းက ယမန်နေ့က ပြောကြားလိုက်ကြောင်း The Nation က ရေးသားထားသည်။
ထို့ပြင် ကိုရီးယား နိုင်ငံအခြေစိုက် CJ Entertainment နှင့်လည်း မြန်မာနိုင်ငံတွင် ရုပ်ရှင်ရုံများ ပူးပေါင်းဖွင့်လှစ်နိုင်ရန် ညှိနှိုင်းဆွေးနွေးလျက် ရှိသည်ဟု သတင်းက ဖော်ပြထားသည်။
ရွှေတောင်အုပ်စု၏ လက်အောက်တွင် စွမ်းအင်လုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် အင်ဂျင်နီယာလုပ်ငန်း၊ အိမ်ခြံမြေစီးပွားရေး၊ ဈေးဝယ်စန်တာများ၊ ဟိုတယ်များ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးပစ္စည်း၊ ကုန်သွယ်ရေး နှင့် ဖျော်ဖြေရေး စသည့် လုပ်ငန်း ကဏ္ဍများစွာ ရှိသည်။
ရွှေတောင်အုပ်စုသည် Junction ဟု အမည်ပေးထားသည့် ဈေးဝယ်စန်တာများကိုလည်း နေရာအနှံ့ တိုးချဲ့ဖွင့်လှစ်နေခဲ့သည်။
Junction 8 ကို ၁၉၉၉ ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော Shopping mall ဖြစ်သည်။ ရန်ကုန် လေဆိပ်နှင့် ၁၀ မိနစ်ခရီးအကွာ ကျိုက်ဝိုင်းဘုရားလမ်းပေါ်တွင် တည်ရှိသည့် Junction 8 သို့ တနှစ်လျှင် လာရောက်သူ ၃ သန်းကျော်ရှိကြောင်း ဆိုသည်။
ဆက်လက် ဖွင့်လှစ်ခဲ့သော Junction Centre များမှာ ၂၀၀၇ ခုနှစ်တွင် Junction Zawana၊ ၂၀၀၉ ခုနှစ်တွင် Nay Pyi Taw Junction Centre နှင့် ၂၀၁၀ ခုနှစ်တွင် Junction Maw Tin တို့ဖြစ်သည်။ နောက်ဆုံး ဖွင့်လှစ်ခဲ့သော Junction Square ကို ယမန်နှစ် မတ်လက စတင်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်မြို့ ပြည်လမ်းနှင့် ကျွန်းတောလမ်းကြားတွင် ရှိသည်။ အကျယ် အဝန်း ၂၆၆၂၈ စတုရန်းမီတာ ရှိသော Junction Square တွင် ဆိုင်ခန်းပေါင်း ၂၇၀ နှင့် 3D ရုပ်ရှင်ရုံ အပါအဝင် ရုပ်ရှင်ရုံ ၃ ရုံလည်းပါဝင်သည်။
Junction Centre များကို စီမံခန့်ခွဲသူများက လာမည့်ငါးနှစ် အတွင်းတွင် မန္တလေးကဲ့သို့သော မြန်မာနိုင်ငံ၏ မြို့ကြီး များတွင် နောက်ထပ် Shopping mall ၅ ခု ထပ်မံ တိုးချဲ့ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားသည်။
ဦးအိုက်ထွန်းသည် မြန်မာစီးပွားရေး အသိုင်းအဝိုင်းမှ အဖွဲ့ဝင် ၈၇ ဦး ပါဝင်ဖွဲ့စည်းထားသော International Business Promotion Centre ၏ ဥက္ကဌလည်း ဖြစ်ပါသည်။ အဆိုပါ အဖွဲ့ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ယှဉ်ပြိုင်နေရသည့် စီးပွားရေး လုပ်ငန်းများကို ထောက်ကူမြှင့်တင်ပေး နိုင်ရန်အတွက် တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။
ယမန်နှစ်က အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရှိခဲ့သော ၎င်း၏ စီးပွားရေးကို ရွှေတောင်အုပ်စုက နောက် ၅ နှစ်တွင် ဒေါ်လာ သန်း ၅၀၀မှ ၆၀၀ ကြားအထိ နှစ်ဆ မြှင့်တင်နိုင်ရန် ရည်ရွယ်ထားကြောင်း သတင်းက ဆိုသည်။ ရွှေတောင်အုပ်စုက ပြီးခဲ့သော နှစ်အတွက် အစိုးရကို ဝင်ငွေခွန် အမေရိကန်ဒေါ်လာ ၆.၅သန်း ပေးဆောင်ခဲ့သည်။