မြန်မာပြည်တွင် ရုပ်မြင်သံကြား ကြည့်ရှုသူများသည် အနည်းဆုံး တနေ့လျှင် ၂ နာရီ ကြည့်ကြပြီး လူသုံးကုန်ကြော်ငြာများအတွက် ကြော်ငြာဈေးကွက်ကို လွှမ်းမိုးထားဆဲဟု ဈေးကွက်စစ်တမ်းနှင့် အကြံပေးကုမ္ပဏီ Envirosell Thailand ၏ စစ်တမ်းကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းစာက ရေးသားဖော်ပြခဲ့သည်။
Envirosell Thailand ၏ စစ်တမ်းကို နေပြည်တော်၊ ရန်ကုန်နှင့် မန္ထလေးမြို့များတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး လူ ၈၄၇ ယောက်၏ ဖြေကြားချက်များအပေါ် သုံးသပ်ကောက်ချက်ချခဲ့ခြင်းဖြစ်ကြောင်း သတင်းက ဆိုသည်။ ယင်းမြို့ ၃ မြို့ပေါင်းတွင် ရုပ်သံကြည့်နိုင်သူ တစ်သန်းရှိပြီး တနိုင်ငံလုံး၏ ၇၀ ရာခိုင်နှုန်း ရှိသည်ဟု သတင်းက ရေးသားထားသော်လည်း ထိုအချက်အလက်ကို သက်သေပြနိုင်သည့် အခြားစစ်တမ်းများ မတွေ့ရသေးချေ။
Envirosell Thailand ၏ စစ်တမ်းကမူ ရုပ်မြင်သံကြားကို အများစုက အိမ်တွင် ကြည့်ကြပြီး အဆိုပါ မြို့ကြီး ၃ မြို့တွင် လူငယ်များက ဈေးဝယ်စန်တာများတွင် အချိန်ဖြုန်းလာကြသည်ဟု ဆိုသည်။
မိမိ ကုန်ပစ္စည်းအမှတ် တံဆိပ်ကို မိမိပစ်မှတ်ထားသူများက သတိပြုမိလာစေရေး ရုပ်သံတွင် တစ်မိနစ်ကျော် ထုတ်လွှင့်သင့်ကြောင်း Envirosell Thailand ၏ စီမံခန့်ခွဲရေး ဒါရိုက်တာ ဆရင်ပုန်းဂျီဗာနွန်း၏ မှတ်ချက်ကို သတင်းက ဖော်ပြသည်။ အကယ်၍ တိုတောင်းမည်ဆိုလျှင် ပေးလိုသော အချက်အလက်ကို တိုတိုနှင့် ရှင်းရှင်း ထိထိမိမိ ထပ်တလဲလဲ ထုတ်လွှင့်ရန် ပြောသည်။
မြန်မာပြည်တွင် MRTV, Myawaddy, MRTV4, TV5, Skynet TV နှင့် Channel 7 များမှာ လူကြည့်များသည်။ ကိုရီးယား ဇာတ်လမ်းတွဲများမှာ တောရော မြို့ပါမကျန် အထူးရေပန်းစားပြီး အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲ အစီအစဉ်မှာ အပေါက်ဆုံး ပြည်တွင်းဖြစ်အစီအစဉ်ဖြစ်သည်။
Envirosell Thailand ၏ စစ်တမ်းအရ ရန်ကုန်မှ လူများသည် အသစ်အဆန်းကို လိုလားကြပြီး နေပြည်တော်မှ ဖြေဆိုသူများမှာ ရိုးရာကို ထိန်းလိုကြသည်နှင့်တပြိုင်နက် စိတ်ကူးစိတ်သန်းအသစ်များကိုလည်း တံခါးဖွင့်ထားကြောင်း သိရသည်။ မန္တလေးကမူ ရှေးရိုးစွဲအဖြစ်ဆုံးဟု တွေ့ရကြောင်း ဆိုသည်။
“မြန်မာတွေဟာ ခေတ်ပေါ် လူနေမှုစတိုင်လ်တွေကို လက်သင့်ခံကြပါတယ်။ ဒါပေမယ့် အရှိန်အဟုန်နဲ့ ပြောင်းဖို့တော့ ကြောက်ကြတယ်။ ဒါ့ကြောင့် ဈေးကွက်မြှင့်တင်ရေးသမားတွေက သူတို့ကို မှန်ကန်ပြီး ဘယ်လို အသုံးဝင်မယ့် ဗျူဟာတွေကို သုံးရမယ်ဆိုတာ ရှာဖွေကြရမှာပါ”ဟု ဆရင်ပုန်းဂျီဗာနွန်းက ကောက်ချက်ဆွဲခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ရေးသားသတင်းပေးပို့ထားသည်။