စီးပွားရေး

တရုတ် ရင်းနှီးမြှုပ်နှံမှု ကျဆင်းလာခြင်းက မြန်မာအတွက် မကောင်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် စစ်အစိုးရလက်မှ သမ္မတဦးသိန်းစိန် အာဏာလွှဲပြောင်းယူခဲ့သော ၂၀၁၁ ခုနှစ် မှ စတင်၍ တရုတ်နိုင်ငံ ၏ ရင်းနှီးမြှုပ်နှံမှုများ သိသိသာသာ ကျဆင်းသွားကြောင်း အမေရိကန်အခြေစိုက် ပညာရှင်အဖွဲ့ တခုက ပြောကြားလိုက်သည်။ ထိုသို့ လျော့နည်းကျဆင်းသွားခြင်းကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အခြေတည်စ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထိခိုက်စေလိမ့်မည်ဟုလည်း သတိပေးလိုက်သည်။

မြန်မာပြည်သူတို့က တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ဖြစ်သော မြစ်ဆုံဆည်နှင့် လက်ပံတောင်း ကြေးနီသတ္တုတွင်းတို့ကို ဆန့်ကျင် ကန့်ကွက်ခဲ့ကြပြီး အစိုးရဖက်ကလည်း စီမံကိန်းများကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်လိုက်ခြင်းသည် နှစ်နိုင်ငံ စီးပွားဆက်ဆံရေးကို အရေးပါသော သက်ရောက်မှုများ ဖြစ်စေခဲ့ကြောင်း အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တွင် အခြေစိုက်သော နိုင်ငံခြားရေးရာမူဝါဒ သုတေသန အဖွဲ့ဖြစ်သည့် Stimson Center မှ သုတေသီ တဦးဖြစ်သည့် Yun Sun ၏ ယခုလအတွင်း ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

“၂၀၁၁ မှာ စခဲ့တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေက တရုတ်ရဲ့စီမံကိန်းတွေအပေါ် တော်တော်လေး သက်ရောက်မှု ရှိပါတယ်။ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း အလျှင်အမြန် ကျဆင်းသွားစေပါတယ်။ ခုချိန်မှာ တရုတ်ဖက်က မြန်မာနိုင်ငံဟာ ပိုပြီး သူစိမ်းဆန်လာသလို ထင်မြင်နေပါပြီ။ အစိုးရဖက်ကလည်း တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုပြီး ကာကွယ်ပေးတာမျိုး မလုပ်တော့တဲ့အတွက် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံရေးက စွန့်စားရမယ့် ကိစ္စလို ဖြစ်လာတာ တရုတ်ဖက်က သဘောကျမှာ မဟုတ်ပါဘူး” ဟု Yan Sun က ဆိုသည်။

တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ၂၀၀၈ မှ ၂၀၁၁ ခုနှစ် ကာလအတွင်းတွင် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ ရှိခဲ့ရာမှ ၂၀၁၂- ၂၀၁၃ အတွင်းတွင် ဒေါ်လာ ၄၀၇ သန်း အထိ လျော့ကျသွားခဲ့သည်။ တရုတ်မဟုတ်သည့် အခြားနိုင်ငံများ ရင်းနှီးမြှုပ်နှံမှုများလည်း ကျဆင်းသွားခဲ့ပြီး စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၀-၂၀၁၁ တွင် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ ရှိရာမှ ၂၀၁၁-၂၀၁၂ တွင် ဒေါ်လာ ၄.၆ ဘီလီယံအထိ ကျဆင်းသွားခဲ့ကာ ပြီးခဲ့သော ဘဏ္ဍာရေး နှစ်တွင် ဒေါ်လာ ၁.၄ ဘီလီယံသာ ရှိတော့သည်။

အစီရင်ခံစာက ယခုကဲ့သို့လျော့နည်းကျဆင်းသွားရခြင်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ကိုသာမက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကိုလည်း ခြိမ်းခြောက်မှုတရပ် ဖြစ်လာနိုင်ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံအဆောက်အဦ ဆိုင်ရာများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုဆွဲဆောင်နိုင်ရန် အရေးကြီးကြောင်းလည်း ထောက် ပြထားသည်။

“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်သစ်မှာ စီးပွားရေးအောင်မြင်မှုဟာ နိုင်ငံရေး အသွင်ကူးပြောင်းမှုကို ထိန်းသိမ်းထားနိုင်ဖို့ အရေးပါပါတယ်။ တရုတ် ရင်းနှီးမြှုပ်နှံသူတွေနဲ့ မြန်မာနိုင်ငံ ပြန်လည် ချိန်ညှိနိုင်ဖို့ မယုံကြည်မှု၊ ရန်လိုမှုတွေကို လျှော့ချဖို့လိုပါတယ်။ ပြီးတော့ နှစ်ဦး နှစ်ဖက် အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက် မှုကို ဖော်ဆောင်နိုင်ဖို့ လိုပါတယ်” ဟု Yun Sun ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ပြောရေးဆိုခွင့်ရှိသူ Gao Mingbo ကလည်း ၂၀၁၁ မှစ၍ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု သိသိသာသာ လျော့ကျသွားရခြင်းကို အတည်ပြုပြောဆိုသည်။ “ပြီးခဲ့တဲ့ နှစ်အတွင်းမှာတော့ အခြေအနေက ဆိုးပါတယ်။ ဒါပေမယ့် ဒီနှစ်ထဲမှာ နည်းနည်း ပြန်ကောင်းလာနိုင်ပါတယ်” ဟု သူကပြောသည်။

Gao Mingbo ၏ ပြောဆိုမှုကလည်း Stimson Center ၏ အစီရင်ခံစာမှ အချက်အချို့နှင့် တိုက်ဆိုင်မှု ရှိနေသည်။ မြန်မာနှင့် တရုတ် ၂ နိုင်ငံလုံးအတွက် တရုတ်ရင်းနှီးမြှုပ်နှံမှုများ၏ အခြေအနေကို အလေးထားကိုင်တွယ်နိုင်ရန် အဓိကလိုအပ်နေပြီး သို့မှသာလျှင် ရွှေ့ဆိုင်းထားသည့် စီမံကိန်းများကို ပြန်လည် စတင်နိုင်မည် ဖြစ်သည်ဟု သူက ဆိုသည်။

“နှစ်ဖက်လုံးက အားထုတ်မှုတွေကို မြှင့်တင်နိုင်ဖို့ အရေးကြီးပါတယ်။ ကျနော်တို့ တကယ်ကို ကြိုးစားနေပါတယ်။ တရုတ် ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ အခက်အခဲတွေကိုပိုပြီး သတိမူနိုင်ကြဖို့ ကျနော်တို့ လုပ်ရပါမယ်။ ဒီ့အပြင် ဒေသခံ အသိုင်းအဝိုင်း တွေနဲ့ မီဒီယာတွေ အထိရောက်နိုင်တဲ့ အားထုတ်မှုတွေ ကျနော်တို့ ပိုပြီးလုပ်ရပါမယ်” ဟု တရုတ် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း များ နှင့် ပတ်သက်၍ Gao Mingbo ကပြောသည်။

လွန်ခဲ့သော နှစ် ၂၀ ကျော် ကာလများအတွင်းတွင် မြန်မာစစ်အစိုးရက တရုတ်နိုင်ငံ၏ နိုင်ငံရေး နှင့် စီးပွားရေး အထောက် အပံ့ အပေါ်တွင် အလွန်အမင်းမှီခို ခဲ့ရသည်။

၂၀၀၈ ခုနှစ်ဝန်းကျင်မှ မြန်မာနိုင်ငံတွင် အကြီးစား ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန် တရုတ်အစိုးရက စတင်အားထုတ်ခဲ့ပြီး မဟာစီမံကိန်းကြီး ၃ခု အကောင်အထည်ဖော်နိုင်ရန်အတွက် မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် သဘောတူညီချက်များ ရယူနိုင်ခဲ့သည်။ အဆိုပါ စီမံကိန်းကြီး ၃ခုမှာ အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံတန်ဖိုးရှိသော မြစ်ဆုံ ရေကာတာနှင့် ရေအားလျှပ်စစ်စီမံကိန်း၊ ဒေါ်လာ ၁ ဘီလီယံတန်သည့် လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းနှင့် ဒေါ်လာ ၂.၅ ဘီလီယံကုန်ကျမည့်ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ ပိုက်လိုင်း “ရွှေ” စီမံကိန်းတို့ ဖြစ်သည်။

မြန်မာနိုင်ငံ၏ သဘာဝအရင်းအမြစ်များအပေါ် ၎င်း၏ ချုပ်ကိုင်ထားနိုင်မှုကို အမြင့်ဆုံးအထိ မြှင့်တင်နိုင်ရန်အတွက် သဘောတူညီချက်များကို ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ လက်မှတ်ရေးထိုးနိုင်ရန် တရုတ်နိုင်ငံက သတိရှိရှိနှင့် တွန်း အားပေး ဆောင်ရွက်ခဲ့သည်ဟု Yun Sun က ဆိုသည်။ ထို့ပြင် မြန်မာနိုင်ငံတွင်းမှ ရင်းနှီးမြှုပ်နှံမှု အများစုတွင် တရုတ် အစိုးရပိုင် ကုမ္ပဏီများက ငွေစိုက်ထုတ်ပေးခြင်း အားဖြင့် ပါဝင်ပတ်သက်ခဲ့ကြသည်ဟုလည်း သူက ပြောသည်။

သို့သော်လည်း ၂၀၁၁ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန်၏ အရပ်သား အမည်ခံအစိုးရ အာဏာရရှိလာပြီးနောက် မြစ်ဆုံဆည် စီမံကိန်းကို ၂၀၁၅ ခုနှစ် အထိရွှေ့ဆိုင်းလိုက်ပြီး လက်ပံတောင်း သတ္တုတွင်းကိုလည်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ရပ်နား ထားလိုက်သည်။

ဆုံးဖြတ်ချက် နှစ်ခုလုံးသည် အဆိုပါစီမံကိန်းများကို မြန်မာပြည်သူတို့က ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက် ခဲ့ကြသော ကြောင့် အစိုးရက လိုက်လျောပေးခဲ့ရခြင်း ဖြစ်သည်။ စီမံကိန်းများသည် တရုတ်နိုင်ငံနှင့် မြန်မာစစ်တပ်ပိုင် ကုမ္ပဏီများကိုသာ အကျိုးအမြတ် ရှိစေနိုင်ပြီး ဒေသခံပြည်သူများ အနေဖြင့် လူမှုရေး နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက် မှုများ ကြီးမားစွာ ဖြစ်ပေါ်စေနိုင်မည်ဟု မြန်မာပြည်သူတို့က ယူဆထားကြသည်။

မြန်မာနိုင်ငံ အနောက်ဖက်ခြမ်း ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်မြို့တော် ကူမင်းမြို့ အထိ ဆက် သွယ်ထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းတွင်လည်း ပြဿနာ အနည်းငယ်တွေ့ ကြုံခဲ့ရကြောင်း Yun Sun ၏ အစီရင်ခံစာတွင် ရေးသားထားသည်။ ထိုစီမံကိန်းကို တရုတ်၊ မြန်မာ၊ အိန္ဒိယနှင့် တောင်ကိုရီးယား နိုင်ငံ များမှ ကုမ္ပဏီ ၆ ခု ပူးပေါင်းဆောင်ရွက်ကြခြင်း ဖြစ်သည်။

ပြီးခဲ့သော လအနည်းငယ် အတွင်းက လက်ပံတောင်း ကြေးနီသတ္တုတွင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် လွှတ်တော်က ဖွဲ့စည်းပေးခဲ့သော ကော်မရှင်၏ အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ ထို အစီရင်ခံစာတွင် အကယ်၍ မြန်မာ အစိုးရအတွက် အကျိုးအမြတ်ရရှိမှုများမည် ဆိုလျှင် စီမံကိန်းကို ဆက်လက်လုပ်ဆောင်သင့်ကြောင်း အကြံပြုခဲ့ပြီး ဒေသခံများ အပေါ် သက်ရောက်မှုများကိုလည်း အရေးယူ ကိုင်တွယ်ဖြေရှင်းပေးရန်တိုက်တွန်းခဲ့သည်။

ထို့နောက် စီမံကိန်းနှင့် ပတ်သက်သည့် သဘောတူညီချက် အသစ် ပြန်လည်ရယူခဲ့ရာတွင် အကျိုးအမြတ် ခွဲဝေမှုအချိုး အစားတွင် မြန်မာအစိုးရ၏ ဝေစုက အများဆုံးဖြစ်လာပြီး တရုတ်ကုမ္ပဏီနှင့် မြန်မာစစ်တပ်ကတည်ထောင်ထားသည့် မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက်တို့၏ စီမံကိန်းမှ ရရှိငွေ များစွာလျော့နည်းသွားခဲ့သည်။

သဘောတူညီချက် အသစ်သည် အကျိုးအမြတ် ခွဲဝေရေး ညှိနှိုင်းရာတွင် ဥပဒေအရ၊ နိုင်ငံရေးအရ နှစ်ဦးနှစ်ဖက် လိုက်နာ ရမည့် အစဉ်အလာကို ဖန်တီးပေးနိုင်ခဲ့ပြီး တရုတ်ရင်းနှီးမြှုပ်နှံသူများ အတွက်လည်း မြန်မာနိုင်ငံတွင် စီမံကိန်းများ လုပ် ဆောင်ရာ၌ ၎င်းတို့ဖက်က မပြည့်စုံမှုများကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်ကြောင်းကိုလည်း သိမြင်စေခဲ့သည်ဟု Stimson Center ၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

(Paul Vieze ၏ Drop in Chinese Investment Could Hurt Burma Economy, Reform: US Report ကို နိုင်မင်းသွင် ဘာသာပြန်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading