မြန်မာနိုင်ငံမှ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့က ရန်ကုန်မြို့လယ် ရှေးဟောင်းနယ်မြေရှိ သက်တမ်း နှစ် ၁၀၀ ကျော်ရှိသည့် ရှေးဟောင်း အဆောက်အဦး တခုနှင့် ကပ်လျှက်တွင် အမေရိကန် ဒေါ်လာ သန်း ၁၀၀ တန် အထပ်မြင့်ရုံးခန်း အဆောက်အဦးတခု တည်ဆောက်ရန် စီစဉ်နေခြင်းကို ပြင်းပြင်းထန်ထန် ကန့် ကွက်နေသည်။
“အမှတ် ၅၅၅ ကုန်သည်လမ်းမှာ အထပ်မြင့် အဆောက်အဦး တည်ဆောက်တာကို လုံး၀ ခွင့်မပြုနိုင်ပါဘူး” ဟု ရန်ကုန် ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့(Yangon Heritage Trust)၏ ဥက္ကဌ ဦးသန့်မြင့်ဦး က ဧရာဝတီသို့ ပြော သည်။ “ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာ ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ အာရှမှာ နောက်ဆုံးကျန်နေတဲ့ ၂၀ ရာစု အစောပိုင်း မြင်ကွင်းရှုခင်းတွေ ရှိပါတယ်။ ရှေးဟောင်းအမွေအနှစ်နယ်မြေရဲ့ အလယ်မှာ အထပ်မြင့်အဆောက်အဦး စီမံကိန်းတွေ လုပ်ဆောင်တာက ဒါတွေကို ထိခိုက်ပျက်စီးစေပါလိမ့်မယ်” ဟုလည်း ဆိုသည်။
ကျောက်တံတားမြို့နယ် ၃၆လမ်းနှင့် ကုန်သည်လမ်းထောင့်တွင် ဆောက်လုပ်ရန်ရှိသည့် ၃၈ ထပ် အဆောက်အဦးသည် သက်တမ်း နှစ် ၁၀၀ ရှိပြီဖြစ်သော အိန္ဒိယသံရုံး အဆောက်အဦး၏ ဘေးတွင်ကပ်လျှက်တည်ရှိသည်။ စင်္ကာပူ အခြေစိုက် Kawa Oil ကုမ္ပဏီနှင့် မြန်မာဖက်မှ ပူးတွဲပိုင်ဆိုင်သူများ ဖြစ်သော သမဝါယမဘဏ် ဥက္ကဌ ဦးခင်မောင်အေးနှင့် National Group of Companies ဥက္ကဌ ဦးဌေးအောင်တို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကုန်ကျမည့် စီမံကိန်းအတွက် ယမန်နှစ် နိုဝင်ဘာလ အစောပိုင်းက သဘောတူ လက်မှတ် ရေးထိုးခဲ့ကြကြောင်း မြန်မာတိုင်းမ် သတင်းစာတွင် ဖော်ပြထားသည်။
ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များ အသိုင်းအဝိုင်းတွင် ဦးခင်မောင်အေးကို သမ္မတဦးသိန်းစိန်၏ အလွန်ရင်းနှီးသော မိတ် ဆွေအဖြစ် လူသိများသည်။
ရန်ကုန်မြို့ကို စီမံခန့်ခွဲနေသည့် ဌာနဖြစ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်းဌာနမှ ဒုတိယဌာနမှူး ဦးတိုးအောင်က “အဲဒီ စီမံကိန်းကို ကျနော်တို့ အခုထိ ခွင့်ပြုချက် မပေးရသေးပါဘူး” ဟု ပြောသည်။
အိန္ဒိယ သံရုံးကလည်း အဆိုပါစီမံကိန်းကို ကန့်ကွက်ထားကြောင်း ဦးတိုးအောင်က ဧရာဝတီသို့ ပြောသည်။ မြို့တော် စည်ပင် အနေဖြင့်လည်း ဆောက်လုပ်မည့် အဆောက်အဦး၏ အမြင့်နှင့် ပတ်သက်၍ ပိုင်ရှင်များနှင့် ညှိနှိုင်းဆွေးနွေးနေကြောင်း သိရသည်။ ရှေးဟောင်းအမွေအနှစ် အဆောက်အဦးများ၏ အနီးတဝိုက်တွင် အထပ်မြင့် အဆောက်အဦး များတည်ဆောက်ခြင်းကို ကန့်သတ်ထားကြောင်းလည်း သူက ထပ်ပြောသည်။
“ကျနော်တို့ကလည်း ဆောက်လုပ်တာကို ခွင့်မပြုချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုဆောက်လိုက်ရင် ရှေးဟောင်း အဆောက်အဦးတွေ ဖြစ်တဲ့ အိန္ဒိယ သံရုံးနဲ့ အနားမှာရှိတဲ့ အမေရိကန်သံရုံးဟောင်းကို အထပ်မြင့် အဆောက်အဦးက လွယ်လွယ်ကူကူ လွှမ်းမိုးသွားလိမ့်မယ်” ဟု ဦးတိုးအောင်က ဆိုသည်။ အိန္ဒိယ သံရုံးနှင့် အမေရိကန် သံရုံးဟောင်းတို့ သည် မြို့ တော် စည်ပင်သာယာရေး ကော်မတီက ပြုစုထားသော ရန်ကုန်ရှေးဟောင်း အမွေအနှစ် စာရင်းဝင် အဆောက် အဦးများ ဖြစ်သည်။
ပို၍ အရေးပါသည့် အချက်မှာ ဆောက်လုပ်ရန် စီစဉ်နေသည့် အထပ်မြင့် အဆောက်အဦးနေရာသည် သမ္မတ ဦးသိန်းစိန်နှင့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေတို့က ထောက်ခံအားပေးမှုဖြင့် ရေးဆွဲထားသည့် ရန်ကုန်မြို့၏ ရှေးဟောင်း အမွေအနှစ် နယ်မြေ ၇ ခု စီမံချက်တွင် ၁ ခု အပါအဝင်ဖြစ်သည့် “အဓိကကျသော အုပ်ချုပ်ရေး အဆောက်အဦးဟောင်းများ” ကြားတွင် ကျရောက်နေခြင်းဖြစ်သည်။ ထိုစီမံချက်ကို မြို့တော်ဟောင်းရန်ကုန်၏ ရာစုနှစ် သက်တမ်းရှိသော အဆောက်အဦးများနှင့် ကိုလိုနီခေတ် ဗိသုကာလက်ရာများကို ကာကွယ်ထိန်းသိမ်းနိုင်ရန် ရေးဆွဲခဲ့ဲခြင်း ဖြစ်သည်။
“အုပ်ချုပ်ရေး အဆောက်အဦးဟောင်းများ” နယ်မြေတွင် ယခုတည်ဆောက်မည့် အထပ်မြင့် အဆောက်အဦးနှင့် ခဲ တပစ်အကွာတွင်ရှိသော ပန်းဆိုးတန်းလမ်းပေါ်တွင် ထင်ရှားသော ရှေးဟောင်းရုံးများ ဖြစ်သည့် HSBC ဘဏ်၊ Standard Chartered ဘဏ်၊ Irrawaddy Flotilla ကုမ္ပဏီနှင့် Bombay Burmah Trading ကော်ပိုရေးရှင်း အဆောက်အဦးများ ပါဝင်သည်။ ထိုအဆောက်အဦး အားလုံးနီးပါးကို ၂၀၀၅ ခုနှစ်တွင် စစ်အစိုးရက နေပြည်တော်သို့ မြို့တော် မပြောင်းရွှေ့မီ အချိန်အထိ အစိုးရရုံးများအဖြစ် အသုံးပြုခဲ့သည်။
ရန်ကုန်ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့(Yangon Heritage Trust)မှ ဦးသန့်မြင့်ဦး သည် ရန်ကုန်မြို့မှ ပျက်စီး ပျောက်ကွယ်တော့မည့် ကိုလိုနီခေတ် အဆောက်အဦးများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် ဦးဆောင် အားထုတ်နေသူ ဖြစ်ပါသည်။ သူက ယခုဆောက်လုပ်မည့် အထပ်မြင့်အဆောက်အဦးသည် သမ္မတဦးသိန်းစိန်နှင့် ရန်ကုန် တိုင်း ဝန်ကြီးချုပ်တို့ အသိအမှတ်ပြုလက်ခံပြီး ဖြစ်သော မြို့ပြဖွံ့ဖြိုးရေးတွင် ဦးစားပေး ထိန်းသိမ်း စောင့်ရှောက် ရမည့် အချက်များနှင့် ဆန့်ကျင်ဖက်ဖြစ်နေကြောင်း ပြောသည်။
“အစိုးရဖက်က တိုးတက်မှုတော်လေးရှိခဲ့ပြီးတော့ တကယ် ကတိတည်တယ်ဆိုတာလဲ ပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီ ဆောက်လုပ်ရေး စီမံကိန်းကို ဆက်မလုပ်ဖို့ အရေးကြီးပါတယ်။ လုပ်ခွင့်ပေးလိုက်ရင် ရှေ့မှာ လုပ်ခဲ့တဲ့ ကောင်းတာတွေ ရေစုန်မျောသွား ပါလိမ့်မယ်” ဟု သူက ပြောသည်။
အကယ်၍ အဆောက်အဦးကို မူလအဆိုပြုထားသည့် အမြင့်အတိုင်း တည်ဆောက်လိုက်မည် ဆိုလျှင် ရေးဆွဲပြီးစီးလုနီးပါး ဖြစ်နေသည့် မြို့တော် နယ်မြေသတ်မှတ်ရေး စည်းကမ်းများကို ပျက်ရယ်ပြုသလို ဖြစ်နေလိမ့်မည် ဟုလည်း ဦးသန့်မြင့်ဦး က သတိပေးလိုက်သည်။ အဆိုပါ စည်းကမ်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန၊ ရန်ကုန်ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့၊ နည်းပညာတက္ကသိုလ် (မန္တလေး)၊ မြန်မာနိုင်ငံ ဗိသုကာများ အသင်း နှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့မှ ကျွမ်းကျင်သူများ ပူး ပေါင်းရေးဆွဲထားကြခြင်း ဖြစ်သည်။
စီမံကိန်းကို ပူးတွဲပိုင်ဆိုင်သူ တဦးဖြစ်သော ဦးဌေးအောင်က စီမံကိန်းအတွက် မြို့တော်စည်ပင်၏ အတည်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း ဧရာဝတီသို့ပြောသည်။ အနီးပတ်ဝန်းကျင်တွင် နေထိုင်သူများထံမှ အဆောက်အဦး ဆောက် လုပ်ခြင်းကို ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်ကဲ့သို့သော တိုင်းအစိုးရက သတ်မှတ်ထားသော လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိအောင် ကြိုးစားနေသည် ဟုလည်း သူကဆိုသည်။
“သတ်မှတ်ထားတဲ့ အချက်တွေနဲ့ ကိုက်ညီမှုရှိရင် ခွင့်ပြုချက် မြန်မြန်ချပေးဖို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ကလည်း မြို့တော် စည်ပင်ကို တိုက်တွန်းထားပါတယ်။ တကယ်လို့ အနီးအနားမှာ နေထိုင်သူတွေဆီက ခွင့်ပြုချက်မပေးဘူးဆိုရင် ပြည်ထောင်စု အစိုးရကို ဆက်လက်တင်ပြဖို့ တိုင်းဒေသကြီး အစိုးရက ကျနော်တို့ကို ညွှန်ကြားထားပါတယ်” ဟု ဦးဌေး အောင်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တာဝန်ရှိသူတွေက အထက်မြင့်အဆောက်အဦးများ ဆောက်လုပ်ခြင်းကို အားပေး ထောက်ခံကြောင်းလည်း သူက ဧရာဝတီသို့ ပြောသည်။ အမှတ် ၅၅၅ ကုန်သည်လမ်းတွင် ၃၈ ထပ် အဆောက်အဦး ဆောက်လုပ်ရန် တင်ပြထားစဉ် လွန်ခဲ့သော ၆ လခန့်က ၁၂၇ မီတာမြင့်၍ အထပ် ၃၃ ထပ်ရှိသော အဆောက်အဦး တခု တည်ဆောက်ရန် မြို့တော်စည်ပင်က ခွင့်ပြုခဲ့သည် ဟုလည်းဆိုသည်။
“အခု တင်ပြထားတဲ့ အမြင့်ကို ခွင့်မပြုဘူးဆိုရင်တော့ ခွင့်ပြုတဲ့ အတိုင်းလုပ်ဖို့ပဲ ရှိပါတော့တယ်” ဟု ဦးဌေးအောင် က ပြောသည်။
ဦးသန့်မြင့်ဦး ကတော့ စီမံကိန်း အကောင်အထည်ဖော်မည့်သူများ အနေဖြင့် အခက်အခဲများ တွေ့ကြုံရဖွယ်ရှိသည်ဟု ထင်မြင်မျှော်လင့်နေသည်။
“အိမ်နီးနားချင်းတွေ အားလုံးက လက်ခံဖို့ မဖြစ်နိုင်ပါဘူး။ တကယ်လို့ ပြည်ထောင်စု အဆင့်အထိ တက်မယ်ဆိုရင်လည်း အစိုးရက ဒီရှေးဟောင်း အမွေအနှစ်နေရာကို အပြည့်အ၀ ကာကွယ်ရုံတခုထဲသာ မဟုတ်ပါဘူး ကုမ္ပဏီတွေကို တခြား နေရာကောင်းတခု အစားပြန်ရှာပေးမယ်လို့ မျှော်လင့်ပါတယ်” ဟု သူက ပြောသည်။
ရန်ကုန်မြို့လယ် အခြားနေရာများတွင် ဆောက်လုပ်ရေး စီမံကိန်းများ အများအပြားဆောက်လုပ်နေကြသည့် အချိန်တွင် ယခု အဆောက်အဦးကို သူဘာကြောင့် ဆန့်ကျင်ကန့်ကွက်နေရသည် ဆိုခြင်းကိုလည်း ဦးသန့်မြင့်ဦးက ရှင်း ပြသည်။ ယခုစီမံကိန်းသည် ရှေးဟောင်းအမွေအနှစ် အဆောက်အဦး နှင့် ကပ်လျှက်ရှိနေသည်သာမက မြို့တော်၏ အ ဓိက အမွေအနှစ်နယ်မြေ၏ အလယ်တွင်ရောက်ရှိနေသော ကြောင့်ဖြစ်သည်ဟု သူကပြောသည်။
ရန်ကုန်မြို့၏ ကောင်းကင်မြင်ကွင်းတွင် Traders Hotel နှင့် Sakura Tower တို့ ရှိနှင့်ပြီး ဖြစ်သော်လည်း နောက်ထပ် အထပ်မြင့် အဆောက်အဦးများ ဆောက်လုပ်မည်ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းလမ်း တလျှောက်တွင် ၎င်းတို့နှင့် အမြင့် ကွာခြားမှုမရှိဘဲ ဆောက်လုပ်ပါက လက်ခံနိုင်စရာ ရှိသည်ဟု ဦးသန်းမြင့်ဦးက ဆိုသည်။
“ဒါပေမယ့် ကျနော်တို့မှာ စံနစ်ကျတဲ့ နယ်မြေ စီမံချက်တခုဖြစ်ဖို့အတွက် အားလုံးကို လွှမ်းခြုံနိုင်တဲ့ စံသတ်မှတ်ချက် တွေ ချမှတ်ထားဖို့လိုပါတယ်။ အစိုးရအနေနဲ့ အထပ်မြင့် အဆောက်အဦးတွေ များလာတာကို အားပေးချင်တယ် ဆိုရင် မြို့ ထဲမှာ နေရာတွေ အများကြီးရှိပါတယ်။ အခု အဆိုပြုထားတဲ့နေရာနဲ့ မိုင်ဝက်လောက် အကွာမှာတောင် ရှိပါတယ်” ဟု သူက ဆိုသည်။
Traders Hotel နှင့် Sakura Tower တို့ အပြင် ရန်ကုန်တွင် အခြား အထပ်မြင့်အဆောက်အဦး အချို့ရှိသည်။ ဆောက် လုပ်ဆဲ အများစုမှာ လာမည့်နှစ်များတွင်မှ ပေါ်ပေါက်လာဖွယ်ရှိသည်။ အထပ် ၂၀ မြင့်သည့် Traders Square ကို Traders Hotel နှင့် ကပ်လျှက်တွင် တည်ဆောက်နေပြီး နောက်ထပ် အထပ်မြင့် အဆောက်အဦး ၂ ခု ကိုလည်း ၎င်းနှင့် အနီးတဝိုက်တွင် တည်ဆောက်လျှက်ရှိသည်။
ဗိသုကာ ပညာရှင်များကလည်း စံနစ်ကျသည့် စီမံခန့်ခွဲမှု မရှိဘဲ မြို့လယ်တွင် အထပ်မြင့် အဆောက်အဦးများ ဆောက်လုပ်ခြင်းသည် ရှေးဟောင်း အမွေအနှစ် နေရာများကိုသာမက ရန်ကုန်တွင် နေထိုင်သူ လူဦးရေ ၅ သန်းကျော်ကိုလည်း နောက်ဆက်တွဲ ဆိုးကျိုးသက်ရောက်စေနိုင်သည် ဆိုသည့် အချက်ကို သဘောတူလက်ခံကြသည်။
“မြို့ပြစီမံကိန်း အမြင်နဲ့ပြောရရင် ဖြစ်နိုင်မယ်ဆိုရင် ကျနော်တို့က မြို့လယ်မှာ ဒီလို အထပ်မြင့် အဆောက်အဦးမျိုး မရှိစေချင်ပါဘူး” ဟု မြို့ပြစီမံကိန်းရေးဆွဲရေး ပညာရှင်တဦး ဖြစ်သည့် ဒေါက်တာ ကျော်လတ်က ပြောသည်။ ကြမ်းခင်း ဧရိယာ ကျယ်ပြန့်သည့် အထပ်မြင့် အဆောက်အဦးက လူအမြောက်အများကို ဆွဲဆောင်နိုင်သည့် အတွက် အနီးတဝိုက်တွင် ပိုပြီး ရှုပ်ထွေး ပြည့်ကျပ်လာလိမ့်မည် ဟုလည်း သူကဆိုသည်။
မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်များအသင်း၏ အထွေထွေအတွင်းရေးမှူး ဒေါ်မိုးမိုးလွင်ကလည်း အထပ်မြင့်အဆောက်အဦးသည် အရေးပါသည့် မြင်ကွင်းများကို ပိတ်ကွယ်သွားနိုင်ပြီး မော်တော်ကား ရပ်နားရန် နေရာများမှအစ အခြားသော ဝန်ဆောင်မှုများလည်း ပိုပြီးလိုအပ်လာလိမ့်မည်ဟု ပြောသည်။
“ရန်ကုန်မြို့လယ်မှာ ကိုလိုနီခေတ် ဗိသုကာလက်ရာတွေ ရှိပါတယ်။ နောက်ပြီးတော့ မူလမြို့ပြ ရှုခင်းကို ပြသနိုင်တုန်းပါပဲ။ ကျမတို့ ဒါကို ထိန်းသိမ်းစောင့်ရှောက် သင့်ပါတယ်” ဟုလည်း သူက ဆိုသည်။
ရန်ကုန်တွင် ခေတ်မီ ရုံးခန်း အဆောက်အဦးများ အရေးတကြီး လိုအပ်နေကြောင်းကို ဦးသန့်မြင့်ဦး ကလည်း အသိအမှတ် ပြုပါသည်။ အစိုးရအနေဖြင့် ပြည်တွင်းကုမ္ပဏီများကို နိုင်ငံတကာမှ စီးပွားဖက်များ ရှာဖွေလက်တွဲပြီး စီးပွားရေး အဆောက် အဦးများ ဆောက်လုပ်နိုင်ရန် အားပေးကူညီသင့်ကြောင်း ပြောသည်။ သို့သော်လည်း ရွေးချယ်သည့် နေရာသည် သင့်တော်သည့်နေရာ ဖြစ်ရမည်ဟု သူက ထပ်ပြောသည်။
လက်ရှိ အချိန်တွင်တော့ အမှတ် ၅၅၅၊ ကုန်သည်လမ်းရှိ ၇၀၀၀ စတုရန်းမီတာ ကျယ်ဝန်းသည့် မြေနေရာတွင် ခြုံနွယ် ပိတ် ပေါင်းတွေ ပေါက်ရောက်နေပြီး ခြံစည်းရိုးမှာလည်း ပြိုလဲပျက်စီးနေသည်။ အဝင်ပေါက်နားတွင် သင်္ဘောရေယက် ပန်ကာ ကြီး တခုကို သရုပ်ဖော်ပြကွက်တခုလို နေရာချထားခြင်းက အနားကဖြတ်သွားသူတွေကို စူးစမ်းချင်စိတ်များ ဖြစ်စေသည်။
“အိန္ဒိယ သံရုံးထက်ပိုမမြင့်ဘဲ လမ်းနဲ့လည်းသင့်တော်တဲ့ အကွာအဝေးမှာရှိပြီး အသုံးပြုပစ္စည်းတွေနဲ့ ဒီဇိုင်းကလည်း ပတ်ဝန်းကျင်နဲ့ လိုက်ဖက် အဆင်ပြေမယ့် အဆောက်အဦးသစ်ကိုပဲ တည်ဆောက်ခွင့်ပြုသင့်ပါတယ်”ဟု ဦးသန်းမြင့်ဦးက အကြံပြုသည်။
( Kyaw Phyo Tha ၏ Proposed High-Rise Tower Stirs Tension in Rangoon ကို နိုင်မင်းသွင် ဘာသာပြန်သည်)