အသစ်ဖွင့်လှစ်လိုက်သည့် အရောင်းဆိုင်အသစ်တွေက ရန်ကုန်မှာ များပြားလာနေသည့် ငွေကြေးသုံးနိုင်သော ဖောက်သည်တွေကို Apple ထုတ်ကုန်တွေရောင်းချနိုင်ဖို့ မျှော်လင့်နေကြသည်။ သို့သော်လည်း ဈေး သက်သက်သာသာနှင့် ရောင်းချနေသော တရားမဝင် တင်သွင်း ရောင်းချသူတွေနှင့် ယှဉ်ပြိုင်နေကြရကြောင်း တရားဝင် ရောင်းချခွင့်ရ ကိုယ်စားလှယ်တွေက ပြောကြသည်။
Make It Happen Internal လုပ်ငန်းစုက Apple Laptop နှင့် Desktop ကွန်ပျူတာများကို တရားဝင် ကိုယ်စားလှယ်ယူ ရောင်းချမည့် mDrive အမည်ရှိ အရောင်းဆိုင်တဆိုင်ကို ရန်ကုန်မြို့လယ်ရှိ Junction Maw Tin ဈေးဝယ် စန်တာ၌ ယခုလ ၂၈ ရက်နေ့ တွင် ဖွင့်လှစ်တော့မည် ဖြစ်သည်။
Make It Happen Internal လုပ်ငန်းစု၏ ဥက္ကဌ နှင့် အမှုဆောင် အရာရှိချုပ်ဖြစ်သော ဦးမြတ်ထူးက သူတို့ဆိုင် အောင် မြင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ ဆိုင်ရှေ့မှာ လူတွေ တန်းစီပြီး စောင့်နေကြမယ်လို့ မျှော်လင့်နေတာ” ဟု သူကဆိုသည်။ အမေရိကန် အခြေစိုက် Apple ကော်ပိုရေးရှင်းမှ ထုတ်လုပ်သည့် ကမ္ဘာတလွှား အလွန်ရေပန်းစားသော Apple ကွန်ပျူတာများကို မြန်မာနိုင်ငံမှ ငွေကြေးချမ်းသာသူများက ဝယ်ယူမှာ သေချာကြောင်းလည်း ဦးမြတ်ထူးက ထပ်ပြောသည်။ Apple ကော်ပိုရေးရှင်းသည် ကမ္ဘာပေါ်တွင် ဒုတိယ တန်ဖိုးအကြီးဆုံး ကုမ္ပဏီလည်း ဖြစ်သည်။
“မြန်မာနိုင်ငံမှာ Apple ဈေးကွက်ရှိတယ်လို့ ကျနော်ထင်ပါတယ်” ဟု သူကပြောသည်။
မန္တလေးနှင့် နေပြည်တော်သို့ လုပ်ငန်းမတိုးချဲ့မီ ရန်ကုန်တွင် နောက်ထပ် တဆိုင်ဖွင့်လှစ်နိုင်ရန် ဦးမြတ်ထူး မျှော်မှန်းထား သည်။ မကြာမီကာလတွင် Apple tablet နှင့် smartphone များ မြန်မာနိုင်ငံတွင် တရားဝင်ရောင်းချရန် ခွင့်ပြုချက် ရရှိလိမ့်မည်ဟုလည်း သူမျှော်လင့်နေ၏။
သို့သော်လည်း Apple ကွန်ပျူတာများကို ရန်ကုန်တွင် အရင်ထဲက ဝယ်ယူလို့ရနေပါသည်။ တရားဝင်ကိုယ်စားလှယ်အဖြစ် သတ်မှတ်ခံထားရခြင်းမရှိဘဲ အခြားသော ကမ္ဘာသိ လျှပ်စစ်ပစ္စည်းများနှင့် အတူ ရောင်းချနေသော ဆိုင် အမြောက် အများရှိသည်။ တခါတရံ ဈေးနှုန်းများက အိမ်နီးချင်းနိုင်ငံများထက်ပင် လျော့နည်းနေသေးသည်။
ထိုသို့ဈေးလျှော့ ရောင်းချနိုင်ရန်အတွက် တခုထဲသောနည်းလမ်းမှာ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်မှောင်ခို တင်သွင်း သည့် နည်းသာရှိသည်ဟု ဦးမြတ်ထူး၏ အဆိုအရသိရသည်။ တရားမဝင်တင်သွင်းလာသည့် အတွက် “ကုန်သွယ်ခွန်လည်း သူတို့မပေးရဘူး။ သွင်းကုန်ခွန်လည်း မပေးရဘူး။ ထပ်တိုးတန်ဖိုးခွန်လည်း ပေးစရာမလိုတော့ဘူး။ ဒီ အခွန် ၃မျိုးလွတ်သွားပြီဆိုရင် ဈေးက အရမ်းသက်သာသွားပြီပေါ့” ဟု သူကပြောသည်။
mDrive ကဲ့သို့ တရားဝင်ကိုယ်စားလှယ်မဖြစ် တင်သွင်းရောင်းချသူများသည် ပေးဆောင်ရမည့် အခွန်အားလုံးကို ပေး ဆောင်ရပြီး အခွန်ပမာဏသည် ကုန်ပစ္စည်းတန်ဖိုးနှင့် တင်သွင်းစားရိတ် နှစ်ခုပေါင်း၏ ၁၀ မှ ၁၂ ရာခိုင်နှုန်း အထိရှိသည် ဟုလည်း သူကပြောသည်။
mDrive တွင်ရောင်းချမည့် ပစ္စည်းများ၏ ဈေးနှုန်းကို မသတ်မှတ်ရသေးသော်လည်း ဘန်ကောက်နှင့် စင်္ကာပူမှ Apple အရောင်းဆိုင်များ၏ ဈေးနှုန်းထက် ၁ ရာခိုင်နှုန်း သို့မဟုတ် ၂ ရာခိုင်နှုန်း ပိုများနိုင်ဖွယ်ရှိသည်ဟု ဦးမြတ်ထူး ကဆို သည်။ တရားမဝင်ဆိုင်များထက် ဈေးပိုပေးရမည် ဖြစ်သော်လည်း ဝယ်ယူသူများအတွက် အကျိုးရှိစေလိမ့်မည်ဟု သူက ပြောသည်။
“လူတွေကတော့ ဈေးပိုများတာကိုပဲ မြင်မယ်လို့ ထင်ပါတယ်။ တရားမဝင် ရောင်းကြတာတွေထက် ၁၀ ဒေါ်လာလောက် ပိုများနေလိမ့်မယ်။ ပြဿနာက ဘာလဲဆိုတော့၊ တရားမဝင်ဈေးကွက်က ဝယ်ရင် အာမခံချက်မရှိဘူး။ သူတို့က ပြင်ဆင် လဲလှယ်နိုင်ခွင့် အာမခံလက်မှတ်ပေးမှာ မဟုတ်ဘူး။ ကျနော်တို့က အာမခံချက်ပေးမယ်” ဟု ဦးမြတ်ထူး ကပြောသည်။
ဦးမြတ်ထူးက သူ၏ ဆိုင်သည် မြန်မာနိုင်ငံတွင် ပထမဆုံးသော Apple ၏ တရားဝင် အရောင်းဆိုင်ဟု ပြောသော်လည်း ဆာကူရာတာဝါတွင် ဒေသဆိုင်ရာ Apple ပစ္စည်း လက်လီအရောင်းဆိုင် တဆိုင်က ဖေဖော်ဝါရီလ ကတည်းက ဖွင့်လှစ်ထားပြီး ဖြစ်သည်။
ဦးမြတ်ထူးက မှောင်ခိုတင်သွင်းလာသည့် Apple အမှတ်တံဆိပ် ပစ္စည်းများ မြန်မာနိုင်ငံတွင် ဈေး ချိုချို ဖြင့် နောက်ထပ် ၁နှစ် ၂နှစ်လောက် ရနိုင်နေလိမ့်ဦးမည် ဟု ယူဆသည်။ သို့သော်လည်း အခွန်ငွေလျော့နည်းကျဆင်းမှုကို အစိုးရက သတိပြုမိပြီး ထိုပြဿနာကို ဖြေရှင်းရန်အတွက် အကောက်ခွန် စစ်ဆေးရေး စခန်းများတွင် အဖွဲ့များဖွဲ့စည်း ခဲ့သည်ဟု ဆိုသည်။
“အခုဆိုရင် ဒီကိစ္စတွေကို သွားရောက်စစ်ဆေးဖို့ အဖွဲ့သစ်တခုရှိနေပါပြီ။ မြန်မာနိုင်ငံထဲကို မှောင်ခိုလမ်းကြောင်းက နေ စီးဝင်နေမှုကို ဖြေရှင်းနိုင်ဖို့ သူတို့ကြိုးစားပါလိမ့်မယ်” ဟုလည်း ဦးမြတ်ထူးက ပြောသည်။
“ဟိုအရင်တုန်းက ဆိုရင် မြန်မာနိုင်ငံထဲကို iPad ၁၀ခု ယူလာတယ်ပဲထားပါတော့။ အကောက်ခွန်ဌာနက ဘာမှသိပ် ပြော နေမှာ မဟုတ်ပါဘူး။ အခုဆိုရင်တော့ သူတို့က ဒါတွေကို အကောက်ခွန်ဥပဒေအရ စစ်ဆေးပါတော့မယ်။ ဒါကြောင့် စတင် ပြီးတော့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်နေပြီလို့ ပြောနိုင်ပါတယ်” ဟု သူကဆိုလိုက်သည်။
(Simon Lewis ၏ Authorized Apple Sellers Must Compete With Black Market Counterparts ကို နိုင်မင်းသွင် ဘာသာပြန်သည်)