လက်ရှိ အအပ်ခံနေသည့် “သ” အက္ခရာ ကားဟောင်း ရှားပါးနေပြီး ဈေးကွက်တွင် အောက်ကားဈေးနှုန်း မြင့်တက်နေကြောင်း သိရသည်။
သ အက္ခရာကားဟောင်းကို ဇွန်လ ၂၅ ရက်နေ့မှစ၍ အပ်နှံခွင့်ပြုခဲ့ပြီး စတင် အပ်နှံခွင့်ပြုခဲ့စဉ်က သ အက္ခရာ ကားဟောင်း စလစ် ပေါက်ဈေးသည် ကျပ်သိန်း ၁၀၀ ဝန်းကျင်ခန့်သာ ရှိခဲ့သော်လည်း ယခုလက်ရှိ အချိန်တွင်မူ အောက်ကား ရှားလာပြီး ကားဟောင်းစလစ် ရှားပါးလာသည့်အတွက် သ အက္ခရာကားဟောင်း စလစ် ပေါက်ဈေး သိန်း ၁၁၀ ကျော်ခန့် အထိ မြင့်တက် လာကြောင်း ကားဝယ်ရောင်း လုပ်ငန်း လုပ်ကိုင်နေကြသူများထံက ဆိုသည်။
“သ အက္ခရာ စလစ်ဈေး ဘာလို့တက်လဲ ဆိုရင်တော့ အောက်ကား ရှားသွားလို့။ ဒီအတွက် စလစ်ရှားသွားလို့ ဈေးတက် လာတယ်လို့ပဲ ပြောရမှာပေါ့။ အခု သ အက္ခရာ လက်ခံမှာက စက်တင်ဘာ လကုန်လောက် အထိလို့ ကြားတယ်။ သ အက္ခရာ ပြီးရင် အ အက္ခရာလို့လည်း ပြောနေကြတယ်” ဟု မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ဝါရင့် ကားဝယ်ရောင်း လုပ်ငန်းလုပ်ကိုင်နေသူ ဦးကျော်နိုင်က ဧရာဝတီသို့ ပြောသည်။
သ အက္ခရာ လက်ခံပြီးချိန်တွင် အ အက္ခရာ ကားဟောင်းများကို လက်ခံမည်ဆိုသည့် သတင်းများကြောင့် ယခုလက်ရှိ အချိန်တွင် အ အက္ခရာ ယာဉ်များ၏ အောက်ကား ဈေးနှုန်းများမှာလည်း ကျပ်သိန်း ၈၀ ဝန်းကျင်ခန့်အထိ မြင့်တက် နေကြောင်း၊ အ အက္ခရာ ကားများ လက်ခံရန် ၁ လ ဝန်းကျင်ခန့် လိုသေးကြောင်း ကားဝယ်ရောင်း လုပ်ငန်းလုပ်ကိုင်နေသူ ကိုထွန်းက ဆိုသည်။
ယခုအခါ သ အက္ခရာ ကားဟောင်း အပ်နှံသူ နည်းပါး နေပြီး တရက်လျှင် အပ်ကား ၂၀ ဝန်းကျင်ခန့်သာ ရှိကြောင်း သိရသည်။
“ကျန်သေးတဲ့ အစီးအရေအတွက်က ၆၀၀ လောက် ရှိသေးတယ်။ အခုဟာက ကားဟောင်း တော်တော်ကို နည်းသွားတော့ တရက်ကို အစီးရေ ၂၀ ဝန်းကျင်လောက်ပဲ လာအပ်ကြတော့တယ်။ အရင်က အပ်ကြတာတော့ ပုံမှန် မရှိပေမယ့် အများဆုံး အပ်ခဲ့တာက တရက်ကို အစီး ၃၀၀ လောက်တော့ ရှိတယ်။ သ အက္ခရာလက်ခံတာ စက်တင်ဘာ လကုန် လောက်အထိလို့ ပြောလို့ရမယ် ထင်တယ်” ဟု ယာဉ်အိုယာဉ်ဟောင်း လက်ခံရာဌာန ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ ရှိသည့် သ အက္ခရာ ကားအစီးရေမှာ ၄၇၀၀ ခန့် ရှိကာ ယခုလက်ရှိ အချိန်တွင် ၄၁၅၀ ကျော်အထိ ကားဟောင်း အပ်နှံလက်ခံထားကြောင်း ၎င်းက ဆက်လက်ပြောသည်။
အစိုးရက ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်ပြီး ယာဉ်အို/ ယာဉ်ဟောင်းများ ဖျက်သိမ်း၍ အစားထိုး တင်သွင်းခြင်း စီမံချက်ကို စတင် အကောင်အထည် ဖော်ခဲ့၍ မှတ်ပုံတင် သက်တမ်း နှစ် ၄၀ ကျော်၊ နှစ် ၃၀ ကျော်၊ နှစ် ၂၀ ကျော် ကားဟောင်းများကို အပ်နှံခွင့်ပြု၍ ကားသစ်များဖြင့် လဲလှယ်စေခဲ့ရာ လက်ရှိအချိန်တွင် ယာဉ်အို/ ယာဉ်ဟောင်း ကိုးသောင်း ဝန်းကျင်ခန့် အပ်နံှခွင့် ပြုပြီးဖြစ်ကြောင်း သိရသည်။
ထို့အပြင် သ အက္ခရာ ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံခွင့် မပေးခင်က လ အက္ခရာ ယာဉ်ဟောင်းများ အပ်နှံခွင့်ပြုခဲ့ရာ ယခုလက်ရှိ အချိန်အထိ လ အက္ခရာ ကားများ အပ်နှံရန် ၂၅၄ စီးခန့် ကျန်ရှိနေသေးကြောင်း၊ မော်တော်ယာဉ် ရောင်းဝယ်ရေး ဈေးကွက်တွင် အောက်ကားများကိုသာ ဈေးပေးကာ လိုက်လံ ဝယ်ယူနေကြသော်လည်း ဈေးကွက်တခုလုံး၏ အရောင်း အဝယ်မှာ ပါးနေကြောင်း သိရသည်။
“အခုဟာက ကားဈေးကွက်က တော်တော် အေးနေတယ်။ နယ်ဝယ်လက်တွေလည်း မဆင်းတာ ကြာပြီ။ ဒီတော့ အရောင်း အဝယ်ပါးတာပေါ့။ အောက်ကားတွေပဲ အရောင်းအဝယ်နည်းနည်းဖြစ်နေတာ။ ကားဈေးနှုန်းတွေကလည်း ပုံမှန်ပါပဲ။ မမြင့်လည်း မမြင့်သလို မကြလည်း မကြလာဘူး” ဟု ကားဝယ်ရောင်း လုပ်ငန်းလုပ်ကိုင်နေသူ ဦးကျော်နိုင်က ဆိုသည်။