စီးပွားရေး

မိုဘိုင်းဖုန်းကွန်ရက် ရင်းနှီးမြှုပ်နှံမှုနှင့် ခရိုနီဝါဒ

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ မိုဘိုင်းတယ်လီဖုန်း ကွန်ရက်ဖွံ့ဖြိုးရေးတွင် လာရောက်ရင်းနှီးမြှုပ်နှံကြမည့် နိုင်ငံခြား ဆက်သွယ်ရေး ကုမ္ပဏီ များကို ပင့်ကူအိမ်သဖွယ် ရှုပ်ထွေးသည့် ခရိုနီဝါဒနှင့် အကျင့်ပျက်ခြစားမှုများက စောင့်ကြိုလျှက်ရှိကြောင်း နိုင်ငံတကာ စီးပွားရေးလေ့လာမှု အစီရင်ခံစာ တစောင်တွင် သတိပေးထားသည်။

မိုဘိုင်းဖုန်း ကွန်ရက်ဖွံ့ဖြိုးရေးကို ကြီးကြပ်ရန် တာဝန်ရှိသည့် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) တွင် ယခုအချိန် သြဇာရှိသော နိုင်ငံရေးသမားများနှင့် သာမက ယခင်စစ်အစိုးရ နှင့်ပါ ဆက်သွယ် ပတ်သက်မှုရှိသည့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များကို ဦးစားပေးရမည့် အစီအစဉ်များ ရှိနေနိုင်သည် ဟုလည်း အမေရိကန်အခြေစိုက် သုတေသနနှင့် သုတေသန အထူးပြုကုမ္ပဏီ Maplecroft က ဆိုသည်။

Maplecroft က ဖော်ပြခဲ့သော ကုမ္ပဏီများထဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ သားနှစ်ဦး ပိုင်ဆိုင်သည့် Red Link Communication၊ ပြန်ကြားရေး ဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ် ဦးဝင်းမော် အမှုဆောင် အရာရှိချုပ် အဖြစ် ဆောင်ရွက် သည့် Forever Group နှင့် ယခင်စစ်အစိုးရနှင့် ခိုင်မာသော ဆက်သွယ်မှုရှိပြီး ပြန်ကြားရေးဝန်ကြီး ဌာနနှင့်လည်း လုပ်ငန်းတွဲဖက် လုပ်ဆောင်သည့် ရွှေသံလွင်ကုမ္ပဏီက ပိုင်ဆိုင်သော Sky Net တို့ ဖြစ်သည်။ ၎င်းတို့သည် ရုပ်သံလွှင့် မီဒီယာနှင့် အင်တာနက်ဝန်ဆောင်မှု လုပ်ငန်း အထူးပြု ကုမ္ပဏီများဖြစ်ကြသည်။

Red Link သည် ကြိုးမဲ့ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်နေပြီး Sky Net သည် ဂြိုဟ်တုစနစ်သုံး အင်တာနက် စနစ်နှင့် ရုပ်သံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီ ဖြစ်သည်။ ၎င်း၏ ရုပ်သံလိုင်း များတွင် နိုင်ငံခြား ဘောလုံး ပြိုင်ပွဲများကို အလေးထား ထုတ်လွှင့်ပေးနေသည်။

“ဒီလို လုပ်ပိုင်ခွင့်တွေ ပေးထားတာကြောင့် ဈေးကွက်ပြိုင်ဆိုင်မှု အခြေအနေတရပ် ဖြစ်လာဖို့ အတားအဆီး ဖြစ်လာ ပါတယ်။ ရလဒ်အနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို အကျင့်ပျက်ခြစားမှု အလေ့အထတွေ ရှိနေတဲ့ ပြည်တွင်း လုပ်ငန်းရှင်တွေနဲ့ ဖက်စပ်လုပ်ကိုင်ဖို့ ဖိအားပေးခြင်း ခံရနိုင်ပါတယ်” ဟု Maplecroft ၏ “Risks Await Entrants into Myanmar ‘s Telecoms Market” အမည်ရှိ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် လိုင်စင်နှစ်ခုကို ဇွန်လ အတွင်းက ကာတာနိုင်ငံမှ Ooredoo ကုမ္ပဏီနှင့် နော်ဝေနိုင်ငံမှ Telenor ကုမ္ပဏီ တို့ကို ဆန်ကာတင် ကုမ္ပဏီ ၁၁ ခုထဲမှ ရွေးချယ်ချထားပေးခဲ့ပြီး ဖြစ်သည်။ Telenor ၏ ရှယ်ယာအများစုကို နော်ဝေ အစိုးရက ပိုင်ဆိုင်ထားသည်။

၎င်းတို့ကို ၅၅ သန်းခန့် ရှိမည်ဟု ခန့်မှန်းရသော မြန်မာနိုင်ငံ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကို လွှမ်းခြုံနိုင်သည့် တယ်လီဖုန်း ကွန်ရက်ကို ၂၀၁၆ ခုနှစ် မတိုင်မီ တည်ထောင်ရန် လျာထား သတ်မှတ်ပေးထားသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ လူဦးရေ၏ ၅ ရာခိုင်နှုန်းသာလျှင် မိုဘိုင်းဖုန်း သို့မဟုတ် ကြိုးဖုန်းကို သုံးစွဲနိုင်သေးကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) ၏ အဆိုအရသိရသည်။ သို့သော်လည်း SIM ကတ်နှင့် အင်တာနက် ဝန်ဆောင်မှု တရားမဝင် မှောင်ခိုဈေးကွက်တခု ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပေါ်နေခြင်း အကြောင်းကို တရားဝင်ထုတ်ပြန်သည့် စာရင်းဇယားများတွင် ထည့်သွင်း ဖော်ပြထားခြင်း မရှိပေ။

စီးပွားရေး လုပ်ငန်းစုကြီးများ သို့မဟုတ် စစ်တပ်က ကျောထောက်နောက်ခံ ပေးထားသည့် ကုမ္ပဏီများနှင့် အလုပ်လုပ်မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် တရားမဝင်သော၊ ကျင့်ဝတ်မညီသော အပြုအမူများ ရှိနေသည့် အဖွဲ့အစည်းများကြောင့် အခက်အခဲများ ပြင်းပြင်းထန်ထန် ရင်ဆိုင်ရလိမ့်မည် ဟုလည်း အစီရင်ခံစာက ဆိုသည်။

“ကုမ္ပဏီတွေအနေနဲ့ အရောင်းကိုယ်စားလှယ်တွေ၊ တဆင့်ခံ ကန်ထရိုတ်တွေကို မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) နဲ့ မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက် (UMEHL) တို့က ထိန်းချုပ်ထားတာကို တွေ့ရပါလိမ့်မယ်။ ဒီလုပ်ငန်းကြီး နှစ်ခုစလုံးဟာ အကျင့်ပျက် ခြစားမှု၊ စီးပွားရေး ကျင့်ဝတ် ဖောက်ဖျက်မှု၊ အဓမ္မ အလုပ်ခိုင်းစေမှုနဲ့ တခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ လူသိများတဲ့ ကုမ္ပဏီကြီးတွေ ဖြစ်ကြပါတယ်” ဟုလည်း Maplecroft ၏ အစီရင်ခံစာတွင် ရေးသားထားသည်။

“နောက်ထပ် အပြိုင်ဖြစ်လာတဲ့ စိုးရိမ်စရာ တခုကတော့ ၂၀၁၃ ခုနှစ် ဇူလိုင်လ နှောင်းပိုင်းမှာ MEC ကို မြန်မာ့ ဆက်သွယ်ရေးက တယ်လီဖုန်း လုပ်ငန်းလိုင်စင် ချထားပေးလိုက်တာပါပဲ။ MEC ဝင်လာတာက ဒီဈေးကွက်ကို ကမောက်ကမ ဖြစ်စေပါလိမ့်မယ်။ ဒီလို ပေးလိုက်တာကြောင့် သူက အခြေခံ အဆောက်အအုံတွေနဲ့ အစိုးရရဲ့ ခွင့်ပြုချက်တွေကို လျင်လျင် မြန်မြန် ရယူနိုင်တာကြောင့် အကျိုးအမြတ် ထူးထူးကဲကဲ ရသွားနိုင်ပါတယ်” ဟု Maplecroft က ပြောသည်။

Telenor Myanmar က သြဂုတ်လမှ စတင်၍ ဝန်ထမ်းများ ခေါ်ယူနေပြီး မြန်မာ နိုင်ငံသားများအတွက် အလုပ်အကိုင် နေရာ ၃၀၀၀ အထိ ခန့်ထားပေးနိုင်လိမ့်မည်ဟု သတင်းများတွင် ဖော်ပြကြသည်။ သို့သော်လည်း ၎င်းတို့ထဲမှ သုံးပုံနှစ်ပုံ ခန့်သည် ဝန်ဆောင်မှုနှင့် အရောင်း ကိုယ်စားလှယ်များအဖြစ် ဆောင်ရွက်ကြမည့် မိတ်ဖက် ကုမ္ပဏီများတွင် တာဝန် ထမ်းဆောင်ရမည် ဖြစ်သည်ဟု Telenor Myanmar က ဆိုသည်။

Telenor Myanmar သည် ၎င်း၏ အစဉ်အလာများအတိုင်း ဘက်ပေါင်းစုံမှပါဝင်သော လုပ်ငန်းအစီအစဉ်နှင့် ကိုက်ညီသည့် ချဉ်းကပ်မှုများကို ပြုလုပ်သွားမည်ဖြစ်ကာ လိုအပ်သည့် လူသား အရင်းအမြစ်များကို ခေါ်ယူသွားနိုင်မည် ဖြစ်သည်ဟု သြဂုတ်လ အတွင်းက ထုတ်ပြန်ခဲ့သော ကုမ္ပဏီ၏ ကြေညာချက် တစောင်တွင် ဖော်ပြထားသည်။ ပထမအဆင့် ဝန်ထမ်း ခေါ်ယူမှုကို စက်တင်ဘာ လကုန်ပိုင်းအထိ ပြုလုပ်ခဲ့ရာတွင် အရေးတကြီး လိုအပ်နေသည့် အတွေ့အကြုံရှိ စီမံခန့်ခွဲရေး ဝန်ထမ်းများကို အလေးပေး ခေါ်ယူခဲ့သည်။

အကြီးတန်း စီမံခန့်ခွဲရေး ဝန်ထမ်းအများအပြားကို Telenor ၏ ကုမ္ပဏီခွဲဖြစ်သော ဘန်ကောက် အခြေစိုက် DTAC မှ Telenor Myanmar သို့ ပြောင်းရွှေ့ ခန့်ထားခဲ့သည်။ DTAC သည် ထိုင်းနိုင်ငံ၏ ဒုတိယအကြီးမားဆုံး မိုဘိုင်းဖုန်း ကွန်ရက် ဝန်ဆောင်မှု ကုမ္ပဏီ ဖြစ်သည်။ ၎င်းတို့ထဲတွင် နည်းပညာ အရာရှိချုပ် Prathet Tankuranum၊ ဈေးကွက် အရာရှိချုပ် Sharad Mehrotra နှင့် ဝန်ထမ်းရေးရာ ဌာန အကြီးအကဲ Tipayarat Kaewsringarm တို့ ပါဝင်ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် တာဝန်ယူမည့် အကြီးတန်း စီမံခန့်ခွဲရေး အဖွဲ့တခုတည်ဆောက် နေဆဲဖြစ်သည်ဟု Ooredoo ကုမ္ပဏီက သြဂုတ်လလယ်ပိုင်းတွင် ထုတ်ဖော် ပြောကြားခဲ့သည်။

Telenor နှင့် MPT တို့သည် စက်ပစ္စည်း ထောက်ပံ့ရေး အတွက် နောက်ကြောင်း မရှင်းသည့် တရုတ် အီလက်ထရွန်းနစ် ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်း Huawae Technologies နှင့် သဘောတူညီချက် ရရှိခဲ့သည်။

“Huawei ဟာ တရုတ်အစိုးရနဲ့ သံသယဖြစ်ဖွယ်ရာ ဆက်စပ်မှုတွေရှိနေသလို သူလျှိုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှုတွေ ရှိနေတယ်လို့ အနောက်နိုင်ငံများရဲ့ စွပ်စွဲမှုတွေ မကြာခဏ ရင်ဆိုင်နေရပါတယ်” ဟု မြန်မာ့ မိုဘိုင်းဖုန်း ကွန်ရက်အတွက် အဓိက စက်ပစ္စည်း ထောက်ပံ့သူ ဖြစ်လာမည့် Huawei ကုမ္ပဏီနှင့် ပတ်သက်၍ The International Business Times က သြဂုတ်လ အတွင်းတွင် ရေးသားခဲ့သည်။

ပြီးခဲ့သော ဆောင်းဦးကာလတွင် အမေရိကန်လွှတ်တော် ထောက်လှမ်းရေးဆိုင်ရာ ကော်မတီက အမေရိကန်ကုမ္ပဏီ များကို Huawei မှထုတ်လုပ်သော စက်ပစ္စည်းများ ဝယ်ယူခြင်းမှ တားမြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ သြ စတေးလျနိုင်ငံ ကလည်း ၎င်း၏ နိုင်ငံလုံဆိုင်ရာ ဖိုင်ဘာကွန်ယက်စီမံကိန်းအတွက် Huawei ကုမ္ပဏီမှ အဆိုပြုလွှာ တင်သွင်း ခြင်းကို လုံခြုံရေး အကြောင်းပြချက်ဖြင့် ယမန်နှစ်က ပိတ်ပင်တားမြစ်လိုက်သည်။

Huawei ကုမ္ပဏီသည် တရုတ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ဟု တိုက်ရိုတ်သက်သေပြနိုင်စရာ အကြောင်း မရှိသော်လည်း ၎င်းသည် အစိုးရထံမှ ငွေကြေးအထောက်အပံ့ ပုံမှန် ရရှိနေပြီးနောက် ၂၀၁၂ ခုနှစ်တွင် ဆွီဒင်နိုင်ငံမှ Ericsson ကုမ္ပဏီကို ကျော်တက်၍ ကမ္ဘာပေါ်တွင်အကြီးဆုံး တယ်လီဖုန်း ဆက်သွယ်ရေးပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်လာ သည်။

ကမ္ဘာအနှံ့အပြားတွင် သူ၏ ဝန်ထမ်းပေါင်း ၁၄၀၀၀၀ ရှိသည်ဟုလည်း Huawei ကုမ္ပဏီက ကျေညာခဲ့သည်။ အတည် မပြုနိုင်သေးသော သတင်းများအရ Ooredoo သည်လည်း Huawei နှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေသည် ဟုလည်း သိရသည်။

Ooredoo ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးတန်းမန်နေဂျာ Ross Cormack က ၎င်းတို့ကုမ္ပဏီ အနေဖြင့် ခိုင်ခိုင်မာမာ ကတိ ပေးထားသည့် အတိုင်း တာဝန်များလုပ်ဆောင်ပြနိုင်ရန် ရည်ရွယ်ထားသည်ဟု သြဂုတ်လအတွင်းက ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံ တလျှောက်မှာရှိတဲ့ အသိုင်းအဝိုင်းတွေ အားလုံးကြားမှာ ကွဲပြားခြားနားမှုတခုကို ပြသနိုင်ဖို့ ကျနော်တို့ အစွမ်း ကုန်ကြိုးစားသွားမှာပါ။ ကျနော်တို့ ဖောက်သည်တွေရဲ့ သက်သာချောင်ချိမှုကို အလေးထားလုပ်ဆောင်နိုင်ဖို့လည်း ကြိုးစားသွားပါမယ်” ဟု Cormack က ဆိုသည်။

ဆယ်နှစ်အတွင်းတွင် မြန်မာနိုင်ငံ၏ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀ ကူညီ ထောက်ပံ့ပေးသွားမည်ဟု Ooredoo က ကတိပြုထားသည်။

ဝီလျံဘွတ် ရေးသည့် Investors in Burma Telecom Sector Face ‘Corrupt, Crony Practices’: Report ကို နိုင်မင်းသွင် ဆီလျော်အောင် ပြန်ဆိုသည်။

Loading