စီးပွားရေး

၁၄ ရက်အတွင်း ဖို့ဒ် ကားသစ် စီးရေ ၁၀၀ ရောင်းရ

This article has been converted from Zawgyi One to Unicode

အမေရိကန် ဖို့ဒ်ကားကုမ္ပဏီက မြန်မာနိုင်ငံတွင် ပြခန်းဖွင့်လှစ်ပြီး ကားသစ်များ ရောင်းချလျက်ရှိရာ ၁၄ ရက်အတွင်း ကားသစ်စီးရေ ၁၀၀ ရောင်းချနိုင်ခဲ့ကြောင်း ဖို့ဒ်ကားကုမ္ပဏီ၏ အာရှပစိဖိတ်ဈေးကွက်ဌာန၏ မန်နေဂျာ Mr. David Westerman က ပြောသည်။

ရန်ကုန်မြို့၊ သမိုင်းလမ်းဆုံအနီးရှိ ဖို့ဒ်ကားအရောင်းပြခန်း တရားဝင်ဖွင့်လှစ်ခြင်း သတင်းစာ ရှင်းလင်းပွဲ တွင် ၎င်းက အထက်ပါ အတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

အမေရိကန်ဖို့ဒ် ကားကုမ္ပဏီသည် ရန်ကုန်မြို့တွင် ကားအရောင်းပြခန်းကို ယနေ့ တရားဝင်ဖွင့်လှစ်လိုက်ပြီး ပြခန်း မဖွင့်လှစ်မီ ကတည်းက ကားသစ်များ လာရောက်ဝယ်ယူမှုများ ရှိခဲ့ကြောင်း၊ ၁၄ ရက်အတွင်း ကားသစ်စီးရေ ၁၀၀ ရောင်းချ နိုင် ခဲ့ကြောင်း၊ ယင်းသို့ယခုလို ရောင်းအားရှိမည့်အတွက် အထူးကျေနပ်မိပါကြောင်း Mr. David Westerman က ဆိုသည်။

“ကျနော်တို့အနေနဲ့ကတော့ မြန်မာနိုင်ငံက ကားဈေးကွက်မှာ ဦးဆောင်ပါဝင်သူ အဖြစ် ရှိလာမယ်လို့ မျှော်လင့် ထား ပါတယ်။ အဲဒါကလည်း တကမ္ဘာ လုံးကိုပေးတဲ့ ဝန်ဆောင်မှုမျိုး၊ စိတ်အချရဆုံး လုံခြုံမှုကို ပေးနိုင်မှာ ဖြစ်တဲ့အတွက် ဂျပန်ကား တွေနဲ့ ယှဉ်ပြိုင်တဲ့အခါမှာ လူတွေရဲ့ စိတ်ကျေနပ်မှုကို ရမယ်ဆိုတဲ့ ယုံကြည်မှုရှိပါတယ်။ သုံးစွဲသူတွေကလည်း စိတ်ချ ယုံကြည်မှု ဆိုတာနဲ့ ရွေးချယ်မှာပါ” ၎င်းကဆိုသည်။

ဖို့ဒ်ကားကုမ္ပဏီသည် မြန်မာနိုင်ငံတွင် အမေရိကန် ဒေါ်လာသန်း ၂၀ မျှ ရင်းနှီးမြှုပ်နှံထားပြီး မကြာမီ နိုင်ငံတဝန်း ကားသစ် အရောင်းပြခန်းများ၊ ယာဉ်စက်ပိုင်း ဝန်ဆောင်မှု စင် တာများ၊ အပိုပစ္စည်း နှင့် အရောင်းပြခန်း များ ဖွင့်လှစ် သွားမည် ဟု သိရှိရသည်။

ဖို့ဒ်ကုမ္ပဏီ၏ အာရှဈေးကွက် ဥက္ကဋ္ဌ Matt Bradley က “Ford အမှတ်တံဆိပ်ကို မြန်မာနိုင်ငံထဲကို ဝင်လာတာက ကုမ္ပဏီရဲ့ ကြီးထွားရေးမဟာဗျူဟာကို အထောက်အပံ့ပေးမှာ ဖြစ်တဲ့အပြင် လူဦးရေ သန်းပေါင်း ၆၀၀ ရှိတဲ့ အာဆီယံ ဒေသမှာ အဓိကတိုးချဲ့သွားမှာပါ” ဟု ဆိုသည်။

ဖို့ဒ်ကုမ္ပဏီက ရောင်းချသော ကားများကို ဝယ်ယူအသုံးပြုမည်ဆိုပါက အာမခံ အချိန်အားဖြင့် သက်တမ်း ၅ နှစ် ကီလို မီတာအားဖြင့် တသိန်း အာမခံ ပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဖို့ဒ်ကုမ္ပဏီက ထုတ်လုပ်သော Ranger ၊ F-series Pickup၊ Explorer Event SUV ကားများ အပြင် ဇိမ်ခံကား Taurus ကားများလည်း ပါဝင်မည်ဖြစ်ကြောင်း၊ ဖို့ဒ် ကား ကုမ္ပဏီ သည် မြန်မာနိုင်ငံတွင် ကားထုတ်လုပ်သော စက်ရုံတည်ဆောက်ရန်အစီအစဉ်မရှိသေးဘဲ လတ်တလော ပြည်တွင်း တွင် အရောင်း ကိုယ်စားလှယ် ၉ ခုနှင့် ဆားဗစ် စင်တာ ၅ ခု ဖွင့်လှစ်ထားကြောင်း သိရှိရသည်။

အမေရိကန် ကားကုမ္ပဏီ ဖို့ဒ်နှင့် အကျိုးတူ လုပ်ဆောင်မည့် မြန်မာ ကုမ္ပဏီမှာ စားသောက်ကုန်လုပ်ငန်း လုပ်ကိုင်သည့် ဒိုင်းမွန်းစတားအုပ်စုမှ ဒေါက်တာ ကိုကိုကြီး၏ Capital Automotive ဖြစ်သည်။

Loading