စီးပွားရေး

ဖားကန့် ကျောက်စိမ်းများနှင့် အနာဂတ်

This article has been converted from Zawgyi One to Unicode

အခု လက်ထဲမှာ ကိုင်ထားသည့် လက်တဝါးလောက်ရှိမည့် ကျောက်စိမ်းတုံးလေးကို ရဖို့ လှုပ်လီလှုပ်လဲ့နှင့် ယိမ်းထိုးနေသော မြေစာပုံကြီးပေါ်မှာ ကိုတင်ထွန်း တညလုံး အချိန်ကုန်ခဲ့ရသည်။ ဒီကျောက်စိမ်းတုံးလေးက သူ၏ အနာဂတ် ဖြစ်လာဖို့ ကိုတင်ထွန်း မျှော်လင့်နေသည်။ ယခင်ကလည်း ဒီလိုမျိုး ကြုံခဲ့ရဖူးသည်။

“မနှစ်က သိန်း ၅၀၀ လောက်တန်တဲ့ ကျောက်တလုံး ရဖူးတယ်” ဟု သူက ပြောသည်။ မြန်မာနိုင်ငံ အနောက် မြောက်ဘက်ဒေသ ကျောက်စိမ်းဒေသမှ မြေစာပုံများ ချိုင့်ကျင်းကြီးများကြားတွင် ခက်ခက်ခဲခဲ ရှာဖွေခဲ့ရသည့် ကျောက်က ဒေါ်လာ ၅၀၀၀၀ ခန့်တန်ပြီး အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်သော ကိုတင်ထွန်း အတွက် ဇာတိရပ်ရွာတွင် မြေကွက်ဝယ်ကာ အိမ်တလုံးဆောက်ဖို့ လိုအပ်သည်ထက်ပင် ပိုနေပါသေးသည်။

သို့သော်လည်း ငွေကြေးအင်အား တောင့်တင်းပြီး စက်ယန္တယားများ အသုံးပြု၍ တူးဖော်နေကြသော မြန်မာစစ်တပ် နှင့် ၎င်းတို့က ထောက်ပံ့ပေးထားသည့် လုပ်ငန်းရှင်ကြီးများ၊ မြန်မာ ကျောက်စိမ်းအများစု ရောက်ရှိသွားရာ ခရီးဆုံးဖြစ်သော တရုတ် နိုင်ငံနှင့် အချိတ်အဆက် ရှိသည့် ကုမ္ပဏီများ နှင့် နှိုင်းစာလျှင် ကိုတင်ထွန်းတို့လို ရေမဆေးကျောက် ရှာဖွေသူ အသေးအမွှားလေးတွေအတွက် ဒီလို အခွင့်အရေးမျိုးက အလွန်နည်းပါး ပါသည်။

ကျောက်စိမ်း အရောင်းအဝယ် ဈေးကွက်၏ တဝက်ခန့်သည် တရားမဝင် စခန်းသွားနေပြီး တရုတ်နယ်စပ်ကို အခွန်အနည်းငယ်ခန့်နှင့် သို့မဟုတ် တရားဝင် အခွန်လုံး၀ ပေးဆောင်ခြင်းမရှိဘဲ ရဲရဲတင်းတင်းပင် ဖြတ်ကျော် ထွက်သွားကြသည်။ ထို့ကြောင့် ရာစုနှစ်ဝက်နီးပါးမျှ စစ်အုပ်ချုပ်ရေး လက်အောက်တွင် ရှိနေခဲ့သည့် နိုင်ငံကို ပြန်လည် တည်ဆောက်ရာတွင် အသုံးပြုနိုင်သည့် အခွန်ငွေ ဒေါ်လာ ဘီလီယံပေါင်းများစွာ ဆုံးရှုံးနေရသည်။

တရားဝင်ထုတ်ပြန်သည့် စာရင်းဇယားများကလည်း အခွန်ဘဏ္ဍာ ဒေါ်လာဘီလီယံနှင့် ချီ၍ ဆုံးရှုံးနစ်နာရမှုကို အတည်ပြုခဲ့သည်။ ၂၀၁၁/၁၂ ဘဏ္ဍာရေးနှစ် အတွင်းတွင် မြန်မာနိုင်ငံမှ ကျောက်စိမ်း ထုတ်လုပ်မှုသည် ကီလိုဂရမ် ၄၃ သန်း ကျော် ရှိခဲ့သည်။ ဈေးဟောင်း ဖြစ်သော ၁ ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ ၁၀၀ ဈေးနှင့် တွက်မည်ဆိုလျှင်ပင် ဒေါ်လာ ၄.၃ ဘီလီယံ တန်ကြေးရှိသည်။ သို့သော်လည်း တရားဝင် ထုတ်ပြန်ကျေညာသော စာရင်းဇယားများတွင် အဆိုပါ နှစ်အတွင်း ကျောက်စိမ်းတင်ပို့မှုမှ ရရှိငွေ ဒေါ်လာ ၃၄ သန်းသာ ရရှိခဲ့သည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

တရုတ်အစိုးရက ထုတ်ပြန်သော စာရင်းဇယားများကလည်း နားလည်ရန်ခက်ခဲသည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှ ကျောက်စိမ်း မည်မျှ တင်သွင်းသည် ဆိုသည်ကို လူသိရှင်ကြား ထုတ်ဖော်ကြေညာခြင်းမျိုး မရှိပေ။ သို့သော်လည်း ကျောက်စိမ်းသည် တရုတ်နိုင်ငံတွင် တရားဝင် တင်သွင်းရသည့် ကျောက်မျက်ရတနာနှင့် သတ္တုများစာရင်းတွင် ပါဝင်နေပြီး ၂၀၁၂ ခုနှစ်အတွင်း တင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၂၉၃ သန်းရှိသည်ဟု ထုတ်ပြန်ခဲ့၏။ ထို့ကြောင့် ဒေါ်လာဘီလီယံ နှင့် ချီ၍ တန်ဖိုးရှိသော မြန်မာ့ကျောက်စိမ်းများ မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကို တရုတ်ဖက်မှ စာရင်းဇယားများ အရလည်း ဖော်ထုတ်သိရှိနိုင်ရန် မဖြစ်နိုင်ပါ။

ထိုသို့ ဆုံးရှုံးနေခြင်းက မြန်မာနိုင်ငံအတွက် ကြီးမားသော ပြဿနာတရပ်ကို ဖော်ပြနေသည်။ ရေနံ၊ သစ်တောနှင့် ကျောက်မျက် တွင်းထွက်များက လက်နက်ကိုင် ပဋိပက္ခများ ကာလရှည်ကြာ ဖြစ်ပေါ်စေရန် မီးထိုးပေးသလို ဖြစ်နေချိန်တွင် သြဇာ အာဏာရှိသော လူပုဂ္ဂိုလ်များ၊ အဖွဲ့များက ပိုမို၍ ချမ်းသာလာနေသည်။ လျှို့ဝှက်ထားသည့် မြန်မာနိုင်ငံ၏ ကျောက်စိမ်းတွင်း လုပ်ငန်းများတည်ရှိရာ ဖားကန့်သို့ ရိုက်တာ သတင်းအဖွဲ့ သွားရောက်လေ့လာခွင့် ရှားရှားပါးပါးရရှိရာတွင် ပရမ်းပတာ နှင့် မင်းမဲ့စရိုက် လွှမ်းနေသော နယ်မြေတွင် အစိုးရစစ်သားများနှင့် လက်နက်ကိုင် တိုင်းရင်းသားများ၏ တိုက်ပွဲကို မြင်တွေ့ခဲ့ရသည်။ ပြည်မကြီးမှ ရောက်လာသော ကျောက်စိမ်း ကုန်သည်များကိုလည်း ဘဝတလျှောက်လုံး ကျောက်စိမ်းရှာရင်း ဘိန်းဖြူစွဲနေကြသော ကျောက်တူးသမားများနှင့် ပခုံးချင်းတိုက် သွားလာနေသည်ကို တွေ့ခဲ့ရသည်။

ကျောက်စိမ်းလုပ်ငန်းမှ ပျောက်ဆုံးနေသော ဒေါ်လာသန်းပေါင်းများစွာ အကြောင်းနှင့် လူမှုကုန်ကျစရိတ်များ နှင့် ပတ်သက်၍ ရိုက်တာ သတင်းဌာနမှ သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ မြင့်အောင် ထံသို့ စာရေးသား မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခြင်း မရှိပေ။

၂၀၁၁ ခုနှစ် မတ်လတွင် ပြုပြင်ပြောင်းလဲရေး အစိုးရ တာဝန်ယူခဲ့ပြီးနောက် မြန်မာနိုင်ငံသည် ပြန်လည် ရောက်ရှိလာမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နှင့် အကူအညီများကို စီးပွားရေးအတွက် မျှော်လင့်လာသည်။ သို့သော်လည်း စီးပွားရေး ပညာရှင် အချို့က မြန်မာနိုင်ငံ၏ စီးပွားရေးအောင်မြင်မှု အလားအလာနှင့် စည်းလုံးညီညွတ်မှုသည် တွင်းထွက် ကုန်ကြမ်းများပေါ်မှ အခွန်ဘဏ္ဍာ ရရှိမူအပေါ်တွင် မူတည်ကြောင်း ခိုင်ခိုင်မာမာ ပြောကြသည်။

တရားမဝင် တင်ပို့မှု အပါအဝင် ကျေက်စိမ်းရောင်းချခြင်း စုစုပေါင်းနှင့် ပတ်သက်၍ ယုံကြည် လက်ခံနိုင်လောက်စရာ ခန့်မှန်း တွက်ချက်ထားမှုကလည်း အနည်းငယ်သာ ရှိသည်။ အရပ်သား အမည်ခံ မြန်မာအစိုးရကို အကြံပေးနေသော The Harvard Ash Center ကရ ရှိသော ကိန်းဂဏန်းများသည် ဖြစ်နိုင်ခြေ အရှိဆုံးဖြစ်သည်။

ကျောက်စိမ်းထုတ်လုပ်ရာ ဒေသသို့ သုတေသီများ စေလွှတ်လေ့လာခဲ့ပြီးနောက် ဇူလိုင်လအတွင်းက ထုတ်ပြန်ခဲ့သော Harvard Ash Center ၏ အစီအရင်ခံစာတွင် ၂၀၁၁ အတွင်း မြန်မာနိုင်ငံ၏ ကျောက်စိမ်း အရောင်းပမာဏသည် အမေရိကန်ဒေါ်လာ ၈ ဘီလီယံ ရှိသည်ဟု ဖော်ပြထားသည်။ ထိုပမာဏသည် သဘာဝဓာတ်ငွေ့မှ ဝင်ငွေ၏ နှစ်ဆရှိပြီး ၂၀၁၁ ခုနှစ် ဂျီဒီပီ၏ ၆ ပုံ ၁ ပုံနီးပါး ဖြစ်နေသည်။

“လက်တွေ့မှာ တော့ အစိုးရလက်ထဲကို ဘာမှရောက်မလာဘူး။ ခုချိန်မှာ အစိုးရက သတ္တုတွင်း လုပ်ငန်းတွေဆီကနေ မြေငှားခ တစိတ်တပိုင်းပဲ ကောက်ခံ နေနိုင်တဲ့အတွက် ခေတ်မီတဲ့ ဘဏ္ဍာရေး စနစ်တခု ရှိဖို့လိုနေပါပြီ” ဟု အစီရင်ခံစာကို ပူးတွဲ ရေးသားခဲ့သူ David Dapice က ရိုက်တာကိုပြောသည်။

ပျောက်ဆုံးသွားသော ကျောက်တုံးများ

တရုတ်လူမျိုးတို့က ကျောက်စိမ်းကို လှမှုပကြောင့်နှင့် သူတို့၏ သင်္ကေတအဖြစ် ထောင်စုနှစ်များစွာ ကတည်းက တန်ဖိုးထား နှစ်ခြိုက်ခဲ့ကြသည်။ ကျောက်စိမ်းကို ဝတ်ဆင်ခြင်းဖြင့် ကံကောင်းစေပြီး ချမ်းသာကြွယ်ဝမှုနှင့် အသက်ရှည်ခြင်းကိုလည်း ဖြစ်စေနိုင်သည်ဟု အများက လက်ခံယုံကြည်ကြသည်။ ထို့အပြင် ရင်းနှီးမြှုပ်နှံမှု တခု ဖြစ်နေခြင်းကလည်း မြန်မာ ကျောက်စိမ်းများကို တရုတ်နိုင်ငံက လိုချင်တပ်မက်ရခြင်း အကြောင်းများထဲက တချက်ဖြစ်သည်။

ကျောက်စိမ်းက တန်ဖိုးကြီးရုံသာမက သယ်ယူပို့ဆောင်ရတာလည်း လွယ်ကူသည်။ “သူတို့ မဖွက်နိုင်တဲ့ ကျောက်စိမ်းတုံးတွေပဲ ကျောက်မျက် ရတနာပြပွဲကို ရောက်တာပါ” ဟု ဖားကန့်မှ ကျောက်ကုန်သည်တဦး ဖြစ်သူ ဦးတင်စိုးက ပြောသည်။ နေပြည်တော်တွင် တရားဝင် ပြုလုပ်လေ့ရှိသည့် ကျောက်စိမ်းလေလံပွဲကို ရည်ရွယ်၍ ပြောခြင်းဖြစ်သည်။

ကျန်သည့် ကျောက်စိမ်းတွေကိုတော့ ကုန်တင်ကားတွေနှင့် တင်ပြီး “ဂျော်ကီ” ဟုခေါ်ကြသည့် သယ်ယူရေးသမားတွေက မြန်မာစစ်တပ် ထိန်းချုပ်ရာဒေသများ သို့မဟုတ် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်ရာဒေသများကို ဖြတ်ကျော်ပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ကြသည်။ မည်သည့်နယ်မြေကို ဖြတ်ကျော်သည်ဖြစ်စေ ဂိတ်ကြေးပေးကြရသည်။ တရုတ်နိုင်ငံလုံးဆိုင်ရာ ကျောက်စိမ်းကုန်သွယ်ရေး အဖွဲ့သည် ဘေဂျင်းမြို့တွင် အခြေစိုက်ပြီး အစိုးရနှင့် ပတ်သက်သော အဖွဲ့အစည်းတခုလည်း ဖြစ်သည်။ တွေ့ဆုံမေးမြန်းခွင့်ရရှိရန် အဆိုပါအဖွဲ့သို့ ရိုက်တာ သတင်းဌာနက အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့သော်လည်း ၎င်းတို့က ငြင်းပယ်ခဲ့သည်။

ကချင်ပြည်နယ်တွင်ရှိသော ဖားကန့်ဒေသသည် တရုတ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံကြားတွင် မဟာဗျူဟာမြောက်စွာ တည်ရှိနေသည်။ ကမ္ဘာပေါ်တွင် အရည်အသွေးမြင့် ကျောက်စိမ်းများ အရေအတွက် အများဆုံးထွက်ရှိသည့် နေရာလည်း ဖြစ်သည်။ ဖားကန့်ဒေသရှိ သတ္တုတွင်း ဝန်ကြီးဌာနရုံးများ၏ အပြင်ဘက်တွင် “မြေလွှာကိုဖွင့် ပြည်ကိုမြှင့်အံ့” ဆိုသော ဆောင်ပုဒ်ကို စိုက်ထူထားသည့် ဆိုင်းဘုတ်ကို တွေ့နိုင်သည်။

လက်တွေ့တွင် သဘာ၀ သယံဇာတ ကြွယ်ဝမှုမှ မြန်မာနိုင်ငံ အကျိုးအမြတ် ရရှိသည်ဟု ပြသစရာ အထောက်အထား အနည်းငယ်သာ ရှိသည်။ ကြီးမားသည့် ကျင်းချိုင့်များ ပြည့်နှက်နေသော ဖားကန့်သို့ သွားရာလမ်းသည် လေးဘီးယက် ကားများပင် လွယ်ကူစွာ သွားနိုင်ခြင်းမရှိပါ။

မိုးရာသီအချိန်ဆိုလျှင် ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမှ ဖားကန့်အထိ ၆၈ မိုင်သာ ကွာဝေးသည့် ခရီးကို ၉ နာရီကြာ သွားရသည်။

မြန်မာနိုင်ငံသား မဟုတ်သူများကို ဖားကန့်သို့ သွားရောက်ခွင့် ပြုလေ့ မရှိသော်လည်း အငှားယာဉ်မောင်းများက တရုတ်ကုန်သည်များကို မတန်တဆမြင့်မားသည့် ဈေးနှုန်းဖြင့် ပို့ဆောင်ပေးနေသည်။ လမ်းခရီး တလျှောက်ရှိ ရဲနှင့် စစ်တပ် စစ်ဆေးရေးဂိတ်များတွင် လာဘ်ငွေပေးရသဖြင့် ထိုသို့ ဈေးကြီးရခြင်းဖြစ်၏။ အစိုးရကမူ ဖားကန့်သို့ သွားရောက်ခွင့် ကန့်သတ်ထားခြင်းကို လုံခြုံရေးအရဟု အကြောင်းပြသည်။ မြန်မာစစ်တပ် နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်ကြားတွင်လည်း ဖားကန့်လမ်းကို ထိန်းချုပ်နိုင်ရေးအတွက် ကာလရှည်ကြာစွာ ပြိုင်ဆိုင်နေခဲ့ကြသည်။ လမ်းတွင် မြေမြှုပ်မိုင်းများ ရှိသည်ဟုလည်း ဆိုကြသည်။ သို့သော်လည်း ကန့်သတ်ခြင်းများသည် ကျောက်စိမ်းလုပ်ငန်းမှ အကြီးဆုံး လုပ်ငန်းရှင်ကြီးများကို စုံစမ်းခြင်းများနှင့် ကြောက်လန့်စရာ လူမှုရေးစားရိတ်များကို လျှော့ချနိုင်ရန် အတွက်ဖြစ်သည်။ အလုပ်သမားများ သေဆုံးမှုကလည်း အထူးများပြားပြီး ဘိန်းဖြူသုံးစွဲမှုနှင့် HIV ကူးစက်မှု မြန်မာနိုင်ငံတွင် အမြင့်ဆုံးဒေသလည်း ဖြစ်သည်။

ထို့အပြင် ကျောက်စိမ်းနှင့် ကချင်ပြည်နယ်မှ ပဋိပက္ခများ သိသာထင်ရှားစွာ ဆက်စပ်မှုရှိနေသည်ဟု မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ အကြီးတန်းအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော Richard Horsey ကပြောသည်။ မြန်မာစစ်တပ်နှင့် KIA ကြားရှိ ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေးသည်လည်း ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားပြီး အဆုံးသတ်ခဲ့ရသည်။ တိုက်ပွဲများကြောင့် လူပေါင်း ၁၀၀၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရသည်။

“နှစ်ဖက်လုံးက ရနေတဲ့ ကြီးမားတဲ့ ဝင်ငွေက ပဋိပက္ခတွေထဲကို ပို့လိုက်တာ သေချာပါတယ်။ လက်နက်ကိုင် တော်လှန်ရေးအတွက် ငွေကြေးအထောက်အပံ့လည်း ရနေတဲ့အတွက် အေးချမ်းတည်ငြိမ်တဲ့ စီးပွားရေးကို တည်ဆောက်ရေးကို ရှုပ်ထွေးစေတဲ့ အကြီးဆုံး အချက်လည်း ဖြစ်လာတယ်” ဟု Horsey က ပြောသည်။

ယခင် မြန်မာစစ်အစိုးရ၏ ဝင်ငွေကို ကန့်သတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံမှ ကျောက်စိမ်း၊ ပတ္တမြားနှင့် အခြား တွင်းထွက်များ တင်သွင်းခြင်းကို ၂၀၀၈ ခုနှစ်တွင် ပိတ်ပင်ခဲ့သည်။ သို့သော်လည်း အိမ်နီးချင်း တရုတ်နိုင်ငံမှ ကြီးမားသည့် ဝယ်လိုအားက ရှိနေသည့်အတွက် အမေရိကန်၏ ပိတ်ပင်မှုသည် အနည်းငယ်မျှသာ ထိရောက်မှုရှိခဲ့သည်။ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေး အားသန်သည့် အစိုးရ အာဏာရရှိလာပြီးနောက် အမေရိကန် အစိုးရက နိုင်ငံရေးနှင့် စီးပွားရေး ကန့်သတ် ပိတ်ပင်မှုများကို အားလုံးနီးပါး ဖြေလျှော့ပေးခဲ့သော်လည်း ကျောက်စိမ်း၊ ပတ္တမြားနှင့် တွင်းထွက်ကျောက်များ တင်သွင်းမှုကို ဆက်လက် ကန့်သတ်ထားဆဲဖြစ်သည်။ ကျောက်စိမ်းလုပ်ငန်းကို အိမ်ဖြူတော်က စစ်အာဏာရှင် ခေတ်ကအတိုင်း ကျန်နေသေးသည့် မင်းမဲ့စရိုက်လွှမ်းသည့် နေရာတခုအဖြစ် ဆက်လက် သတ်မှတ်ထားကြောင်း သြဂုတ်လ ၇ ရက်နေ့တွင် ပိတ်ပင်တားမြစ်မှုကို သက်တမ်း ထပ်တိုးလိုက်ခြင်းအားဖြင့် ပြသခဲ့သည်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ကျောက်စိမ်းလုပ်ငန်း၏ လုပ်ဆောင်မှုများကို လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်နေခြင်း သို့မဟုတ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များကို ထိခိုက်ပျက်စီးစေနိုင်သည့် အရာများအဖြစ် ယူဆထားခဲ့၍လည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားကုမ္ပဏီများကို ကျောက်စိမ်းတူးဖော်ခွင့် မပေးထားပါ။ သို့သော်လည်း သတ္တုတွင်းလုပ်ငန်းသည် ကြီးမားသည့် လုပ်ငန်းတခုဖြစ်သည်။ ဖားကန့်တွင် အကြီးဆုံးသော တူးဖော်ရေးလုပ်ငန်း ၂၀ ကျော်ကို တရုတ်ကုမ္ပဏီများ နှင့် ၎င်းတို့၏ ကိုယ်စားလှယ်များက ပိုင်သည် ဆိုခြင်းမှာ လူတိုင်းသိနေသည့် လျှို့ဝှက်ချက်ဖြစ်သည်ဟု ကျောက်ကုန်သည်များနှင့် ကချင်ပြည်နယ်အတွင်းမှ အခြားလုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောကြသည်။

“ဟုတ်ပါတယ်။ အမြတ်အစွန်း တချို့တဝက်တော့ အစိုးရဆီ ရောက်ပါတယ်” ဟု ကချင်ပြည်နယ်တွင် လူသိအများဆုံး သတ္တုတူးဖော်ရေး ကုမ္ပဏီ ဖြစ်သည့် Jade Land Myanmar ၏ ဥက္ကဌ ဦးယုဇော်ခွမ်က ပြောသည်။ “ဒါပေမယ့် အများစုကတော့ တရုတ်နိုင်ငံသားတွေရဲ့ အိတ်ထဲနဲ့ အရင်စစ်အစိုးရ အဖွဲ့ဝင်တွေရဲ့ မိသားစုတွေရဲ့ အိတ်ထဲကို ရောက်သွားတာပါပဲ” ဟု သူက ပြောသည်။

အခြားသော ကျောက်စိမ်းလုပ်ငန်းရှင်များမှာ စစ်တပ်က ပိုင်ဆိုင်ထားသည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်နှင့် ယခင် စစ်အစိုးရနှင့် ပူးပေါင်းလုပ်ကိုင်ပြီး စီးပွားဖြစ်ခဲ့သော Max Myanmar ဥက္ကဌ ဦးဇော်ဇော် ကဲ့သို့သော လုပ်ငန်းရှင်ကြီးများ ဖြစ်ကြသည်။

တရုတ်နိုင်ငံနှင့် ဆက်သွယ်မှု

ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီကြီးများကို စစ်သားများက လုံခြုံရေး စောင့်ရှောက်ပေးထားပြီး တခါတရံ တနိုင်တပိုင် ကျောက်ရှာဖွေသူများ(ရေမဆေးကျောက် ကောက်သူများ) ကို ခြောက်လှန့်သည့် အနေဖြင့် သေနတ်ကို မိုးပေါ် ထောင် ပစ်ကြသည်။ “သူတို့ကိုတွေ့ရင် ကျနော်တို့ အရူးလိုထွက်ပြေးရတော့တာပဲ” ဟု ရေမဆေးကျောက် ကောက်သူ တယောက် ဖြစ်သည့် ကိုတင်ထွန်းက ပြောပြသည်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်သည် သူတို့၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အလွန်လျှို့ဝှက်သည်။ “ကျနော်တို့ကို ဒုက္ခပေးနေတာတွေ ရပ်လိုက်ပါတော့” ဟု ရန်ကုန်မြို့လယ်ရှိ စီးပွားရေး ဦးပိုင်လီမီတက် ရုံးချုပ်မှ လူ့စွမ်းအား အရင်းအမြစ်ဌာန အကြီးအကဲ ဗိုလ်မှူး မြင့်ဦးက ရိုက်တာ သတင်းဌာနကို ပြောသည်။ “ကျနော်တို့ လူကြီးတွေကို ခင်ဗျားတို့ ဒီတိုင်းလာပြီး တွေ့လို့မရဘူး။ ဒါက စစ်တပ် ကုမ္ပဏီ။ တချို့ ကိစ္စတွေကို လျှို့ဝှက်ထားရမယ်” ဟု သူက ဆိုသည်။

တရုတ်ကုမ္ပဏီများက မြန်မာစစ်တပ်၏ အကူအညီဖြင့် သဘာ၀ သယံဇာတများကို ရှာဖွေထုတ်ယူနေသော မြန်မာနိုင်ငံတွင် ဤကဲ့သို့ အစီအမံမျိုးက မြင်တွေ့နေကျဖြစ်ပြီး နက်နက်နဲနဲ အငြင်းပွားစရာလည်း ဖြစ်နေသည်။

ယမန်နှစ်က မြန်မာနိုင်ငံ အနောက်မြောက်ဘက် ဒေသရှိ လက်ပံတောင်း ကြေးနီသတ္တုတွင်းကို ရပ်တန့်ပေးရန် ဆန္ဒပြ တောင်းဆိုသူများကို ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းခဲ့သည်။ အဆိုပါ သတ္တုတွင်းကို မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် နှင့် တရုတ်နိုင်ငံမှ လက်နက်ထုတ်လုပ်ရေး လုပ်ငန်း China North Industries Corp ၏ လုပ်ငန်းခွဲတခုဖြစ်သော Myanmar Wanbao တို့က အကောင်အထည်ဖော် ဆောင်ရွက်နေပြီး အကျိုးအမြတ် ခွဲဝေယူကြသည်။ အစိုးရက အကျိုးအမြတ်၏ ၄ ရာခိုင်နှုန်းသာ ရရှိသည်။ သို့သော် ပြည်သူလူထု၏ ဒေါသကို ပြေငြိမ်းစေရန်အတွက် ယခုနှစ် ဇူလိုင်လအတွင်းက ထပ်မံချုပ်ဆိုသော စာချုပ် အရ အစိုးရက အကျိုးအမြတ်၏ ၅၁ ရာခိုင်နှုန်း ရရှိမည်ဖြစ်ပြီး ဦးပိုင် နှင့် Myanmar Wanbao က ၃၀ နှင့် ၁၉ ရာခိုင်နှုန်း အသီးသီး ရရှိကြမည် ဖြစ်သည်။

ကျောက်စိမ်း ကုန်သွယ်ရေးတွင် တရုတ်နိုင်ငံက ကြီးစိုးထားခြင်းက မြန်မာနိုင်ငံ၏ သဘာ၀ သယံဇာတများ ရှာဖွေထုတ်ယူမှု အပေါ်တွင်လည်း အဆိုးမြင်မှုများ ဖြစ်ပေါ်လာစေခဲ့သည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို လျှပ်စစ်ဓာတ်အား ထောက်ပံ့ရန် ကချင်ပြည်နယ်တွင်းမှ ဧရာဝတီမြစ်တွင် တည်ဆောက်မည့် အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံ ကုန်ကျမည့် ဆည် တည်ဆောက်ရေး စီမံကိန်းကို ပြည်သူလူထုက ကန့်ကွက်ဆန့်ကျင်ခဲ့ကြသည့် အတွက် သမ္မတ ဦးသိန်းစိန်က ၂၀၁၁ ခုနှစ်တွင် ရွှေ့ဆိုင်းလိုက်သည်။

ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရတို့က ကချင်ပြည်နယ် သဘာ၀ အရင်းအမြစ်များ၏ ကြီးမားသည့် ဝေစုကို ရရှိသင့်သည်ဟု လေ့လာသုံးသပ်သူများ နှင့် ကချင်ပြည်နယ်အရေး လှုပ်ရှားသူများက ပြောကြသည်။ ထိုသဘာ၀ အရင်းအမြစ်များထဲတွင် ရွှေ၊ သစ်တော နှင့် ရေအားလျှပ်စစ်တို့ ပါဝင်ပြီး ကျောက်စိမ်းက အဓိကဖြစ်သည်။

ဇွန်လအတွင်းက နေပြည်တော်တွင် ၂ ပတ်ကြာကျင်းပခဲ့သော ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်း နှင့် အခြား ကျောက်မျက်များ ရောင်းရငွေ အမေရိကန်ဒေါ်လာ ၂.၆ ဘီလီယံ စံချိန်တင်ရရှိခဲ့သည်။ သို့သော်လည်း ၂၀၁၁ ခုနှစ်တွင် ကျောက်စိမ်းမှ ရရှိသော အခွန်ငွေသည် တရားဝင်ရောင်းချမှု၏ ၂၀ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ အပြင်တွင် တရားမဝင် ရောင်းချရမှုများကို ထည့်သွင်းတွက်ချက်လျှင် မြန်မာ့ ကျောက်စိမ်း အားလုံးပေါ်တွင် သက်ရောက်သော အခွန်နှုန်းထားသည် ၇ ရာခိုင်နှုန်း နီးပါးသာ ရှိတော့သည်ဟု Harvard Ash Center ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကျောက်စိမ်း တတန် ထွက်ရှိရန်အတွက် ခန့်မှန်း ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၄၀၀ နှင့် တရားဝင်ဖော်ပြခဲ့သော ရောင်းဈေး တတန်လျှင် အမေရိကန် ဒေါ်လာ ၁၂၆၀၀၀ နှင့် နှိုင်းယှဉ်ကြည့်လျှင် တူးဖော်ရေးကုမ္ပဏီများ ရရှိနေသော အကျိုးအမြတ်က အဆမတန် များလွန်းသည်။

“ဒေသခံပြည်သူတွေနဲ့ သဘာ၀ အရင်းအမြစ်က ရရှိတဲ့ ဝင်ငွေကို မျှတတဲ့ ခွဲဝေမှုမရှိဘဲနဲ့ ကချင်နဲ့ မြန်မာတွေကြားမှာ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးတည်ငြိမ်မှုကို မရရှိနိုင်ပါဘူး” ဟု Richard Horsey ကပြောသည်။

လူမှုအဆင့်အတန်း

ဖားကန့် လူ့အဖွဲ့အစည်း၏ ထိပ်ပိုင်းတွင် ငွေထုပ်ပိုက်ထားသော တရုတ်ကုန်သည်များ ရှိနေသည်။ ကျောက်ဝိုင်းဟု ခေါ်ကြသည့် ဖားကန့် လဘက်ရည်ဆိုင်များ၏ စားပွဲပေါ်တွင် ပြသထားသည့် ကျောက်များကို သူတို့က ဝယ်ကြသည်။ ထိုကျောက်ဝိုင်းများကို လောပန်ဟု ခေါ်ကြသည့် ပွဲစားများက ဦးဆောင်ကြသည်။ လောပန်တို့သည် များသောအားဖြင့် တရုတ်လူမျိုးများ ဖြစ်ကြသည်။ ကိုတင်ထွန်းတို့ကဲ့သို့သော ရေမဆေးကျောက် ရှာသူများထံမှ ကျောက်များကို သူတို့ဝယ်ကြသည်။

ရေမဆေးကျောက် ရှာဖွေကောက်ယူသူများကတော့ လူတန်းစားအလွှာ အောက်ဆုံးကလူတွေ ဖြစ်သည်။ ကျောက်တူး ကုမ္ပဏီကြီးများက စွန့်ပစ်လိုက်သည့် ရာနှင့်ချီသော မြေစာပုံတွေပေါ်တွင် ပဒူကောင်တွေလို တရွရွနှင့် ကျောက်ရှာကြရသည်။ သူတို့အလုပ်က အန္တရာယ်အလွန်များသည်။ အထူးသဖြင့် မိုးရာသီ အချိန်တွေဆိုလျှင် မြေစာပုံတွေက တည်ငြိမ်မှု မရှိသဖြင့် ပိုသတိထားရသည်။

မြေပြိုကျသည့်အခါတိုင်း တကြိမ်လျှင် လူ ၁၀ ယောက်မှ ၂၀ လောက်အထိ နစ်မြုပ်သွားတတ်သည်ဟု ကချင်ပြည်နယ် ဗန်းမော်မြို့မှ လာရောက်၍ ကျောက်ရှာနေသော ကိုတိုးအောင်က ပြောပြသည်။

“တခါတလေဆိုရင် အလောင်းတွေကို ပြန်တူးထုတ်လို့တောင် မရဘူး။ ဘယ်မှာ ရှာရမယ် ဆိုတာလဲ မသိနိုင်ဘူးလေ” ဟု သူက ဆိုသည်။

၂၀၀၂ ခုနှစ်က ကျောက်တွင်းတခု ရေလွှမ်းမိုး နစ်မြုပ်သွားသည့်အတွက် အနည်းဆုံး လူ ၁ ထောင်ကျော် သေဆုံးခဲ့ရသည် ဟု Jade Land Myanmar ၏ ဥက္ကဌ ဦးယုဇော်ခွမ်က ရိုက်တာသတင်းဌာနကို ပြောသည်။ လုပ်ငန်းရပ်တန့်ရမည်ကို စိုးရိမ်သည့်အတွက် လူသေဆုံးမှုများ ဖြစ်ပေါ်လာလျှင် ကုမ္ပဏီများက ဖုံးဖိထိန်ချန် ထားကြသည်ဟုလည်း သူက ဆိုသည်။

ဖားကန့်တွင် လူဦးရေ ဖောင်းပွလာသည့်နည်းတူ မြန်မာနိုင်ငံတွင်းမှ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုသည်လည်း လျှင်မြန်စွာ တိုးတက်လာနေသည်။ အာဖဂန် နစ္စတန်၏ နောက်တွင် ဒုတိယ ကမ္ဘာ့အကြီးဆုံး ဘိန်းစိုက်ပျိုးသူနေရာသို့ ရောက်လာသည်။ ထိုအကျိုးဆက်ကြောင့် ကချင်ပြည်နယ်တွင် ဘိန်းဖြူကို ဈေးပေါပေါ နှင့် အလွယ်တကူ ဝယ်ယူ၍ရလာသည်။ ဖားကန့်မှ အလုပ်သမားများသည်လည်း ဘိန်းသုံးစွဲမှု များလာသည်။

ရေမဆေးကျောက် ရှာဖွေသူများ၏ တဝက်လောက်သည် ဘိန်းဖြူစွဲနေကြပြီး အခြားကျန်သည့် သူတွေက ဘိန်းမဲ သို့မဟုတ် အရက်စွဲနေသူများ ဖြစ်သည်ဟု ကျောက်စိမ်းကုန်သည် တယောက်ဖြစ်သည့် ဦးတင်စိုးက ပြောသည်။ သူက အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဒေသဆိုင်ရာ ခေါင်းဆောင်တယောက်လည်း ဖြစ်သည်။ “အဲဒီဟာတွေ တခုမှ မသုံးတဲ့သူတယောက် ရှာဖို့တောင် တော်တော်ခက်ပါတယ်” ဟု သူကဆိုသည်။

ဖားကန့်တွင် ဘိန်းဖြူသုံးစွဲသူ မည်မျှရှိကြောင်း တရားဝင် အချက်အလက်များ ရရှိနိုင်ရန်လည်း ခက်ခဲပါသည်။ ဖားကန့် ဒေသရှိ မူးယစ်ဆေး သုံးစွဲသူများကြားတွင် အလုပ်လုပ်နေကြသော နိုင်ငံခြားထောက်ပံ့ရေး ဝန်ထမ်း အနည်းငယ် ရှိနေသော်လည်း မြန်မာအစိုးရနှင့် ပတ်သက်မှာကို စိုးရိမ်ကြသည့် အတွက် တစုံတရာ မှတ်ချက်ပေးဖို့ ငြင်းဆန်ကြသည်။ သို့သော်လည်း ကျန်းမာရေးဝန်ထမ်းများ၏ အလွတ်သဘော ပြောကြားချက်အရဆိုလျှင် ဖားကန့်ရှိ သွေးကြောထဲသို့ ဘိန်းဖြူ ထိုးသွင်းလေ့ရှိသူများ၏ ၄၀ ရာခိုင်နှုန်းတွင် HIV ပိုး တွေ့ရှိရသည်ဟု သိရသည်။ မြန်မာ တနိုင်ငံလုံး ပျမ်းမျှနှုန်း၏ နှစ်ဆလည်း ဖြစ်သည်။

ဖားကန့်တွင် မူးယစ်ဆေးဝါး သုံးစွဲခြင်းသည် ဖြစ်ရိုးဖြစ်စဉ်ကိစ္စသာ ဖြစ်သည့်အတွက် ဘိန်းခန်းများ လွတ်လပ်စွာ ဖွင့်လှစ် လုပ်ကိုင်နေသည်။ တခါတရံ အလုပ်သမားများက ကျောက်ရိုင်းတုံးများ နှင့် ဘိန်းဖြူလဲလှယ် သုံးစွဲကြသည်။

၁၉၉၂ ခုနှစ်က ဖားကန့်သို့ ရောက်ရှိလာခဲ့သော ကိုစိုးမိုးက သူရောက်ပြီး ၃ နှစ်အကြာတွင် ဘိန်းဖြူရှုတတ်လာကြောင်း ပြောပြသည်။ ထို့နောက် သွေးကြောထဲသို့ ထိုးသွင်းသည့် အဆင့်ကို ရောက်သွားသည်။ ဘိန်းဖြူသုံးစွဲသည့် အလေ့အကျင့်က သူ၏ အလုပ်အကိုင်ကိုလည်း ဝါးမျိုသွားသည်။

“ဘိန်းဖြူသုံးထားရင် ပျော်တယ်လို့ ခံစားရပြီးတော့ ပိုပြီးအင်အား ရှိလာသလိုပဲ။ အလုပ်လုပ်လို့ ပိုကောင်းတယ်” ဟု သူကပြောသည်။ သူ မကြာမကြာ သွားတတ်သည့် ဘိန်းခန်းသည် လူရာနှင့် ချီ၍ နေရာပေးနိုင်သည်ဟု ကိုစိုးမိုးက ဆိုသည်။

“အဲဒီမှာ အရမ်းစည်ကားတယ်။ ပွဲတော်ကျနေတာပဲ” ဟုလည်း သူကပြောသည်။ ဘိန်းခန်းပိုင်ရှင်က ရဲကို ပိုက်ဆံပေးထားသည့် အတွက် အဖမ်းခံရမှာ ကြောက်စရာမလို ဟုသိရသည်။

ရွေ့လျားသွားသော တောင်တန်းများ

လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်က ဖားကန့်သည် KIA လက်နက်ကိုင် အဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် ရှိခဲ့ပြီး ကျောက်တူး သမားများထံမှ ငွေကြေး အတန်အသင့် ကောက်ယူပြီး တူးဖော်ခွင့်ပြုခဲ့သည်။ ကျောက်တူး အဖွဲ့တဖွဲ့တွင် လူ ၄ ယောက် ခန့် ပါဝင်ပြီး သေးငယ်သည့် မြေကွက်ပေါ်တွင် ကျောက်စိမ်းရှာဖွေတူးယူ အသက်မွေးခဲ့ကြသည်ဟု မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းမှ ဦးယစ်နန်ဇီလမ် ကပြောသည်။

၁၉၉၄ ခုနှစ်တွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီးနောက် ဖားကန့်သည် အစိုးရ ထိန်းချုပ်မှုအောက်သို့ ပြန်လည်ရောက်ရှိသွားချိန်တွင် စက်ယန္တယားများ အသုံးပြုပြီး အကြီးစား တူးဖော်ရေးလုပ်ငန်းများ နာရီမလပ် မရပ်မနား စတင် လုပ်ဆောင်လာခဲ့တော့သည်။ “အခုဆိုရင် တောင်တလုံးကို ၃ လ တောင်မကြာဘူး” ဟု ဦး ယစ်နန်ဇီလွန်က ပြောသည်။

အရင်းအနှီးနှင့် နည်းပညာအရ ယှဉ်ပြိုင်ခြင်း မပြုနိုင်သော ကချင်လုပ်ငန်းရှင်များ ၎င်းတို့ လုပ်ငန်းများကို ရပ်ဆိုင်းလိုက်ရသည်။ ကချင် မဟုတ်သည့် အခြား အလုပ်သမားများလည်း အလုပ်အကိုင် ရှာဖွေရန်နှင့် ချမ်းသာကြွယ်ဝရေး မျှော်လင့်ချက်ဖြင့် မြန်မာနိုင်ငံ အနှံ့အပြားမှ တဖွဲဖွဲရောက်ရှိလာကြတော့သည်။

ကျောက်တွင်းများကို ၂၀၁၂ခုနှစ် အလယ်ပိုင်း လက်နက်ကိုင် ပဋိပက္ခများ ပြန်လည်ဖြစ်ပွားချိန်တွင် ပိတ်သိမ်းထားရသည်။ မြန်မာ စစ်တပ်က KIA တပ်စွဲထားသည်ဟု ယူဆရသည့် နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး KIA ဖက်ကလည်း လက်တုန့်ပြန်သည့် အနေဖြင့် ဖားကန့် လမ်းတလျှောက်တွင် ခြုံခို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။

လူထောင်နှင့် ချီ၍ နေရာစွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး ကျောက်စိမ်း ထုတ်လုပ်မှုမှာလည်း ယမန်နှစ်က ကီလိုဂရမ် ၄၃.၁ သန်း ရှိခဲ့ရာမှ ၂၀၁၂/၁၃ ဘဏ္ဍာရေးနှစ်တွင် ကီလိုဂရမ် ၁၉.၀၈ သန်း အထိကျဆင်းသွားသည်။ သို့သော်လည်း အစိုးရဖက်က ကချင် လက်နက်ကိုင်အဖွဲ့များ နှင့် အပစ်အခတ်ရပ်စဲရေး အကြိုသဘောတူညီချက်တခု ပြုလုပ်နိုင်ခဲ့သဖြင့် ယခု မိုးရာသီ ကုန်လွန်ချိန် အောက်တိုဘာလ အတွင်းတွင် ကျောက်တွင်းများ ပြန်လည်ဖွင့်လှစ် နိုင်လိမ့်မည်ဟု ကျောက်ကုန်သည် အချို့က ခန့်မှန်းပြောဆိုနေကြသည်။

တူးဖော်ရေးလုပ်ငန်းများ အပြည့်အ၀ လုပ်ဆောင်နေချိန်ဆိုလျှင် ဖားကန့်လမ်းသည် လောင်စာဆီ သယ်ဆောင်လာသော ယာဉ်များ၊ ကျောက်စိမ်းများသယ်ယူကာ ပြန်လည် ထွက်ခွာသွားသော ယာဉ်များဖြင့် ပိတ်ဆို့နေတတ်သည်။ ယခုလိုပုံစံအတိုင်း အရှိန်အဟုန်ဖြင့် ရှာဖွေထုတ်ယူနေမည်ဆိုပါက နောက်ထပ် ၁၀ နှစ်ခန့်ကြာလျှင် ဖားကန့်တွင် ကျောက်စိမ်းများ ကုန်ဆုံးသွားလိမ့်မည်ဟု ဦးယစ်နန်ဇီလွန် ဆိုသည်။

“ကိုယ့်ပြည်နယ်ရဲ့ အရင်းအမြစ်တွေကို အဝေးကို ယူသွားနေတဲ့အတွက် ကချင်လူမျိုးတိုင်း ရင်ထဲမှာ ပြင်းပြင်းထန်ထန် ခံစားကြရတယ်။ ဒါပေမယ့် ကျနော်တို့မှာ တားနိုင်တဲ့ အစွမ်းမရှိဘူး” ဟု မြစ်ကြီးနားမြို့မှ အမည်မဖော်လိုသူ ထိပ်တန်း ကျောက်ကုန်သည်ကြီး တဦးက ရိုက်တာသတင်းဌာနကို ပြောသည်။

(ANDREW R. C. MARSHALL & MIN ZAYAR OO တို့ ရေးသားသည့် Burma’s Old Guard Clings to $8B Jade Empire ကို နိုင်မင်းသွင် ဘာသာပြန်သည်။)

Loading