စီးပွားရေး

အာဆီယံ ကုန်သွယ်ရေးတွင် မြန်မာ ခါးချည့်မည်ကို ကမ္ဘာ့ဘဏ် စိုးရိမ်

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ၏ စီးပွားရေးသည် အကောင်းဖက်တွင်ရှိနေသည်ဟု သုံးသပ်နိုင်သော်လည်း အာဆီယံ ၁၀ နိုင်ငံပေါင်းစည်း ထားသည့် ဈေးကွက်ကို ဖော်ဆောင်သည့် အခါတွင် စီးဝင်လာမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ယှဉ်ပြိုင်ရမည့် ပြည် တွင်း ပုဂ္ဂလိက ကဏ္ဍ၏ စွမ်းဆောင်ရည်အပေါ်တွင် စိုးရိမ်ပူပန်ကြောင်း ကမ္ဘာဘဏ်မှ မြန်မာနိုင်ငံရေးရာ အကြီးတန်း စီးပွားရေး ပညာရှင်တဦး က ပြောကြားလိုက်သည်။

အောက်တိုဘာလ ၇ ရက်နေ့က ကမ္ဘာ့ဘဏ်က ကြီးမှူးကျင်းပသည့် အရှေ့အာရှနှင့် ပစိဖိတ်ဒေသ စီးပွားရေးဆိုင်ရာ အွန်လိုင်း ဆွေးနွေးပွဲတွင် စီးပွားရေး ပညာရှင် Khwima Nthara က ၂၀၁၅ ခုနှစ်တွင် အကောင်အထည်ဖော်ရန် ရှိနေ သည့် အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဧရိယာသည် ဆယ်စုနှစ်ပေါင်းများစွာ ကမ္ဘာနှင့် ကင်းပြတ်၍ အထီးကျန် ဖြစ်နေခဲ့ရသော မြန်မာပြည်တွင်း စီးပွားရေးလုပ်ငန်းများ ဆက်လက်ရပ်တည် ရှင်သန်ရေး အတွက် ခြိမ်းခြောက်မှု ဖြစ် နေသည်ဟု ပြောကြားခဲ့သည်။

လွန်ခဲ့သော လ ၃၀ ခန့်မှ စ၍ မြန်မာနိုင်ငံ တံခါးဖွင့်လိုက်ပြီး နောက် တိုင်းပြည်၏ စီးပွားရေးသည် အရှိန်အဟုန်ဖြင့် ဆက်လက် တိုးတက်လာခဲ့သည်ဟု ကမ္ဘာ့ဘဏ်ကဆိုသည်။ မတ်လက ပြီးဆုံးခဲ့သော ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၆.၅ ရာခိုင်နှုန်းရှိပြီး ၂၀၁၁-၁၂ က ၅.၅ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ၂၀၁၃-၁၄ တွင် ၆.၈ ရာခိုင်နှုန်း ရှိမည် ဟုလည်း ခန့်မှန်းထားသည်။

မြန်မာနိုင်ငံ၏ အဓိက နိုင်ငံခြားပို့ကုန်ဖြစ်သော သဘာဝဓာတ်ငွေ့ မှရရှိငွေသည် ၂၀၁၁-၁၂ ဘဏ္ဍာရေး နှစ်တွင် အမေရိကန် ဒေါ်လာ ၃.၅ ဘီလီယံ ရှိရာမှ ပြီးခဲ့သည့် ဘဏ္ဍာရေး နှစ်တွင် ၄ ဘီလီယံ အထိ ရောက်ရှိခဲ့သည်။ GDP တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှ ပါဝင်မှုအချိုးအစားမှာလည်း ၂၀၁၁-၁၂ တွင် ၃.၇ ရာခိုင်နှုန်းရှိရာမှ ၂၀၁၂-၁၃ တွင် ၅.၂ ရာခိုင် နှုန်း အထိတိုးတက်လာခဲ့သည်။

တနင်္လာနေ့က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ အကျဉ်း ချုပ်အစီရင်ခံစာတွင် ဖော်ပြထားချက်အရ မြန်မာနိုင်ငံ၏ စွမ်းအင်၊ အထည်ချုပ်လုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာ နှင့် စားသောက်ကုန် နှင့် အဖျော်ယမကာ ကဏ္ဍများသို့ နိုင်ငံ ခြားရင်း နှီးမြှုပ်နှံမှုများ ဝင်ရောက်ခဲ့သည်ဟု သိရသည်။ စိုက်ပျိုးရေး ကဏ္ဍတွင်မူ အခြားသောနေရာများ နှင့် နှိုင်းစာလျှင် ရင်းနှီးမြှုပ်နှံမှု အနည်းငယ် လျော့ကျသွားသည်။ မြန်မာနိုင်ငံ အချို့နေရာများတွင် ဖြစ်ပွားခဲ့သော ရေကြီးခြင်း၊ မိုးခေါင် ရေရှား ခြင်းတို့ ကလည်း ဆန်ထုတ်လုပ်မှုကို ထိခိုက်စေခဲ့သည်။

ပြီးခဲ့သော နှစ်များအတွင်း အရပ်သား အမည်ခံအစိုးရက လုပ်ဆောင်ခဲ့သည့် ပြုပြင်ပြောင်းလဲရေး များကြောင့် မြန်မာနိုင်ငံ ၏ စီးပွားရေးသည် အကျိုးအမြတ် ဖြစ်ထွန်းခဲ့သော်လည်း အခြားသော စီးပွားရေး ဖြေလျော့မှုများ နှင့် အတူရောက်ရှိလာ မည့် ပြိုင်ဆိုင်မှုများ အတွက်စိုးရိမ်ကြောင်း ပုဂ္ဂလိက ကဏ္ဍမှပြောကြားခြင်း များလည်း ရှိနေသည်။

အထည်ချုပ်လုပ်ငန်း၊ တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းနှင့် အခြား ကုန်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းများသည် အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေး ဇုန်အတွက် ဒေသတွင်းတွင် ပြင်ဆင်ကြသည့်အခါ အခြားသော အာဆီယံ နိုင်ငံ များနှင့် ယှဉ်ပြိုင်ရာတွင် အားနည်းနေနိုင်သည်။

“ခုချိန်မှာ ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေဟာ ကိုယ့်ဖာသာ မရပ်တည်နိုင်ကြသေးပါဘူး။ ကမ္ဘာ့ဘဏ်ကလည်း သူတို့ အတွက် စိုးရိမ်မှုရှိနေပါတယ်။ ဒါကြောင့် ကျနော်တို့ ပုဂ္ဂလိက ကဏ္ဍ ရှင်သန်ရပ်တည် နိုင်အောင်ကူညီပေးဖို့ လုပ်နေပါ တယ်။ ပုဂ္ဂလိက ကဏ္ဍ ရှင်သန်ဖွံ့ဖြိုးနေတာကို ကျနော်တို့ မြင်ချင်ပါတယ်” ဟု Khwima Nthara က အွန်လိုင်း ဆွေး နွေးပွဲတွင် ပြောသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ အင်ဒိုနီးရှား၊ မွန်ဂိုလီးယား၊ ပါပူဝါ နယူး ဂီနီ၊ အိန္ဒိယ နှင့် စင်္ကာပူနိုင်ငံ တို့မှ ကမ္ဘာ့ဘဏ် ဒေသဆိုင်ရာ ကိုယ်စားလှယ်များ၊ စာနယ်ဇင်းသမားများ အွန်လိုင်းမှ တဆင့် တက်ရောက်ခဲ့ကြပြီး Khwima Nthara က ရန်ကုန်မြို့မှ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

အရှေ့တောင် အာရှ နိုင်ငံများ၏ ်စီးပွားရေးပေါင်းစည်းမှုကို ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးကျယ်သော အခွင့် အလမ်းကောင်းတခု အဖြစ် ကမ္ဘာဘဏ်က ရှုမြင်ကြောင်းလည်း Khwima Nthara က ဆိုသည်။ အရှေ့တောင် အာရှ သည် ကမ္ဘာပေါ်တွင် အလျှင်မြန်ဆုံး တိုးတက်လာသည့် ဒေသတခု ဖြစ်သော်လည်း စင်္ကာပူနှင့် ရေနံကြွယ်ဝသည့် ဘရူနိုင်း တို့မှလွဲလျှင် အခြားနေရာများ ၌ ဆင်းရဲနွမ်းပါးမှု ပြဿနာများ ရှိနေဆဲဖြစ်သည် ဟုလည်း သူက ထပ်ပြောသည်။

“အစိုးရဖက်က ပုဂ္ဂလိက ကဏ္ဍ ကိုထောက်ပံ့ ကူညီပေးမယ်ဆိုရင် စွမ်းဆောင်ရည် တက်လာနိုင်ပါတယ်။ နောက်ပြီး နိုင်ငံ ခြားရင်းနှီး မြှုပ်နှံမှုတွေ ဝင်ရောက်လာတာကိုလည်း ကျနော်တို့ မြင်ချင်ပါတယ်” ဟု Khwima Nthara က ပြောသည်။

အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေး ဧရိယာ (AFTA) ၏ ရည်ရွယ်ချက်မှာ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်ရာတွင် အားသာချက် ရရှိနေရန် ဒေသတွင်းမှာ ရှိနေသည့် အခွန် အကောက်များ၊ အခွန်အကောက် မဟုတ်သည့် အခြား အတားအဆီးများ ကို ဖယ်ရှားခြင်းအားဖြင့် အရှေ့တောင် အာရှ၏ ကုန်ထုတ်လုပ်မှုကို တိုးတက်လာစေရန်ဖြစ်သည်။ ထို့ပြင် အာဆီယံ ၁၀ နိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရေးကိုလည်း (AFTA) က မျှော်လင့် ထားသည်။

အထည်ချုပ်လုပ်ငန်း၊ သတင်း အချက်အလက်နည်းပညာနှင့် တယ်လီဖုန်းဆက်သွယ်ရေး ကဏ္ဍများသည် မကြာမီကာလတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်လာ မည်ဟု မျှော်လင့်ကြောင်းလည်း Khwima Nthara ကပြောသည်။

“ခရီးသွား လုပ်ငန်းကလည်း မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးလာပါတယ်။ အနာဂတ်အတွက် အလားအလာကောင်းတဲ့ ကဏ္ဍဖြစ် လာ မယ်လို့ ကျနော်ပြော နိုင်ပါတယ်။ အစိုးရဖက်မှာလည်း ဒီလုပ်ငန်းကို မြှင့်တင်နိုင်ဖို့ အတွက် အရေးပါတဲ့ အစီအစဉ်တွေ ရှိ နေပါတယ်။ နိုင်ငံခြား ကုမ္ပဏီတွေက ဟိုတယ်တွေ လာရောက် ဆောက်လုပ်နေတာကို ကျနော်တို့ ထင်ထင်ရှားရှား မြင်နိုင်ပါတယ်။” ဟု သူကဆိုသည်။

“နိုင်ငံရဲ့ ပုဂ္ဂလိက ကဏ္ဍကို ထောက်ပံ့ဖို့လိုပါတယ်။ ရှင်သန်ရပ်တည်နိုင်ရေး အတွက် စွမ်းဆောင်ရည် တည်ဆောက်မှု ကို လည်း တိုးတက်အောင်လုပ်ပေးဖို့ လိုနေပါတယ်” ဟု Khwima Ntharaက ထပ်ပြောသည်။

အမေရိကန်၊ ဥရောပသမဂ္ဂ နှင့် ဂျပန်နိုင်ငံတို့သည် အာဆီယံ၏ အကြီးဆုံး ပို့ကုန်ဈေးကွက်များ အဖြစ် ဆက်လက်တည် ရှိနေသည်။ ဂျပန် ပြီးလျှင် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့သည် အာဆီယံမှ ကုန်စည်များ ကို အများဆုံးတင်သွင်းသူ များ ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံအတွက် သတင်းကောင်းမှာ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုသည် လုပ်ကွက်သစ်များ ထပ်မံ ဖော်ထုတ်နိုင်ခဲ့သည့် အတွက်၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် သိသိသာသာ တိုးမြင့်လာမည်ဟု ကမ္ဘာ့ဘဏ်က မျှော်လင့် ထားသည့် အပြင် ကမ္ဘာ့ဘဏ် အပါအဝင် အခြားသော မိတ်ဖက်အဖွဲ့အစည်းအများ အပြားက လာမည့် နှစ်များတွင် ကူ ညီထောက်ပံ့မှုများ ပိုမိုပေးသွားရန် ရှိနေခြင်း ဖြစ်ပါသည်။

Loading