မြန်မာ့ဆက်သွယ်ရေး တင်ဒါအောင်မြင်ထားတဲ့ Telenor ကုမ္ပဏီနဲ့ ခေတ်မီ တယ်လီဖုန်းကွန်ရက် တည်ဆောက်ဖို့ သဘောတူထားတဲ့ တရုတ်နိုင်ငံထုတ် Huawei အမှတ်တံဆိပ် ဟန်းဆက်တွေက ဖုန်းအရောင်းအဝယ် ဈေးကွက်မှာ
အရောင်းသွက်ပြီး လူကြိုက် အများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံထုတ် Huawei အမှတ်တံဆိပ် ဟန်းဆက်တွေက တချို့ ဟန်းဆက်တွေထက် ဈေးသက်သာပြီး အင်တာနက် 3G စနစ်ရသလို ဖုန်းကင်မရာကလည်း ကောင်းမွန်တာကြောင့် နာမည်ကြီး တံဆိပ်တွေဖြစ်ပြီး ဈေးနှုန်းမြင့်တဲ့ Apple နဲ့ ဆမ်ဆောင်းထက် လူကြိုက်များနေပြီး ရောင်းအားကောင်းနေတာ ဖြစ်တယ်လို့ ဖုန်းအရောင်းဆိုင်တွေက ဆိုပါတယ်။
“Huawei ဟန်းဆက်တွေက ဈေးသက်သာပြီး ဖန်ရှင်ကအစ စုံလင်အောင် ထည့်ထားပေးတယ် ဆိုတော့ သုံးတဲ့သူတွေ အတွက် အရမ်း အဆင်ပြေတယ်လေ၊ ဆမ်ဆောင်းတို့ Apple တို့ ကျတော့ ဈေးလည်းမြင့်တော့ အရမ်းကြီး အရောင်း မသွက်ဘူး” လို့ လှည်းတန်းက Mr. Fone အရောင်းဆိုင် တာဝန်ခံ ကိုဇင်မင်းဖြိုးက ပြောပါတယ်။
ရန်ကုန်မြို့ရဲ့ နေရာအများစုမှာလည်း Huawei အမှတ်တံဆိပ် သီးသန့်အရောင်းဆိုင်တွေ အများအပြား ဖွင့်လှစ်ရောင်းချ လာသလို ဖုန်းအရောင်းအဝယ် ဈေးကွက်မှာလည်း Apple၊ ဆမ်ဆောင်းစတဲ့ နာမည်ကြီး တံဆိပ်တွေနဲ့ ယှဉ်ပြိုင်နေရာယူဖို့ ကြော်ငြာအား ကောင်းကောင်းနဲ့ ဝင်လာတာကို တွေ့နေရပါတယ်။
မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးတင်ဒါ အောင်မြင်ထားတဲ့ နော်ဝေနိုင်ငံအခြေစိုက် Telenor ကုမ္ပဏီနဲ့ ခေတ်မီတယ်လီဖုန်း
ကွန်ရက် တည်ဆောက်ဖို့အတွက် Huawei ကုမ္ပဏီကEricsson၊ Wipo ကုမ္ပဏီတွေနဲ့ အတူ နားလည်မှု စာချွန်လွှာ
လက်မှတ် ရေးထိုးထားတယ်လို့ သိရပါတယ်။
ဒါကြောင့်လည်း ဖုန်းကိုင်သူအများစုက Huawei ဟန်းဆက်တွေဟာ အနာဂတ် ဖုန်းဈေးကွက်ကို ဦးဆောင်လာနိုင်တယ်လို့ ယူဆပြီး ဝယ်ယူ အသုံးပြုမှု များပြားနေတယ်လို့ ဖုန်းဈေးကွက်ကို သုံးသပ်သူတွေက ဆိုပါတယ်။
လက်တလော ဖုန်းဈေးကွက်မှာတော့ Hauwei ဟန်းဆက်အမျိုးအစားတွေက အနိမ့်ဆုံး ကျပ်လေးသောင်းကနေ အမြင့်ဆုံး ၃ သိန်းကျော်အထိ ရှိနေပါတယ်။
အင်တာနက် facebook မှာ ဖွင့်ထားတဲ့ ပစ္စည်း အရောင်းအဝယ် စာမျက်နှာတွေမှာလည်း အသုံးပြုပြီးသား Huawei ဟန်းဆက်တွေ အပါအဝင် ဆမ်ဆောင်း၊ Apple ဟန်းဆက်တွေကိုပဲ အလဲအထပ် လုပ်တာမျိုးအပြင် ကြိုက်ဈေးပေး
အရောင်းအဝယ် ဖြစ်နေကြပါတယ်။
“တခြားဟန်းဆက် အမျိုးအစားတွေထက် Huawei ဟန်းဆက်က အရမ်းရောင်းနေရတယ်။ ဆမ်ဆောင်းနဲ့ Apple ဆိုရင်တော့ နောက်ဆုံးထွက် မော်ဒယ်လ်တွေက ကြိုတင် အမှာစာရှိနေတယ်” ဟု လူကြီးမင်းဖုန်းဆိုင် ရုံးချုပ်က တာဝန်ရှိသူ တဦးဖြစ်တဲ့ မမီးက ဧရာဝတီကို ပြောပါတယ်။
ကမ္ဘာ့ Window စမတ်ဖုန်း ဈေးကွက်မှာ ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ ထိုင်ဝမ်နိုင်ငံထုတ် HTC အမျိုးအစား ဖုန်းတွေ ကလည်း မြန်မာနိုင်ငံရဲ့ ဖုန်းဈေးကွက်မှာ နေရာချဲ့ထွင်ဖို့ ကြော်ငြာအား ကောင်းကောင်းနဲ့ ဝင်နေသလို၊ တရုတ်နိုင်ငံထုတ် Lenovo တံဆိပ် စမတ်ဖုန်းတွေလည်း ဖုန်းဈေးကွက်ထဲကို အပြိုင်အဆိုင် ဝင်ရောက်နေပေမယ့် Huawei အမှတ်တံဆိပ် လောက် ဝယ်သူစိတ်ဝင်စားမှု မရှိသလို ရောင်းအား နည်းနေသေးတယ်လို့ သိရပါတယ်။
Telenor ကုမ္ပဏီကို ဧရာဝတီက မေးမြန်းရာမှာတော့ Telenor နဲ့ အတူ Huawei၊ Ericssonနဲ့ Wipo ကုမ္ပဏီတွေနဲ့အတူ ခေတ်မီ တယ်လီဖုန်းကွန်ရက် တည်ဆောက်ဖို့ သဘောတူထားပေမယ့် အသေးစိတ် ဆောင်ရွက်မယ့် အချက်အလက် တွေကိုတော့ တရားဝင် လုပ်ငန်းလိုင်စင် ရရှိပြီးမှသာ ပြောပြနိုင်မယ်လို့ ဆိုပါတယ်။