မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံပေါင်း ၂၁၀ ကျော်တွင် သယ်ဆောင် အသုံးပြုနိုင်သည့် အွန်လိုင်းငွေပေးချေမှုစနစ် Easi Travel Master Card ကို အောက်တိုဘာလ ၈ ရက်နေ့မှ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ပြည်တွင်း ပုဂ္ဂလိက ဘဏ်တခုဖြစ်သော သမဝါယမဘဏ်(CB Bank) နှင့် Master Card တို့ ပူးပေါင်း၍ ပြည်ပနိုင်ငံပေါင်း ၂၁၀ ကျော် ရှိ ATM ငွေထုတ်စက်များ တွင် ငွေသားထုတ်ယူနိုင်ပြီး ဈေးဝယ်စင်တာများ၊ ဘဏ်များ၊ စားသောက်ဆိုင်များ၊ ဟိုတယ် အခန်းဌားရမ်းခြင်းများ အပါအဝင် နေရာအများစုတွင် လက်ခံ အသုံးပြုနေသော အွန်လိုင်း ငွေပေးချေမှုစနစ် Master Card ကို မြန်မာနိုင်ငံသားများ အတွက် ပထမဆုံး စတင်ဝန်ဆောင်မှုပေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများ အနေဖြင့် CB ဘဏ်တွင် Master Card ပြုလုပ်ပြီး ကမ္ဘာ့နိုင်ငံအများအပြားသို့ သယ်ဆောင် အသုံးပြု နိုင်ပြီ ဖြစ်ကြောင်း CBဘဏ် ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်က ဧရာဝတီသို့ပြောသည်။
“ပြည်ပနိုင်ငံ သွားမယ့် မြန်မာတွေအနေနဲ့ Master Card သုံးစွဲချင်တယ်ဆိုရင် လျှောက်လို့ရပြီ၊ မန္တလေး အပါအဝင် နယ် မြို့တွေ မှာလည်း ကတ်တွေ လျှောက်လို့ရအောင် လုပ်ဖို့ရှိတယ်၊ လောလောဆယ်တော့ နယ်ကလူတွေက ရန်ကုန် မှာ လာလျှောက်ရမယ်။ ကတ်လျှောက်ပြီး ၄ ရက် လောက် စောင့်ပြီးတာနဲ့ Master Card ထုတ်ယူ သုံးလို့ရပြီ”ဟု ဦးဖေမြင့် က ရှင်းပြသည်။
မြန်မာနိုင်ငံသား များအနေဖြင့် Master Card ပြုလုပ်ရာတွင် ကတ်အတွင်း အမေရိကန်ဒေါ်လာ ၅၀ မှ ၅၀၀၀ အထိ ထည့်သွင်း ထားနိုင်ပြီး မြန်မာငွေဖြင့် ငွေသားထည့်သွင်းမည်ဆိုပါက မြန်မာငွေနှင့်အမေရိကန်ဒေါ်လာ ပေါက်ဈေး ပေါ် မူတည် တွက်ချက် ရရှိလာသော ဒေါ်လာငွေတန်ဖိုးကို Master Card တွင် ထည့်သွင်းပေးထားမည်ဖြစ်ကြောင်း၊ Master Card အသုံးပြု နိုင်သော ပြည်ပနိုင်ငံများတွင် ယင်းကတ် ဖြင့် ငွေထုတ် သုံးမည်ဆိုပါက ငွေတခါ ထုတ်တိုင်း ဝန်ဆောင်ခ ၃ ဒေါ်လာ ပေးရမည် ဖြစ်ပြီး ကတ် ပျက်စီးခြင်းနှင့် ပျောက်ဆုံးခြင်း တို့အတွက် လျှောက်ထားပါက ဝန်ဆောင်ခ မြန်မာငွေ ကျပ် ၁၀၀၀၀ ပေး၍ ကတ် အသစ် ပြန်လျှောက်ရမည်ဟု သိရှိရသည်။
လတ်တလော Master Card အသုံးပြုရန် လျှောက်ထားသော မြန်မာနိုင်ငံသားအရေအတွက် ၅၀၀ကျော် ရှိပြီး ကတ် လျှောက်လိုသူ များအနေဖြင့် သမဝါယမဘဏ်ရုံးချုပ်နှင့် သတ်မှတ်နေရာ များတွင် ဝန်ဆောင်ခ ကျပ်ငွေ ၈၀၀၀ပေး၍ စတင် လျှောက်ထား နိုင်ကြောင်း၊ နိုင်ငံခြားသို့ ချက်ချင်း ထွက်ခွာမည့်သူများအနေဖြင့် အွန်လိုင်းဖြင့်လည်း လျှောက်ထား နိုင်ကြောင်း သိရသည်။
CB ဘဏ်အနေဖြင့် Master Card ဝန်ဆောင်မှုအပြင် မြန်မာနိုင်ငံသားများ Visa Card အသုံးပြုနိုင်ရေးကိုပါ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။
MasterCard ၏ အရှေ့တောင် အာရှဆိုင်ရာ ဥက္ကဋ္ဌ ဖြစ်သူ Mr Matthew Driver က “အရင်က အပျော်ခရီးသွားတာ ပဲဖြစ်ဖြစ်၊ စီးပွားရေးအရ ခရီးသွားတာပဲဖြစ်ဖြစ် ငွေသားတွေ အများကြီးယူသွားဖို့လိုအပ်တဲ့ မြန်မာနိုင်ငံသားတွေအတွက်
Master Card က ရွေးချယ်စရာနည်းလမ်း တခုပဲဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ သူတို့တွေကို လုံခြုံစိတ်ချရတဲ့ ငွေပေးချေ မှုစနစ်ကို ပြည်ပနိုင်ငံတွေမှာ အသုံးပြုနိုင်ဖို့ ကူညီပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောဆိုကြောင်း CB ဘဏ်၏ ဝက်ဘ်ဆိုက် တွင် ဖော်ပြထားသည်။
ကမ္ဘာလှည့်ခရီးသည်များအပါအဝင် နိုင်ငံခြားသားဧည့်သည်များအတွက် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်များ၏ ATMငွေထုတ် စက်များတွင် Master Card နှင့် Visa Card ဖြင့် ငွေသားထုတ်ယူနိုင်သည့် စနစ်ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့ သည်။