စီးပွားရေး

ပစ္စည်းအဝင်များပြီး အဝယ်နည်းသောကြောင့် ဆန်ဈေး အကျဘက်ကို ဦးတည်နေ

This article has been converted from Zawgyi One to Unicode

ယခုလက်ရှိအချိန်တွင် ပြည်တွင်းဆန်ဈေးကွက်၌ ဆန်အဝင်များနေပြီး ဝယ်လက် အလွန်နည်းနေသောကြောင့် ဈေးနှုန်းများ အကျဘက်သို့ ဦးတည်နေကြောင်း ဆန်ကုန်သည်တချို့၏ ပြောဆိုချက်များအရ သိရသည်။

ထိုသို့ အဝင်များ၍ ဝယ်လက် အလွန်နည်းနေသောကြောင့် အကျဘက်သို့ ဦးတည်နေသည့် ဆန်ဈေးကွက်သည် ယခု အောက်တိုဘာ လဆန်းပိုင်းမှစ၍ နိုဝင်ဘာလဆန်း အထိ ဆက်လက်၍ အကျဘက်သို့သာ ဦးတည်နေမည် ဖြစ်ကြောင်း ဆန်ကုန်သည်များက ဆိုသည်။

“လာမယ့် လကျရင် ဧရာဝတီဘက်နဲ့ ပဲခူးဘက်က ကောက်သစ်တွေ ပေါ်မယ့်အချိန်ဆိုတော့ စပါးဈေးတွေ ကျနိုင်တယ်။ ဘာလို့လဲ ဆိုတော့ အဲဒီလတွေမှာ ကောက်သစ်တွေ ပေါ်လာမှဆိုတော့ ဆန်လှောင်ထားတဲ့ သူတွေက လှောင်ထားတဲ့ ဆန်ဟောင်းတွေကို ထုတ်ရောင်းလာကြမှာ ဆိုတော့ အခုလက်ရှိ ပေါက်ဈေးထက် ဆက်ကျနေနိုင်တယ်” ဟု ဘုရင့်နောင် ဆန်ပွဲရုံ လုပ်ငန်းရှင်တဦးဖြစ်သူ ကိုထွန်းထွန်းက ပြောသည်။

ပြည်တွင်း ဆန်ဈေး ကျဆင်းရုံတင်မကဘဲ ဈေးကွက်ဝယ်လိုအား အလွန်ငြိမ်နေရခြင်းသည် မူဆယ်နယ်စပ်ရှိ တရုတ်နိုင်ငံ၌ ပိတ်ရက်ရှည် ရှိနေသောကြောင့် တရုတ်ကုန်သည်များ အဝယ်နားထားခြင်းကြောင့် လည်းကောင်း၊ နယ်ကုန်သည်များ၏ အဝယ် အလွန်နည်းနေသောကြောင့် လည်းကောင်း ဖြစ်သည်ဟု သိရသည်။

ပြည်တွင်းဆန် ဈေးသည် သြဂုတ်လမှစ၍ ရာသီဥတု အခြေအနေ အမျိုးမျိုးကြောင့် မြင့်တက်လာခဲ့ရာမှ ဆန်လှောင် ပွဲရုံများက အရန်ဆန်များကိုပါ ထုတ်ရောင်းချခဲ့ သဖြင့် ပြည်တွင်းဆန်ဈေး မြင့်တက်မှုကို စက်တင်ဘာ လဆန်းပိုင်းမှစ၍ ထိန်းချုပ် နိုင်ခဲ့ကြောင်း၊ ယခုလက်ရှိအချိန်တွင် အဝယ်နည်းသွားသဖြင့် ဆန်ဈေးမှာ ငြိမ်နေခဲ့ရာမှ အကျဘက်ကို ဦးတည်လာကြောင်း ဆန်ကုန်သည် တချို့က ပြောသည်။

“ရေကြီးတုန်းက ရေကြီးတာကို အကြောင်းပြပြီး ရွှေဘိုတို့၊ ပေါ်ဆန်းတို့ရဲ့ ဈေးက တော်တော်လေး တက်သွားတယ်လေ။ အဲဒီတုန်းက ဆန်ချောတွေ ဈေးတက်တော့ ဆန်ကြမ်းတွေပါ လိုက်တက်တာပေါ့။ အဲဒါကြောင့် ကုမ္ပဏီ ဆန်တွေအပြင် အရန်ဆန်တွေကိုပါ ထုတ်ရောင်းလိုက်တော့မှ ဆန်ဈေးပြန်ငြိမ်လာတာ။ အခုတော့ အဲဒီလို ထုတ်ရောင်းတာတွေကို ပြန်ရပ် ထားလိုက်ပါပြီ” ဟု ဝါးဆန် ဆန်ဒိုင်အတွင်းရေးမှူး ဦးတင်ဦးက ဆိုသည်။

သြဂုတ်လဆန်းပိုင်းခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ သောကြောင့် ဆန်ကြမ်းတအိတ်လျှင် ငွေကျပ် ၁၆၅၀၀ ခန့်အထိ မြင့်တက်ခဲ့ကြောင်း ဘုရင့်နောင်ပွဲရုံရှိ ဆန်ပွဲရုံတခုမှ သိရသည်။

ယခုကဲ့သို့ ဆန်ဈေးကျ၍ ဝယ်လိုအား နည်းနေချိန်တွင် နိုင်ငံတော်ကို အရန်ဆန်များ ဝယ်ဖြည့်ပေးရန် တောင်းဆိုခြင်း ပြုလုပ်၍ တောင်သူလယ်သမားများ၏ အခက်အခဲများကို တစိတ်တပိုင်းအနေဖြင့် ကူညီဆောင်ရွက်ခြင်း ပြုလုပ်နေကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ဧရာဝတီသို့ ပြောသည်။

“အခုလို အချိန်မှာ ဆန်ဈေးကလည်း ကျနေတယ်။ ဝယ်လိုအားကလည်း နည်းနေတဲ့အတွက် ကျနော်တို့က နိုင်ငံတော်ကို အရန်ဆန် ဝယ်ပေးဖို့ တောင်းဆို တင်ပြရတယ်။ ဒါဆိုရင် နိုင်ငံတော်က ဝယ်ပေးတာပေါ့။ ဘာပဲဖြစ်ဖြစ် အဲဒီလို လုပ်လိုက်တော့ ဝယ်လိုအား နည်းနေချိန်မှာ တစိတ်တပိုင်း အနေနဲ့တော့ အထောက်အပံ့လေး ဖြစ်တာပေါ့” ဟု ၎င်းက ဆက်ပြောသည်။

သြဂုတ်လဆန်းပိုင်းက ရေကြီးရေလျှံမှုများကြောင့် ဆန်ဈေးနှုန်း အဆမတန် မြင့်တက်လာခြင်းကို အရန်ဆန် အိတ်ပေါင်း ၁ သိန်း ဝန်းကျင်ခန့် ရောင်းချ၍ ဈေးကွက် ထိန်းချုပ်ခဲ့ကြောင်း သိရသည်။

ပုံမှန်အားဖြင့် နွေဆန်တအိတ်လျှင် ငွေကျပ် ၁၇၂၀၀၊ ပေါ်ကျွဲ တအိတ်လျှင် ၂၁၅၀၀ နှင့် ပေါ်ဆန်း တအိတ်လျှင် ၂၃၀၀၀ မှ ၂၉၀၀၀ အထိသာ ရှိသော်လည်း သြဂုတ်လဆန်းပိုင်းမှစ၍ ရေကြီးရေလျှံမှုများကြောင့် နွေဆန်တအိတ်လျှင် ၂၀၁၀၀၊ ပေါ်ကျွဲ တအိတ်လျှင် ၂၄၀၀၀ နှင့် ပေါ်ဆန်းတအိတ်လျှင် ၂၅၀၀၀ မှ ၃၀၀၀၀ အထိ မြင့်တက်သွားခဲ့သည်။

ယခုလက်ရှိအချိန်တွင် နွေဆန် တအိတ်လျှင် ၁၈၀၀၀ မှ ၁၈၁၀၀ ရှိကာ ပေါ်ကျွဲ တအိတ်လျှင် ၂၀၅၀၀ ဖြစ်ပြီး ပေါ်ဆန်း တအိတ်လျှင် ၂၄၀၀၀ မှ ၂၈၀၀၀ ရှိကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရသည်။

Loading