မြန်မာနိုင်ငံတွင် စီးပွားရေး ပွင့်လင်းလာသည့် အချိန်၌ လေကြောင်းပို့ ဆောင်ရေး ဈေးကွက်သို့ နိုင်ငံခြား ကုမ္ပဏီများကလည်း လာရောက် ရင်းနှီးမြှုပ်နှံရန် ကြိုးစားနေသည့် အတွက် ပြည်တွင်းလေကြောင်းလိုင်းများ အနေဖြင့် လာမည့်နှစ်များအတွင်းတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ကမ္ဘောဇဘဏ် ဥက္ကဌ ဦးအောင်ကိုဝင်း ရှယ်ယာ အများစု ပိုင်ဆိုင်ပြီး အစိုးရက ရှယ်ယာ အနည်းငယ် ပိုင်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) နှင့် ပြည်တွင်းတွင် ပြေးဆွဲသည့် မြန်မာ့ လေကြောင်း အပါအဝင် ပြည်တွင်းလေကြောင်းလိုင်း ၆ ခု ရှိသည်။
ပြည်တွင်း လေကြောင်းလိုင်းများသည် စစ်အစိုးရ လက်ထက်ကတည်းက အခွင့်အရေး ရခဲ့သော အဆက်အသွယ် ကောင်းသည့် လုပ်ငန်းရှင် အချို့၏ လက်ထဲမှာသာ ရှိနေသည်။
ဦးအောင်ကိုဝင်းသည် Air KBZ ကိုလည်းပိုင်ဆိုင်ပြီး Golden Myanmar Airline ကို ပိုင်ဆိုင်သူမှာ KMA Group မှ ဦးခင်မောင်အေး ဖြစ်သည်။ Yangon Air သည် အမေရိကန် အစိုးရ၏ နာမည်ပျက်စာရင်းဝင် “ဝ” လက်နက်ကိုင်တပ်ဖွဲ့ (UWSA) နှင့် ဆက်သွယ်မှု ရှိနေသည်။
အခြား အမေရိကန် အစိုးရ၏ နာမည်ပျက် စာရင်းဝင် လုပ်ငန်းရှင် တယောက်ဖြစ်သော ထူးအုပ်စု၏ ဥက္ကဌ ဦးတေဇက Air Bagan ကို ပိုင်ဆိုင်သည့် အပြင် အခြား ပြည်တွင်းလေကြောင်းလိုင်း တခုဖြစ်သော Asian Wings Airways တွင်လည်း ရှယ်ယာ ထည့်ဝင်ထားသည်ဟု သတင်းရရှိသည်။ ၆ ခုမြောက် ပြည်တွင်းလေကြောင်း တခုကို မြန်မာအစိုးရနှင့် စင်ကာပူ နှင့် မလေးရှားက ကုမ္ပဏီများ ပူးတွဲပိုင်ဆိုင်ကြခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် ဒေသတွင်း ပြိုင်ဖက်များထက် နိမ့်ကျသည့် ဝန်ဆောင်မှုကိုသာ ပေးနိုင်နေသေးသည် ပြည်တွင်း လေကြောင်း လိုင်းများအနေဖြင့် ပေါ်ပေါက်လာနိုင်သည့် အခက်အခဲများကို ရင်ဆိုင်နိုင်ရန် ကြိုတင် ပြင်ဆင်ထားသင့်သည် ဟုလည်း လေကြောင်း ပို့ဆောင်ရေး အသိုင်းအဝိုင်းက ပြောကြသည်။
ရှမ်းပြည်နယ် ဟဲဟိုးလေဆိပ်တွင် Air Bagan လေယာဉ် ပျက်ကျပြီး လူ ၂ သေဆုံးခဲ့ရခြင်းကဲ့သို့သော ဘေးကင်းလုံခြုံမှုနှင့် သက်ဆိုင်သော ကိစ္စများကြောင့်လည်း ပြည်တွင်း လေကြောင်းလိုင်းများ ကမ္ဘာလှည့် ခရီးသည်များကို လက်လွှတ်ရနိုင်စရာတွေ ရှိနေသေးသည်။
ရောက်ရှိလာကြမည့် ဒေသတွင်းမှ အဆင့်မြင့် လေကြောင်းလိုင်းများသည် ကျယ်ပြန့်သည့် ခရီးရှည် ကွန်ရက်များကိုပါ ဖြန့်ကျက် ပျံသန်းနေကြပြီး အရှေ့တောင်အာရှ၏ လေကြောင်း ပို့ဆောင်ရေး ဈေးကွက်ကို လွတ်လပ်ပွင့်လင်းစွာ လုပ်ဆောင်နိုင်ရေး အတွက်လည်း ရည်မှန်းချက် ကြီးမားကြသည်။
နိုင်ငံ ၁၀ နိုင်ငံ ပါဝင်သော အရှေ့ တောင်အာရှ နိုင်ငံများအဖွဲ့ (ASEAN) သည် ဒေသ၏ စီးပွားရေးပူးပေါင်းမှု အစီအစဉ်၏ တစိတ်တပိုင်း အဖြစ်နှင့် “ဖွင့်ထားသော ကောင်းကင်များ” ဆိုသည့် မူဝါဒတခုကို ချမှတ်နိုင်ရန် ကြိုးစားနေသည်။
ဖွင့်ထားသော ကောင်းကင်များ မူဝါဒအရ အာဆီယံ အဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ လေဆိပ်များကို ဒေသတွင်း လေကြောင်းလိုင်းများ အတွက် တံခါးဖွင့်ပေးထားရမည် ဖြစ်သောကြောင့် ပြည်တွင်းလေကြောင်း လိုင်းများကို ဦးစားပေးမှု လျော့နည်းသွားမည် ဖြစ်သည်။
လွတ်လပ်လာသော လေကြောင်းပို့ဆောင်ရေး ဈေးကွက်တွင် တိုးပွားလာမည့် ယှဉ်ပြိုင်မှုများအတွက် ကြိုတင် ပြင်ဆင်သည့် အနေဖြင့် Asian Wings လေကြောင်းလိုင်းက စက်တင်ဘာလ အတွင်းတွင် ၎င်း၏ ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ဂျပန်နိုင်ငံ၏ အကြီးဆုံးလေကြောင်း ကုမ္ပဏီ ဖြစ်သည့် All Nippon Airways (ANA) သို့ အမေရိကန် ဒေါ်လာ ၂၅ သန်းဖြင့် ရောင်းချလိုက်ပြီး ပူးပေါင်းလိုက်သည်။
“နိုင်ငံတကာ လေကြောင်းလိုင်းတွေက ၂ နှစ် ကာလအတွင်းမှာ မြန်မာနိုင်ငံရဲ့ လေကြောင်း ဝင်ပေါက်တွေ အားလုံးကို ခရီးသည်တွေ အမြောက်အများ ပို့ဆောင်ပေးတော့မယ် ဆိုတဲ့ အချက်ကို ကျနော်တို့ သတိထားရပါမယ်” ဟု Asian Wings ၏ အမှုဆောင် ညွှန်ကြားရေးမှူး ဦးလွင်မိုးက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ ပြည်တွင်း လေကြောင်းလိုင်းတွေ ခရီးသည်တွေ ပိုပြီးပို့ဆောင်ပေးဖို့ အခွင့်အရေးတခု ဖြစ်လာပါလိမ့်မယ်။ ဒါက အကျိုးအမြတ်တခုပါ။ ဒါပေမယ့် နိုင်ငံတကာ လေကြောင်းလိုင်းတွေက ပြည်တွင်း ခရီးစဉ်တွေမှာပါ ဝင်ရောက် ပြေးဆွဲမယ် ဆိုရင်တော့ ကျနော်တို့ရဲ့ ဈေးကွက်ဝေစု ကျဆင်းသွားနိုင်ပါတယ်” ဟု သူက ဆိုသည်။
တိုးတက်မှုက အကောင်းဘက်သို့ ပြောင်းလဲသည် ဖြစ်စေ အဆိုးဘက်သို့ ပြောင်းလဲသည်ဖြစ်စေ ဒေသတွင်း သဘောတူညီချက်ကြောင့် ANA နှင့် ပေါင်းစည်းလိုက်ခြင်း ဖြစ်သည်ဟုလည်း ဦးလွင်မိုးက ပြောသည်။
“ကျနော်တို့ ANA နဲ့ အလုပ်လုပ် ဖြစ်သွားရခြင်းမှာ အာဆီယံရဲ့ ဖွင့်ထားသော ကောင်းကင်များ အစီအစဉ်က အဓိက အကြောင်းရင်းပါပဲ” ဟု သူက ဆိုသည်။
နှစ်ဖက် သဘောတူညီချက်အရ ANA က Asian Wings သို့ လေယာဉ်ပျံများ ငှားရမ်းပေးပြီး လေယာဉ်မှူးများကိုလည်း လေ့ကျင့် သင်တန်းပေးသွားမည် ဖြစ်သည်။
MAI မှ အမှုဆောင်အရာရှိ တဦးဖြစ်သော ဒေါ်အေးမရသာက ANA နှင့် Asian Wings တို့ လေကြောင်း ကုဒ်နံပါတ် ဝေမျှသုံးစွဲရန် အစီအစဉ် ရှိ၊ မရှိ မသေချာသေးသည့် အချိန်တွင် အဆိုပါ သဘောတူညီချက်က ပြည်တွင်း လေကြောင်း လုပ်ငန်း အပေါ်တွင် မည်သို့ သက်ရောက်နိုင်မည် ဆိုခြင်းကို သိနိုင်ရန် အချိန်စောနေသေးသည်ဟု ဆိုသည်။
လေကြောင်း ကုဒ်နံပါတ် ဝေမျှသုံးစွဲသည့် လေကြောင်းလိုင်းများသည် နှစ်ဖက်လုံးအတွက် လေယာဉ် လက်မှတ်များ ရောင်းချနိုင်သည့် အတွက် ကွန်ရက်များကို ပေါင်းစပ်ပြီး ခရီးသည်များအတွက် ခရီးစဉ်များ ပိုမိုဖြည့်ဆည်းပေးလာနိုင်မည် ဖြစ်သည်။
“အစိုးရဖက်က တိကျတဲ့ ဥပဒေတခု ထုတ်ပြန်လာတာကို စောင့်ကြည့်ဖို့ပဲ ရှိပါတယ်။ အခု ANA ကလည်း ရှယ်ယာတွေ ဝယ်ရုံသက်သက်ပဲ ရှိပါသေးတယ်။ ကုဒ်နံပါတ် မျှဝေသုံးဖို့ သဘောတူတာ မဟုတ်ပါဘူး။ ဒါကြောင့် ပြည်တွင်းလုပ်ငန်းတွေ အပေါ်မှာ ဘယ်လို သက်ရောက်မှုတွေ ရှိလာမယ်ဆိုတာကို ပြောဖို့ အရမ်းစောနေပါသေးတယ်” ဟု ဒေါ်အေးမရသာက ပြောသည်။
ပြည်တွင်းလုပ်ငန်းများအတွက် သတင်းဆိုးတခုမှာ မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ဖြစ်သော MAI သည် မကြာသေးခင်က မှ ခရီးစဉ်တခုတွင် ဒေသတွင်းပြိုင်ဖက် တဦး၏ ဖယ်ထုတ်ခြင်းခံခဲ့ရခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံမှ Thai Airways က ဘန်ကောက်-မန္တလေး ခရီးစဉ်ကို စတင်ပြေးဆွဲခဲ့သည်။ နောက် တလခန့် ကြာသောအခါ MAI သည် ထို မြို့ ၂ မြို့ကြား ပျံသန်းနေသော ခရီးစဉ်ကို ရပ်နားလိုက်ရတော့သည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ဒေသတွင်း လေကြောင်းလိုင်းများ အတွက် တံခါးခွင့်ပေးလိုက်ပြီးနောက် ဝင်ရောက်လာသည့် လေကြောင်းလိုင်း တခုဖြစ်သော Bangkok Airways ကလည်း တိုးပွားလာသည့် ခရီးသည် ဝင်ရောက်မှုမှ အကျိုးအမြတ် ရှာဖွေနိုင်ရန် အတွက် မန္တလေး-ဘန်ကောက် ခရီးစဉ်ကို စတင်ပြေးဆွဲတော့မည်ဟု စက်တင်ဘာလ အတွင်းက ကြေညာ လိုက်သည်။
Columbus Travels & Tours မှ အမျိုးသမီး မန်နေဂျာတဦးက ခရီးသည်များ အနေဖြင့် ၎င်းတို့အတွက် သက်သောင့်သက်သာ အရှိဆုံးဖြစ်မည့် လေကြောင်းလိုင်းကို ရွေးချယ်စီးနင်းကြမည် ဖြစ်သည်ဟု ပြောသည်။ ခရီးသည် ဝင်ရောက်မှု အများဆုံး ဖြစ်သော အောက်တိုဘာလမှ ဧပြီလ အတွင်းတွင် ပြည်တွင်း လေကြောင်းလိုင်းများသည် လိုအပ်ချက်အတိုင်း ပြည့်မီအောင် ပျံသန်းပေးနိုင်ခြင်း မရှိသည့် အခက်အခဲများ နှင့်ရင်ဆိုင်ကြရသည် ဟုလည်း သိရသည်။
“ဧည့်သည်များတဲ့ အချိန်ဆိုရင် ခရီးသည် အရေအတွက်ကို လိုက်ပြီး လေကြောင်းလိုင်း တလိုင်းကို တနေ့ထဲမှာ ခရီးစဉ် ၁၀ ခေါက်ကနေ ၁၅ ခေါက်အထိ ပျံသန်းပေးရတယ်။ ဒါပေမယ့် ပြဿနာက လေကြောင်းလိုင်း အားလုံးနီးပါးက ခရီးစဉ် အချိန် မမှန်ကြဘူး” ဟု အဆိုပါ မန်နေဂျာ အမျိုးသမီးက ပြောသည်။
ပြည်တွင်း လေကြောင်းလိုင်းများ အနေဖြင့် ပြိုင်ဖက်များနှင့် ယှဉ်ပြိုင်မည် ဆိုလျှင် ၎င်းတို့၏ လုပ်ငန်းဆိုင်ရာ အလေ့ အထများကို ပြုပြင်သင့်သည်ဟုလည်း သူက ဆိုသည်။
အခုဆိုရင် ပြည်တွင်းလေကြောင်းလိုင်း တချို့က အွန်လိုင်းကနေ ရောင်းချတဲ့ e-ticketing စနစ်ကို ကျင့်သုံးဖို့ ပြင်ဆင် နေကြပါတယ်။ ခရီးသည်တွေ အနေနဲ့ လက်မှတ်လာဝယ်စရာ မလိုတော့တဲ့ အတွက် ပိုပြီး အဆင်ပြေသွားပါတယ်။ ကိုယ့်ရဲ့ စနစ်ကို အဆင့်မြှင့်တင်ဖို့ မလုပ်တဲ့သူကတော့ ဒီ ကစားပွဲမှာ ကျန်ခဲ့မှာပါပဲ” ဟုလည်း သူကပြောသည်။
ပြည်တွင်းလေကြောင်းများ နှင့် မကြာခန ခရီးသွားနေရသူများက ပြည်တွင်း လေကြောင်းလိုင်းများသည် ဈေးနှုန်းမြင့်မားပြီး လက်မှတ် ဝယ်ရန်လည်း ခက်ခဲသည်ဟု ပြောကြသည်။
မန္တလေး အခြေစိုက် C.A.D ဆောက်လုပ်ရေး ကုမ္ပဏီမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇင်မင်းဆွေက ပြည်တွင်း လေကြောင်းလိုင်းများ အနေဖြင့် ပို၍ကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ရန် နှင့် ခရီးသည်များအတွက် ရွေးချယ်စရာများ ပေးနိုင်ရေး အတွက် လေ့လာသင့်သည်ဟု ဆိုသည်။
သူက မန္တလေး-ဘန်ကောက် ခရီးစဉ်ကို လာရောက် ပျံသန်းဖူးသည့် Air Asia လေကြောင်းလိုင်း နှင့် ပြည်တွင်း လေကြောင်းလိုင်းများတွင် ကြုံတွေ့ဖူးသည်များကို ဥပမာပြု နှိုင်းယှဉ်၍ ပြောပြသည်။
“ဝန်ဆောင်မှုက တော်တော်လေး ကွာခြားပါတယ်။ Air Asia နဲ့ဆိုရင် ကြိုတင်သတင်းပို့ ရမယ့် အချိန်က တိုတယ်။ ဒါကြောင့် ပြည်တွင်းလေကြောင်းတွေ အနေနဲ့ ဒီလိုမျိုး အလုပ်လုပ်နိုင်အောင် ပြင်ဆင်ထားရပါမယ်” ဟု သူက ဆိုသည်။
ထို့အပြင် အချိန်မရွေး (၂၄နာရီ) ကြိုတင်မှာကြား ဝယ်ယူနိုင်ခြင်း၊ အွန်လိုင်းမှလည်း စာရင်းသွင်းမှာကြားနိုင်ခြင်း စသည်တို့ကိုလည်း အခုအချိန်တွင် မည်သည့် ပြည်တွင်း လေကြောင်းလိုင်းမှ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း ပြောသည်။
ဦးဇင်မင်းဆွေက ပြည်တွင်း လေကြောင်းလိုင်းတခုဖြင့် ရန်ကုန်မှ မန္တလေးသို့ သွားလျှင် အမေရိကန်ဒေါ်လာ ၈၀ ခန့် ကျသင့်နေခြင်းသည် အခြားဒေသတွင်း လေကြောင်းလိုင်း တခု၏ ရန်ကုန်-ဘန်ကောက် ခရီးစဉ် ကျသင့်ငွေနှင့် အတူတူ ပင်ဖြစ်နေသည်ဟု ထောက်ပြသည်။
“ပြည်တွင်း လေကြောင်းလိုင်းတွေရဲ့ ဈေးနှုန်းက ဒီလောက် မများသင့်ဘူး” ဟု သူက ပြောသည်။
အစိုးရပိုင် မြန်မာ့လေကြောင်းမှ အမည်မဖော်လိုသူ အကြီးတန်း အရာရှိတဦးက ပြည်တွင်းဈေးကွက်သို့ နိုင်ငံတကာ လေကြောင်းလိုင်းများ ဝင်ရောက်လာခဲ့လျှင် သုံးစွဲမှုအား ကျဆင်းသွားပြီး ပြည်တွင်းလေကြောင်းကုမ္ပဏီများ ဘေးရောက်ကုန်လိမ့်မည်ဟု ဆိုသည်။
ထိုသို့ ဖြစ်သွားမည့် အရေးကို ရှောင်လွှဲနိုင်ရန် ပြည်တွင်းလေကြောင်းလိုင်းများ အနေဖြင့် ဒေသတွင်း လွတ်လပ်လာမှုနှင့် ဖြေလျော့မှုကို အခွင့်ကောင်းယူပြီး ၎င်းတို့သည်လည်း ဒေသတွင်း (နိုင်ငံတကာ) ခရီးစဉ်များ ပျံသန်း နိုင်အောင် ကြိုးစားသင့်သည်ဟု အဆိုပါ အရာရှိက ပြောသည်။
“ပြည်တွင်း လေကြောင်းလိုင်းတွေ ဒေသတွင်းခရီးစဉ်တွေ ပျံသန်းနိုင်ဖို့ ကြိုးစားကြစေချင်ပါတယ်” ဟု သူက ဆိုသည်။
(ဧရာဝတီ သတင်းထောက် ရန်ပိုင် ပူးပေါင်း ရေးသားသည်။)