စီးပွားရေး

ခရက်ဒစ်ကတ် ထုတ်ပေးရေး ဗဟိုဘဏ် လက်တွန့်နေ

This article has been converted from Zawgyi One to Unicode

ခေတ်မီ ဘဏ်စနစ်က အလုံးစုံနီးပါး လွှမ်းခြုံထားသည့် ကမ္ဘာတွင် ATM စက်များနှင့် အကြွေးဝယ်ကတ်များ ကင်းမဲ့နေ ခြင်းသည် စီးပွားရေးစနစ် ခေတ်နောက်ကျနေကြောင်း ပြသနေခြင်းဟု ဆိုနိုင်ပါသည်။

ရာစုနှစ်ပေါင်းများစွာ စီးပွားရေးတံခါးပိတ်နေခဲ့သည့် နိုင်ငံတခုဖြစ်သည့် မြန်မာနိုင်ငံတွင် ယခုအခါ မြို့ပြ၏ အချက်အချာ နေရာအချို့တွင် ATM စက်အနည်းငယ် ရှိနေပြီး အခြားနိုင်ငံများတွင် ရရှိနေခဲ့ပြီး ဖြစ်သည့် ငွေကြေးဝန်ဆောင်မှုမျိုး ပေး နေပြီ ဖြစ်သည်။

သို့သော်လည်း ခရက်ဒစ် အကြွေးဝယ်ကတ်များနှင့် ပတ်သက်၍ ယခုထက်ထိ ရေရေရာရာ သိနိုင်ခြင်း မရှိသေးပါ။

နိုင်ငံခြားသား ခရီးသည်များ နှင့် ဆက်ဆံဆောင်ရွက်နေရသော ဟိုတယ်ကြီး အချို့နှင့် စတိုးဆိုင်ကြီးများကို သာလျှင် Visa သို့မဟုတ် Master ကဒ်များ ဖြင့် ငွေပေးချေခြင်းကို လက်ခံခွင့်ပြုရန် သက်ဆိုင်ရာမှ စဉ်းစားခဲ့သည်။ ထိုကဒ် အမျိုးအစားများနှင့် အခြားသော အသုံးနည်းသည့် အကြွေးဝယ်ကတ်များ ဖြစ်သည့် JCB ကဒ် နှင့် China Union Pay ကဒ်များကိုပါ စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုရန်  မြန်မာနိုင်ငံတွင် အောက်တိုဘာလ အတွင်းမှာမှ ခွင့်ပြုခဲ့သည်။

မြန်မာနိုင်ငံတွင် ပလပ်စတစ်ကတ်များကို ငွေပေးချေသည့် နည်းလမ်းတခုအဖြစ် အသုံးပြုရန် ဘာကြောင့် ဤကဲ့သို့ နှောင့်နှေးနေရပါသနည်း။ အဓိက အကြောင်းပြချက်မှာ ဘဏ်များသည် ပြည်တွင်းရှိ စားသုံးသူများလက်သို့ အကြွေးဝယ်ကဒ်များ ထုတ်ပေးရန် အခွင့်အာဏာ ယခုအချိန်အထိ မရရှိသေးခြင်း ဖြစ်သည်။ လွန်ခဲ့သော ဆယ်နှစ်က မြန်မာနိုင်ငံ ဗဟိုဘဏ်ကို တုန်လှုပ်စေခဲ့သော အဖြစ်အပျက်များကလည်း ရှိခဲ့သည်။ ယခုအချိန်အထိ သွေးလန့်နေဆဲဟု ပြောနိုင်သည်။

၂၀၀၃ ခုနှစ် အစောပိုင်းတွင် မြန်မာနိုင်ငံ၌ အဆိုးရွားဆုံးသော ငွေကြေးအကျပ်အတည်းနှင့် ကြုံတွေခဲ့ရသည်။ ဘဏ်များကို အတိုးနှုန်း မြင့်မားစွာ ပေးနေသည့် အမည်ခံ အသေးစားငွေချေးလုပ်ငန်းများ ရုတ်တရက် ပြိုကွဲသွားကြသည့် အခါ တရားမဝင် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများသာမက အစိုးရ အသိအမှတ်ပြု တရားဝင် ပုဂ္ဂလိကဘဏ်များကိုပါ ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။

မြန်မာ မေဖလားဝါးဘဏ်နှင့် အာရှဓန ဘဏ်တို့သည် အများဆုံး ထိခိုက်ဆုံးရှုံးသူများ ဖြစ်ခဲ့သည်။ နိုင်ငံခြား လေ့လာသူများ ယူဆကြသလို ယခင်စစ်အစိုးရနှင့် ဆက်သွယ်နေသော ငွေကြေးခဝါချမှုများကို ဦးတည်၍ အမေရိကန်၏ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုကြောင့်ဟု ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ထိုအချိန်က အဆိုပါဘဏ်နှစ်ခုသည် ပြည်တွင်းမှ ဖောက်သည်များအတွက် ATM စက်များ၊ အကြွေးဝယ်ကတ်များ နှင့် အွန်လိုင်းဘဏ်စနစ် စသည့် ဝန်ဆောင်မှုများကို  စတင် မိတ်ဆက် ပေးနေသူများဖြစ်သည်။

ဘဏ်များတွင် ငွေမရှိတော့ဟု သံသယကြီးထွားလာပြီး ငွေအပ်နှံသူများက ဘဏ်များအပေါ် ယုံကြည်မှု ကင်းမဲ့ကာ ငွေများကို ပြန်ထုတ်ကြသောအခါ အာရှဓနနှင့် မေဖလားဝါးဘဏ်များအား ဗဟိုဘဏ်က ကျောထောက်နောက်ခံ မပေးခဲ့ပါ။ “(သိပ်မကြာခင်က ဖြစ်ခဲ့သလို) ကမ္ဘောဇဘဏ်လို မဟုတ်ဘူး။ ကမ္ဘောဇဘဏ်က ဗဟိုဘဏ်မှာ ဒီအတွက် သဘောတူညီချက်နဲ့ အာမခံငွေ တင်ထားတယ်။ သူတို့ကတော့ တင်မထားတဲ့ အတွက် ကိုယ့်ဖာသာပဲဖြေရှင်းခဲ့ရတယ်” ဟု အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ် (AGD)၏ ဦးဆောင် ညွှန်ကြားရေးမှူး ဦးရဲမင်းဦးက ဧရာဝတီသို့ ပြောပြသည်။

AGD ဘဏ်ကိုမူ အမေရိကန်က ငွေကြေးလွှဲပြောင်းခွင့် ပြန်လည်ခွင့်ပြုလိုက်ပြီ ဖြစ်သော်လည်း ပိတ်ဆို့မှုစာရင်းဝင်နေသေးသော ပုဂ္ဂိုလ်တဦးဖြစ်သူ ဦးတေဇ ၂၀၁၀ ခုနှစ်တွင် တည်ထောင်ခဲ့သော  AGD ဘဏ်မှ ဦးရဲမင်းဦးက ၂၀၀၃ ခုနှစ် ငွေကြေးပြဿနာသည်  မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်း ခေတ်မီ ဖွံ့ဖြိုးရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့သည်ဟု ဆိုသည်။

“အရင် အစိုးရက အကြွေးဝယ်ကတ်တွေကြောင့် ဒီလိုပြဿနာဖြစ်တာလို့ ယူဆခဲ့တယ်။ အမှန်ကတော့ ဒါတွေအားလုံးက တရားမဝင်လုပ်ကိုင်နေတဲ့ ငွေချေးလုပ်ငန်းတွေကြောင့် ဖြစ်ခဲ့ရတာပါ” ဟု မကြာသေးမီက ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်း မှု တခုတွင် သူက ပြောသည်။

အကယ်၍ အကြွေးဝယ်ကတ်များသည် မြန်မာနိုင်ငံ၏ လူသိများသော ဘဏ်နှစ်ခုကို ပျက်စီးစေသည့် အကြောင်းမဟုတ်ဟု ဆိုလျှင်ပင် ဖြစ်ခဲ့ရသော အကျပ်အတည်းသည် ဝန်ဆောင်မှုအသစ်တခုကို ပြည်တွင်းဈေးကွက်သို့ စတင် မိတ်ဆက်ရာမှ အားနည်းချက်များကို မြင်သာစေခဲ့သည်ဟု ၂၀၀၃ ခုနှစ် ငွေကြေးအကျပ်အတည်းတွင် မပြိုလဲဘဲ ကျန်နေနိုင်ခဲ့သည့် ရိုးမဘဏ်၏ ဒုတိယဥက္ကဌ ဦးမြတ်သင်းအောင်က ဆိုသည်။

“အကြွေးဝယ်ကတ် စနစ် ကျဆုံးရခြင်းအကြောင်း အားလုံးက ဘဏ်တွေရဲ့ အမှားပါ။ သူတို့က သူတို့ရဲ့ ဖောက်သည်တွေကို  အယုံလွန်ခဲ့တဲ့အတွက် လုံလောက်တဲ့ အသေးစိတ် အချက်အလက်တွေ မယူထားကြဘူး။ မဆင်မခြင် သုံးစွဲတာကိုလည်း နောက်ကနေလိုက်ပြီး မထိန်းချုပ်နိုင်ခဲ့ဘူး” ဟု သူကရှင်းပြသည်။

သို့သော်လည်း အတိတ်မှာ အမှားတွေရှိခဲ့သည့်တိုင် အိမ်နီးချင်းနိုင်ငံများမှာ အကြွေးဝယ်ကဒ်သည် အရေးပါသည့် အစိတ် အပိုင်းတခု ဖြစ်နေသလိုမျိုး မြန်မာနိုင်ငံမှာလည်း ရှိစေချင်သည်ဟု ဦးမြတ်သင်းအောင်က ပြောသည်။

“ဗဟိုဘဏ်က ပြည်သူတွေကို အကြွေးဝယ်ကဒ် ကိုင်ခွင့်ပြုစေချင်ပါတယ်။ ဒါပေမယ့် စွန့်စားမှု အနည်းဆုံး နည်းလမ်းနဲ့ တော့ ဖြစ်ရပါမယ်” ဟု သူက ဆိုသည်။ သုံးစွဲသူများက မိမိတို့သည့် အကြွေးယူရန် ထိုက်တန်ကြောင်း သက်သေပြနိုင် လာသည့် အချိန်အထိ စုငွေထုတ်ကတ် (Debit Card) စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာအောင် ပြုလုပ် ပေးခြင်းသည် အကြွေးဝယ်ကတ် (Credit Card) စနစ်သို့ ရောက်ရန် ကောင်းမွန်သောစတင်ခြင်း ဖြစ်မည်ဟုလည်း ဦးမြတ်သင်းအောင်က အကြံပြုသည်။

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံတွင် ငွေစက္ကူများကို အခြေခံကာ ပြုလုပ်ရသည့် အပေးအယူ စနစ်ကို ကျော်လွန်သွားနိုင်ဖို့ အရေးတကြီး လိုအပ်နေသည်ဟုလည်း သူကဆိုသည်။

“ပြီးခဲ့တဲ့ နှစ်ကစပြီး တစ်သောင်းတန် ငွေစက္ကူတွေ စထုတ်ခဲ့ပေမယ့် ဘယ်သူကမှ ညစ်ပေနေတဲ့ ငွေစက္ကူတွေ အများကြီး ကို သယ်မသွားချင်ကြဘူး။ ကျနော်ဆိုရင် ကျနော့်ရဲ့ စီးပွားဖက် မိတ်ဆွေတွေကို စားသောက်ဆိုင်မှာ ညစာကျွေးချင်တဲ့ အခါဆို ဒီတိုင်းပဲ လုပ်နေရတယ်” ဟု ဦးမြတ်သင်းအောင် က ပြောသည်။

စားသုံးသူများကို ဝယ်ယူရာတွင် လွယ်ကူအောင် ပြုလုပ်ပေးခြင်းသည် ဝယ်လိုအားကို တိုးတက်လာအောင် လှုံ့ဆော်ပေးရာလည်း ရောက်ကြောင်း သူက ထပ်ပြောသည်။

“ဘဏ်တွေ အနေနဲ့ သူတို့ရဲ့ဖောက်သည်တွေကို ထိန်းကျောင်းထားနိုင်တာနဲ့ အမျှ ငွေပိုသုံးလာစေခြင်းဟာ ခေတ်မီ ထုတ်ကုန်တွေကို ဝယ်နိုင်ဖို့ လူတွေကို အလုပ်ပိုကြိုးစားလုပ်လာအောင် အားပေးရာလည်း ရောက်ပါတယ်” ဟု ရိုးမ ဘဏ်၏ ဒုတိယဥက္ကဌ နှင့် လှိုင်သာယာ စက်မှုဇုန်၏ ဥက္ကဌလည်း ဖြစ်သူ ဦးမြတ်သင်းအောင် ကဆိုသည်။

ဗဟိုဘဏ်က မြန်မာနိုင်ငံတွင် အကြွေးဝယ်ကတ် အသုံးပြုခွင့်ပေးရန် တွန့်ဆုတ်နေသော်လည်း မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ် ၁၉ ခု အနက်မှ ၁၄ ခုက ပူးပေါင်းတည်ထောင်ထားသည့် Myanmar Pay Union (MPU) က ဂျပန်နိုင်ငံမှ JCB ပူးပေါင်း၍ ပြည်တွင်း စုငွေထုတ်ကတ် အသုံးပြုသူများ ကွန်ရက်ကို တိုးချဲ့ရန် ဗဟိုဘဏ်၏ ခွင့်ပြုချက် ရယူပြီး လုပ်ဆောင်နေသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ အနှံ့အပြားတွင် MPU ကဒ် အသုံးပြုသူ ၂၀၀၀၀၀ ခန့်ရှိကြောင်း MPU မှ စာရင်းဇယားများ အရ သိရှိရသည်။

AGD ဘဏ်မှ ဦးရဲမင်းဦး၏ ပြောပြချက်အရ JCB နှင့်ပူးပေါင်းဆောင်ရွက်မှုသည် ယခုအချိန်အထိ JCB ကဒ် ကိုင်ဆောင်ထားသူ နိုင်ငံခြားသားများအား မြန်မာနိုင်ငံတွင် သူတို့၏ အကြွေးဝယ်ကတ်များကို အသုံးပြုခွင့်ရအောင် ပြုလုပ်ပေးရန်သာ ဦးတည်ချက် ထားကြောင်း သိရသည်။ သို့သော်လည်း နောက်တဆင့် အနေဖြင့် မြန်မာနိုင်ငံသားများအတွက် ပူးတွဲ စုငွေထုတ်ကတ်များ ထုတ်ပေးနိုင်ရန် စီစဉ်နေသည်ဟုလည်း ဆိုသည်။

“ဥပမာ ပြောရရင် ကျနော်တို့က AGD-JCB ကဒ် ထုတ်ပေးမယ်” ဟု သူကဆိုသည်။ China Union Pay ကလည်း အလား တူ အစီအစဉ်မျိုး စတင်လုပ်ဆောင်နေပြီဖြစ်သည် ဟုလည်း ဦးရဲမင်းဦးက ထပ်ပြောသည်။

MPU ကဒ်ကို လက်ခံသော စီးပွားရေးလုပ်ငန်း အရေအတွက်လည်း သိသိသာသာ တိုးတက်လာနေပြီး မြန်မာနိုင်ငံတဝှမ်း နေရာ ၇၀၀ ခန့်တွင် အသုံးပြုနိုင်သည်ဟု သိရသည်။ JCB ကဒ်ကို ကုန်သည်များကလည်း လက်ခံပြီး နိုင်ငံပေါင်း ၁၉၀ ကျော်တွင် အသုံးပြုနိုင်သည်။

နောက်တဆင့် တက်၍ အပြည့်အဝသုံးနိုင်သော အကြွေးဝယ်ကတ်ကို ထုတ်ပေးခြင်းဖြင့် ကြီးမားသော သက်ရောက်မှု ကို ရရှိနိုင်မည် ဖြစ်သည်။

“ဗဟိုဘဏ်က ကျနော်တို့ကို အကြွေးဝယ်ကတ် ထုတ်ဝေခွင့်ပြုလိုက်မယ် ဆိုရင် အငယ်စားနဲ့ အလတ်စားလုပ်ငန်းတွေ ဖွံ့ ဖြိုးလာမှာ သေချာတယ်။ စီးပွားရေးလည်း ကောင်းလာမယ်လို့ ကျနော်ယုံကြည်တယ်” ဟု ဦးရဲမင်းဦး က ပြောသည်။

သို့သော်လည်း ၂၀၀၃ ခုနှစ်မှ စတင်၍ စုငွေစာရင်းများ အပေါ်တွင်ပင် တင်းကျပ်စွာ ထိန်းချုပ်ထားပြီး တပတ်လျှင် တကြိမ်သာ ထုတ်ယူခွင့်ပြုထားသော ဗဟိုဘဏ် အနေဖြင့် အကြွေးဝယ်ကဒ် ကိစ္စတွင်လည်း စွန့်စားခြင်းအစား လုံခြုံစိတ်ချရသည့် လမ်းကြောင်းကိုသာ ရွေးချယ်မည် ဖြစ်သည်။

ယင်းသည် မြန်မာနိုင်ငံ ပလပ်စတစ်ငွေကြေးအသိုင်းအဝိုင်းတခု ဖြစ်လာရေးနှင့် အဆင်သင့် စောင့်နေကြသည့် ထိပ်တန်း အကြွေးဝယ်ကတ် လုပ်ငန်းကြီးများ ဖြစ်သော အမေရိကန် အခြေစိုက် American Express နှင့် Diners Club International တို့ ဝင်ရောက်လာနိုင်မည့်အခြေအနေ ဝေးနေစေတော့သည်။

Loading