`အ´ အက္ခရာ ကားဟောင်းအပ်နှံခွင့် နိုဝင်ဘာတွင် လက်ခံမည်
This article has been converted from Zawgyi One to Unicode
အစိုးရက ယာဉ်အိုယာဉ်ဟောင်း အပ်နှံခွင့်ပြုပြီး ဂျပန်တပတ်ရစ်ကားများ တင်သွင်းခွင့်ပြုလျက်ရှိနေရာ အ အက္ခရာ ကားဟောင်း များကို လာမည့် နိုဝင်ဘာလဆန်းပိုင်းတွင် စတင်လက်ခံဖွယ်ရှိကြောင်း နေပြည်တော်၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အရာရှိတဦးက ပြောသည်။
အစိုးရက ၂၀၁၁ ခုနှစ်မှစတင်ပြီး ယာဉ်အို၊ ယာဉ်ဟောင်းများ စတင်အပ်နှံခွင့်ပြုလျက်ရှိရာ လတ်တလော အချိန်အထိ `သ´ အက္ခရာ ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံခွင့်ပြုပြီးဖြစ်ကြောင်း၊ လက်ရှိ ဈေးကွက်တွင် ကားဟောင်း အပ်နှံမှု နည်းပါး လာပြီး တပတ်ရစ်ကားများ တင်သွင်းနိုင်သော စလစ်ဈေးနှုန်းမှာလည်း မြင့်တက်လျက်ရှိပြီး စလစ်တစောင်လျှင် သိန်း တရာကျော်ဈေးပေါက်လျက်ရှိကြောင်း၊ `အ´ အက္ခရာ ကားဟောင်းများ အပ်နှံခွင့်ရရှိရေးအတွက် အများစုက စောင့်ဆိုင်းနေပြီး `အ´ ကားဟောင်းအပ်နှံခွင့်ရရှိမှသာလျှင် စလစ်ဈေးနှုန်းများ ကျဆင်းနိုင်ကြောင်း ကားဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။
`အ´ အက္ခရာ ကားဟောင်းများသည် ယခု အောက်တိုဘာလကုန်မှ နှစ် ၂၀ ပြည့်မည်ဖြစ်ပြီး နှစ် ၂၀ ပြည့်မှ ယာဉ်အို ယာဉ်ဟောင်းအဖြစ် သတ်မှတ်လက်ခံပြီး အပ်နှံခွင့်ပြုသည့်မူဝါဒရှိကြောင်း၊ ထို့ကြောင့် `အ´ အက္ခရာ ကားဟောင်း အပ်နှံခွင့်ကို လာမည့် နိုဝင်ဘာလတွင်မှသာ စတင်လက်ခံလိမ့်မည်ဖြစ်ကြောင်း နေပြည်တော်၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အရာရှိက ရှင်းပြသည်။
“ကျနော်တို့ဆီမှာက နှစ် ၂၀ ပြည့်မှ ယာဉ်အိုယာဉ်ဟောင်း အပ်နှံတဲ့ မူဝါဒ ရှိတယ်။ ဒါကလည်း အရင် ဝန်ကြီးတွေ လက်ထက် ကတည်းက ချမှတ်ခဲ့တဲ့ မူဝါဒပါ။ အဲဒီတော့ ကားဟောင်းစလစ်တွေ ဈေးတက်တယ်ဆိုပေမယ့်လည်း ဝန်ကြီး ဌာနရဲ့ မူဝါဒကို နှစ် ၂၀ ပြည့်မှပဲ အပ်နှံခွင့်ပြုမှာလေ။ အဲဒီတော့ အခု `အ´ အက္ခရာ ကားဟောင်းတွေက ဝန်ကြီး ဌာနရဲ့ မှတ်ပုံတင် စာရင်းဇယားအရ အောက်တိုဘာလကုန်မှ နှစ် ၂၀ ပြည့်မှာ။ အဲဒီတော့ နိုဝင်ဘာမှာပဲ စတင် လက်ခံ နိုင် မယ်´´ဟု ၎င်းက ဆိုသည်။
လတ်တလော ဈေးကွက်တွင် ကားဟောင်းအပ် စလစ်တစောင်လျှင် ငွေကျပ်သိန်း ၁၁၀ ကျော် ပေါက်ဈေးရှိပြီး ယင်းသို့ ဈေးမြင့်တက်နေမှုကိုလည်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနက သိရှိသော်လည်း ဌာနတွင်း မူဝါဒကြောင့် ကားဟောင်း အပ်နှံမှုကို သတ်မှတ်သည့်အချိန်ရောက်မှသာ ကားဟောင်း အပ်နှံခွင့်ပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
“ကားဟောင်းစလစ်တွေ ဈေးထိုးတက်တော့ အစိုးရက တကယ်လုပ်ချင်တဲ့ နိုင်ငံသားတိုင်း အဖိုးနှုန်းချိုသာစွာ ကားစီးနိုင်ရေးကိုတော့ ထိခိုက်တာပေါ့။ ဒါပေမယ့်လည်း ဌာနတွင်းမှာကလည်း ဒီမူဝါဒနဲ့ညီမှ လုပ်ပေးရမယ်ဆိုတဲ့ တင်းကျပ်မှု ကလည်းရှိတယ်။ အခုကတော့ ကားဟောင်းစလစ်ဈေးကွက်က စီးပွားရေးဈေးကွက်ကြီးတခုလိုဖြစ်နေ တယ်။ နောက်ပြီး မန္တလေးမှာ ကားအရောင်းအဝယ်လုပ်တဲ့သူတဦး သတ်သေသွားတဲ့အထိ ဖြစ်ကုန်တယ်ဆိုတာလည်း သိပါတယ်´´ ဟု နေပြည်တော်အရာရှိက ဆက်လက်ပြောဆိုသည်။
ဈေးကွက်၏ လက်ရှိအခြေအနေမှာ ကားဟောင်းစလစ် ဈေးတက်နေသော်လည်း `အ´အက္ခရာ ကားဟောင်းများ အပ်နှံခွင့်ပြုပါက စလစ်ဈေးနှုန်းများ ငွေကျပ် ၁၀ သိန်းဝန်းကျင် ကျဆင်းသွားမည်ဟု သိရှိရသည်။
“အခုက ကားဟောင်းစလစ်တစောင်ကို ၁၁၇၊ ၁၁၈ သိန်းတောင် ဝယ်လို့မရဘူး။ `အ´ အက္ခရာ လက်ခံမယ်ဆိုရင်တော့ နည်းနည်းဈေးကျမယ်။ အနည်းဆုံး စလစ်တစောင်ကို ၁၀ သိန်းလောက် ကျနိုင်တယ်။ ဒါပေမယ့်လည်း အပ်ကားရှားတော့ စလစ်ဈေးထပ်ကျဖို့ဆိုရင် အစိုးရဘက်က မူဝါဒ တွေ ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ အထူးလိုအပ်ပါတယ်´´ ဟု ဝါရင့် ကားပွဲစား ဦးမြင့်မောင်က ပြောသည်။
ကားဟောင်းအပ်နှံခွင့်ပြုပြီး တပတ်ရစ်ကားတင်သွင်းခွင့်ပြုနေချိန်မှာ ၁၈ နှစ်ပြည့်သူတိုင်းကို တပတ်ရစ်ကား တင်သွင်း ခွင့်ပြု နေသည့်အပြင် ကားအရောင်းစင်တာများနှင့် ပြခန်းများ ဖွင့်လှစ်ခွင့်ပြုနေသည့်အတွက် ဈေးကွက်တွင် ကားဝယ်သူ ထက် ရောင်းသူကသာ ပိုမိုများပြားနေကြောင်း၊ ကားအရောင်းစင်တာများနှင့် ပြခန်းများမှာလည်း ကားဝယ်သူ နည်းပါးသည့်အတွက် ကုမ္ပဏီပိတ်သိမ်းရသည်များရှိကြောင်း သိရှိရသည်။
“ကားအရောင်းစင်တာတွေက ရာချီရှိနေသလို တနိုင်တပိုင် ကားအရောင်း အဝယ်လုပ်နေတဲ့သူက လည်း ထောင်ချီနေကြတယ်လေ၊ မရောင်းရတဲ့အခါကြတော့ ကားကုမ္ပဏီတွေလည်း ပိတ်ဖို့ လုပ်လာကြတာပေါ့”ဟု Farmer Auto ကုမ္ပဏီမှ ဒေါက်တာစိုးထွန်းက ရှင်းပြသည်။
ကားတင်သွင်းမှု ဝန်ဆောင်မှု ပေးနေသည့် သွင်းကုန်ဝန်ဆောင်မှု ကုမ္ပဏီများမှာလည်း အလုပ်အပ်နှံသူနည်းပါးနေပြီး အရှုံးပြနေသည့်အတွက် ပိတ်သိမ်းရန် ပြင်ဆင်မှုများရှိနေကြောင်း သိရှိရသည်။
“ဆိပ်ကမ်းတွေမှာက ကားတွေပုံအောနေပြီး ကားတင်သွင်းပေးဖို့ မှာမယ့်သူလည်းမရှိတော့ ကျမတို့ ကားတွေ ကြားခံ တင်သွင်းပေးနေတဲ့ ကုမ္ပဏီတွေလည်း အရှုံးပေါ်လာတယ်၊ အခုတော့ အလုပ်ရှင်ဘက်က အရိပ်အမြွတ် ပြောနေတော့ အလုပ်သစ်ရှာဖို့လုပ်နေရတယ်´´ ဟု ကားတင်သွင်းမှု ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီတခုမှ ဝန်ထမ်းတဦးက ဧရာဝတီသို့ ပြောဆိုသည်။
(သာလွန်ဇောင်းထက်နှင့် မေစစ်ပိုင် ပူးပေါင်းရေးသားသည်)