မြန်မာပြည်တွင် ကိုရီးယား ယဉ်ကျေးမှု အားကောင်းလာသည်နှင့် အမျှ Hyundai မော်တော်ကား ကုမ္ပဏီ အနေဖြင့် လာမည့် သုံးနှစ် လေးနှစ် အတွင်း မြန်မာပြည်တွင်း ဈေးကွက်၏ ၁၅ ရာခိုင်နှုန်း ရရှိလာမည်ဟု ခန့်မှန်းကြောင်း ယင်းကုမ္ပဏီ၏ တဦးတည်း ကိုယ်စားလှယ် Kolao Holdings က အင်္ဂါနေ့က ပြောကြားလိုက်သည်ဟု ရိုက်တာ သတင်းတရပ်တွင် ဖော်ပြထားသည်။
Hyudai မော်တော်ကား ကုမ္ပဏီသည် ရန်ကုန်တွင် ပထမဆုံး မော်တော်ယာဉ် အရောင်းပြခန်းကို ပြီးခဲ့သည့် သြဂုတ်လက ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် အခြား မြို့ကြီးများတွင်လည်း အရောင်းပြခန်း ၁၄ ခု ဖွင့်လှစ်သွားမည်ဟု Kolao Holdings က ဆိုသည်။ ယင်းသည် ဂျပန်ကားများက လွှမ်းမိုးထားသော မြန်မာကား ဈေးကွက်မှ ဝေစုရရှိရန် ထိုးဖောက်ရှာဖွေ ကြိုးစားခြင်း ဖြစ်သည်။
“ကိုးရီးယား ဇာတ်လမ်းတွဲတွေ ကြည့်ရှုကြတဲ့ မြန်မာလူငယ်တွေ ကျနော်တို့ရဲ့ အရောင်းပြခန်းကို လာရောက်ကြပါတယ်။ ဇာတ်လမ်းတွဲတွေမှာ တွေ့ရတဲ့ မော်တော်ယာဉ်တွေကို လာကြည့်ကြတာပါ။ မြန်မာနိုင်ငံရဲ့ မော်တော်ယာဉ် ဈေးကွက်ကို စိတ်ဝင်စားပါတယ်” ဟု ကုမ္ပဏီအကြီးအကဲ Oh Sei-young က မီဒီယာတွေ့ဆုံပွဲတွင် ပြောသည်။
ကိုရီးယား ပေါ့ပ်ဂီတ၊ ဇာတ်လမ်းတွဲများကြောင့် ကိုရီးယား ယဉ်ကျေးမှုလှိုင်းသည် အာရှတခွင်ကို မကြာသေးခင် ကာလများမှ စ၍ လွှမ်းမိုးလာခဲ့ပြီး ကိုရီးယားအတွက် ဝင်ငွေ ဒေါ်လာ ဘီလျံချီရခဲ့သည်။
မြန်မာ့ မော်တော်ကား ဈေးကွက်သည်လည်း သမ္မတ ဦးသိန်းစိန်အစိုးရ စတင် တာဝန်ယူခဲ့သည့် ၂၀၁၁ ခုနှစ်ဝန်းကျင်မှ စ၍ ပွင့်လင်းလာခဲ့ပြီး ယာဉ်အို ယာဉ်ဟောင်းများကို ပိုသစ်သော ယာဉ်များဖြင့် အစားထိုး လဲလှယ် တင်သွင်း ခွင့်ပြုခဲ့သည်။
Kolao Holdings အဆို မြန်မာနိုင်ငံတွင် ခရီးသည်တင်ယာဉ် ယခုနှစ်အတွင်း ၃၃၁၄၆၈ အထိ မှတ်ပုံတင်သောကြောင့် ယခင်နှစ်ထက် ၂၄ ရာခိုင်နှုန်း အထိ မြင့်တက်လာကြောင်းနှင့် လူဦးရေ ၁၀၀၀ တွင် ၆ ဦး ကားပိုင်ဆိုင်ကြောင်း သိရသည်။
ယင်းမော်တော်ယာဉ် အများစုမှာ ဂျပန်ပြည်ထုတ် ယာဉ်များဖြစ်ပြီး ဂျပန်သည် အရှေ့တောင် အာရှ ကား ဈေးကွက်တွင် ဝေစု အများဆုံး ရထားသည်။
Nissan နှင့် Ford မော်တော်ယာဉ် ကုမ္ပဏီများသည်လည်း မြန်မာ့ဈေးကွက်တွင် ခြေကုပ်ယူနိုင်ရေး အပြိုင်ကြိုးပမ်းလာပြီး အစိုးရကလည်း ၂၀၁၁ ခုနှစ်တွင် ပြည်တွင်း မော်တော်ယာဉ် တင်သွင်းခွင့်ကို အားပေးမြှင့်တင်ခဲ့သည်။
Hyundai မော်တော်ယာဉ် ကုမ္ပဏီ အနေဖြင့် Starex အမျိုးအစား ဗင်ကားများနှင့် Elantra စီဒင်ကားသေးများ ရောင်းချပြီး လာမည့် နှစ်အတွင်း ယာဉ်စီးရေ ၁၅၀၀ အထိ ရောင်းချနိုင်ရန် ရည်မှန်းထားကြောင်း Oh Sei-young က ပြောသည်။
မြန်မာ့ အိမ်နီးချင်း လာအိုတွင် Kolao Holdings က Hyundai, Kia မော်တော်ယာဉ်နှင့် တရုတ် နိုင်ငံထုတ် Chery မော်တော်ယာဉ်များ၊ တပတ်ရစ်ကားများအတွက် လိုအပ်သောကားပစ္စည်းများကို တင်သွင်းနေပြီး မော်တော်ကား တင်သွင်းမှု ဈေးကွက်၏ ၃၇ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည်။
Kolao Holdings အနေဖြင့် လာအို၊ မြန်မာနှင့် ကမ္ဘောဒီးယား နိုင်ငံများ အတွင်း ဈေးကွက် ထိုးဖောက်နိုင်ရေး ရည်ရွယ်ကာ တနင်္လာနေ့၌ ဒေါ်လာ သန်း ၁၅၀ တန်ဖိုးရှိ ရှယ်ယာများကို စင်ကာပူတွင် ရောင်းချခဲ့သည်။