စီးပွားရေး

ပြုပြင်ပြောင်းလဲသော်လည်း မြန်မာပြည်မှာ စီးပွားရေးလုပ်ရန် ခက်ခဲနေဆဲ

This article has been converted from Zawgyi One to Unicode

ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဟု မှတ်ယူထင်မြင်နေကြသော မြန်မာနိုင်ငံသည် အာဖရိကနိုင်ငံများဖြစ်သော အီရစ်ထရီယာနှင့် ချဒ် ကဲ့သို့ နိုင်ငံများနှင့်အတူ ကမ္ဘာပေါ်တွင် စီးပွားရေးလုပ်ကိုင်ရန် အခက်ခဲဆုံးနိုင်ငံများ စာရင်းတွင် ရှိနေကြောင်း ကမ္ဘာ့ဘဏ်က အစီရင်ခံလိုက်သောကြောင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများအတွက် သတိပေး ခေါင်းလောင်းထိုး လိုက်သကဲ့သို့ ရှိသည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ သဘာဝအရင်း အမြစ်လုပ်ငန်း၊ အလားအလာကောင်းသည့် ခရီးသွားလုပ်ငန်းနှင့် အရေး တကြီး လိုအပ်နေသည့် အခြေခံအဆောက်အဦ ဆိုင်ရာတို့တွင် လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေသည့် ကုမ္ပဏီ များအတွက် သတင်းကောင်းမှာ မြန်မာနိုင်ငံသည် ဗျူရိုကရေစီ၊ ခရိုနီဝါဒ နှင့် လာဘ်ပေး လာဘ်ယူမှုများကို တားဆီးနိုင်ရန် ကြိုးစားရာ၍ တိုးတက်မှုများ ရရှိနေခြင်း ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်၏ အဆိုအရ သိရသည်။

ကြာသပတေးနေ့က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ငန်း လုပ်ကိုင်မှုဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် နိုင်ငံ ၁၈၉ နိုင်ငံအနက် အဆင့် ၁၈၂ ဖြစ်နေပြီး မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ အကြီးမားဆုံး စီးပွားရေးများ နှင့်စာလျှင် များစွာ နောက်ကျ ကျန် နေသေးသည်ဟု အစီရင်ခံစာက ဆိုသည်။

ဆောက်လုပ်ရေး လုပ်ငန်း ပါမစ်တခုရရှိရန် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာ၌ ထိုင်းနိုင်ငံတွင် ၈ ရက်၊ စင်္ကာပူတွင် ၁၁ ရက် နှင့် မြန်မာနိုင်ငံတွင် ၁၆ ရက်ကြာမြင့်သည်။ လျှပ်စစ်မီး ရရှိရေးအတွက် မြန်မာနိုင်ငံတွင် ပျမ်းမျှ ၁၁၃ ရက်ကြာ ပြီး မလေး ရှားတွင် ၃၄ ရက်နှင့် ထိုင်းနိုင်ငံတွင် ၃၅ ရက်ကြာ ကြောင်း အစီရင်ခံစာ၏ လေ့လာမှုတွင် နှိုင်းယှဉ်ဖော်ပြထားသည်။

စီးပွားရေးလုပ်ငန်းတခု တည်ထောင်ရန် ပျမ်းမျှ ကြာမြင့်ချိန် မြန်မာနိုင်ငံ တွင် ၇၂ ရက်ကြာပြီး စင်္ကာပူနိုင်ငံတွင် ၂.၅ ရက်၊ ထိုင်းနိုင်ငံတွင် ၂၇.၅ရက် နှင့် မလေးရှားနိုင်ငံတွင် ၆ ရက်သာ ကြာမြင့်သည်။

ထို့ပြင် ၇၂ ရက်အတွင်း ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၅၀၀၊ မတည် စပေါ်ငွေ ဒေါ်လာ ၅၈၀၀၀ ဖြစ်နေ၍ မည်သည့်နိုင်ငံနှင့်မဆို မတည်ရင်းနှီးမှု ပိုများနေသောကြောင့်လည်း “စွန့်ဦးတီထွင်မှုကို အလွန်အမင်း နှေးကွေး”နေစေကြောင်း အစီရင်ခံခဲ့သည်။

မြန်မာနိုင်ငံသည် “ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးမှု” တွင် ၁၈၉ နိုင်ငံတွင် ၁၈၂ ၊ “ကန်ထရိုက်စာချုပ် ချုပ်ဆိုခြင်း” တွင် ၁၈၈ အဆင့် သတ်မှတ်ခံခဲ့ရသည်။

သို့သော် ယင်းအစီရင်ခံစာကို အပေါ်ယံတန်ဖိုးမျှသာ မယူကြဘဲ အမှန်တကယ် အခြေအနေဟု မယူဆသင့်ကြောင်း ရန်ကုန် အခြေစိုက် ကမ္ဘာ့ဘဏ်မှ အကြီးတန်းစီးပွားရေး ပညာရှင် Charles Schneider ကပြောသည်။

“ညွှန်ပြချက်တွေ အားလုံးကတော့ အကျင့်ပျက်ခြစားမှုကို ဦးတည်နေပါတယ်။ ဒါပေမယ့် ပွင့်လင်းမြင်သာမှု တိုးတက်လာ ပြီးတော့ မေးခွန်းထုတ်စရာတွေ အများကြီးဖြစ်ခဲ့တဲ့ ဈေးပြိုင်ခေါ်ယူမှုစနစ်ကို အသုံးချတဲ့နေရာမှာလည်း တိုးတက်လာခဲ့ပါတယ်” ဟု ရိုက်တာသတင်းက တယ်လီဖုန်းနှင့် မေးမြန်းမှုတွင် Schneider က ပြောသည်။

စစ်အစိုးရ လက်အောက်တွင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရေးသည် ကုမ္ပဏီများအတွက် ကြီးမားသောစွန့်စားမှု အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။ အကျင့်ပျက်ခြစားမှု၊ ဥပဒေအကာအကွယ် အကန့်အသတ်ရှိမှု၊ ဈေးပြိုင်စနစ်ကို မသုံးစွဲဘဲ ပွင့်လင်းမြင်သာမှုမရှိသည့် သဘောတူညီချက်များပြုလုပ်လေ့ရှိခြင်းနှင့် ဥပဒေအရ ကာကွယ်ပေးမှု နည်းပါးခြင်း စသည့် ဂုဏ်သတင်းများကြောင့် အများက ရှောင်ကြသည်။

၂၀၁၁ ခုနှစ် မတ်လတွင် စစ်အစိုးရနေရာသို့ အရပ်သား အမည်ခံအစိုးရ အစားထိုးဝင်ရောက်လာပြီး နောက်ပိုင်းတွင် စီး ပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများကို စတင်လုပ်ဆောင်ခဲ့သဖြင့် အနောက်နိုင်ငံများက ဖွံ့ဖြိုးရေး အကူ အညီများကို ပြန်လည်ပေးအပ်ခဲ့ပြီး နှစ်ပေါင်း ၂၀ ကျော် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို တားမြစ်ထားခဲ့သည့်  ဒဏ်ခတ် ပိတ်ဆို့မှု အများစုကို ဆိုင်းငံ့ပေးခဲ့သည်။

အရေးတကြီး လိုအပ်နေသော အလုပ်အကိုင်နေရာများနှင့် အခြေခံ အဆောက်အဦးများ ဖန်တီးနိုင်ရေးအတွက် အားထုတ်မှု တခုအနေဖြင့် မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုအခြေအနေကို တိုးတက်အောင်ပြုပြင်နိုင်ရေးအတွက် ဥပဒေ သစ်များ ရေးဆွဲခြင်း ပညာရှင်များ ဦးဆောင်သော အထောက်အကူပြုအဖွဲ့များ တည်ထောင်ခြင်းတို့ဖြင့် ကြိုးစားခဲ့သည်။

Schneider က မြန်မာနိုင်ငံသည် နိမ့်ကျသော အခြေခံမှ စတင်ခဲ့ရခြင်းဖြစ်ပြီး စည်းမျဉ်းဥပဒေများထုတ်ပြန်ခြင်း၊  လိုင်စင် ချထားပေးခြင်း နှင့် အဖွဲ့အစည်းများ နေရာချထားမှုတို့တွင် လေးဖင့်မှုတွေရှိနေဆဲ ဖြစ်သည်ဟု ပြောသည်။

သို့သော်လည်း ဘဏ်လုပ်ငန်းနှင့် အသေးစားငွေချေးလုပ်ငန်း ဥပဒေသစ်များနှင့် ယမန်နှစ်က လွှတ်တော်မှ အတည်ပြုပေး ခဲ့သော အခွန်လျှော့ချမှု၊ ကာလရှည် မြေငှားရမ်းခွင့်နှင့် နိုင်ငံခြားသားများကို ကဏ္ဍအများစုကို ပါဝင်ခွင့်ပေးထားသော ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ဥပဒေကြမ်းတို့သည် စီးပွားရေး လုပ်ငန်းများကို ဆွဲဆောင်လိုသော အစိုးရ၏ သဘောထားကို ပြသ နေခြင်း ဖြစ်သည်။

အတိတ်၏ အစဉ်အလာကို ချိုးဖျက်မှုတခုမှာ တယ်လီဖုန်းလုပ်ငန်းလိုင်စင် အတွက် လေလံစနစ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည် ဟု Schneider က ဆိုသည်။ ကာတာနိုင်ငံမှ Ooredoo နှင့် နော်ဝေနိုင်ငံမှ Telenor ကုမ္ပဏီတို့ ကို ယခုနှစ် ဇွန်လအတွင်းတွင် တယ်လီဖုန်းလုပ်ငန်း လုပ်ကိုင်ခွင့် ချထားပေးခဲ့သည်။

အစိုးရပိုင်လုပ်ငန်းကသာ နှစ်ပေါင်းများစွာ လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ရနေခဲ့သည့် ဆက်သွယ်ရေး ကဏ္ဍကို လိုင်စင်ခွင့်ပြုဖို့ အတွက်လည်း စေ့စေ့စပ်စပ် စစ်ဆေးခဲ့သည်။ တယ်လီဖုန်းလုပ်ငန်းသည် မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အရေးပါသည့် နေရာများထဲမှ တခုဖြစ်သည်ဟု စီပွားရေး ပညာရှင်များက ယူဆ ကြသည်။

“နှစ် အနည်းငယ် အတွင်း မြန်မာနိုင်ငံဟာ သူတို့လုပ်နေတဲ့ အနေအထားတခုကို အခြားသော AEC အဖွဲ့ဝင်နိုင်ငံတွေလိုပဲ  ရောက်လာနိုင်ပါတယ်” ဟု ၂၀၁၆ ခုနှစ်တွင် ပေါ်ပေါက်လာတော့မည့် အာဆီယံစီးပွားရေး အသိုက် အဝန်း ASEAN Economic Community ကို ရည်ညွှန်း၍ Schneider က ပြောဆိုသည်။

Loading