စီးပွားရေး

လျှပ်စစ်ဓာတ်အားခ တက်လို့ စိတ်ပျက်ကြ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

နောက်လမှစတင်၍ လျှပ်စစ်ဓာတ်အားခများကို တိုးမြှင့်ကောက်ခံရန် စီစဉ်နေသည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် အိမ်ထောင်စုများက စိုးရိမ်ပူပန်ကြောင်းပြောကြသည်။ ဓာတ်အားခ ဈေးနှုန်းများသည် သိသိသာသာတိုးမြင့်သွားပြီး အချို့ နေရာများတွင် ၁၀၀ ရာခိုင်နှုန်းအထိ တိုးသွားသည်။

တလလျှင် ဓာတ်အား ၁၀၁ ယူနစ်ထက်ကျော်လွန်၍ သုံးစွဲသူများသည် တယူနစ်လျှင် ၅၀ကျပ် နှုန်းဖြင့်ပေးဆောင်ရမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ (YESB) က ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။ ၄၀ ရာခိုင်နှုန်းခန့် ဈေးတက်သွားခြင်းလည်းဖြစ်သည်။

တလလျှင် ဓာတ်အား ၁ ယူနစ်မှ ၅၀၀၀ ယူနစ် အတွင်း သုံးစွဲသည့် စီးပွားရေးလုပ်ငန်းများသည် ယခုနိုဝင်ဘာလမှ စတင်၍ ၃၅ ရာခိုင်နှုန်း တိုး မြင့်ကာ တယူနစ်လျှင် ၁၀၀ ကျပ်နှုန်းဖြင့် ပေးဆောင်ရမည်ဟု (YESB) က ကြေညာခဲ့သည်။ တလအတွင်း ယူနစ် ၅၀၀၀ ကျော် သုံးစွဲသည့် ကုမ္ပဏီများသည် မူလက တယူနစ်အတွက် ၇၅ကျပ် ပေးချေနေရာမှ နှစ်ဆတိုးပြီး ၁၅၀ ကျပ် နှုန်းဖြင့်ပေးရတော့မည် ဖြစ်သည်။

ထိုကဲ့သို့ ဓာတ်အားခများ တိုးမြှင့်လိုက်ရခြင်းမှာ “လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် ဝယ်ယူရမှု စရိတ်များကို ကာမိ စေရန် ဖြစ်သည်” ဟု (YESB) ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ဈေးတိုးမြှင့်လိုက်သည့် အစီအစဉ်၏ အခြားသော အကြောင်းပြချက်များနှင့် ပတ်သက်၍ ပြောပြပေးနိုင်ရန် အဆိုပါ အဖွဲ့နှင့် ဆက်သွယ်မေးမြန်းသော်လည်း မရခဲ့ပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လျှပ်စစ် ဝန်ကြီး ဌာနက မီတာခ တိုးမြှင့်ကောက်ခံမှုကို ပြည်သူကို ဦးစွာရှင်းပြသင့်ပြီး မရှင်းပြဘဲ တိုးမြှင့်ခြင်းသည် အာဏာရှင်စနစ်၏ အမွေဆိုး မကုန်သေးခြင်း ဖြစ်ကြောင်း၊ ပြည်သူများသည် အတိုက်အခံများ မဟုတ်ဘဲ အခြေအနေကို ရှင်းပြလျှင် နားလည်နိုင်ကြသူများ ဖြစ်ကြောင်း၊ ပြည်သူကို လေးစားလျှင် ပြည်သူက အသိအမှတ်ပြုမည် ဖြစ်ကြောင်း နိုဝင်ဘာ ၄ ရက်နေ့က လွှတ်တော် အဆောက်အအုံ ၁၂  သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။

စက်ရုံပိုင်ရှင် အများအပြားကမူ ဓာတ်အားခ ဈေးတက်ခြင်းသည် ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှု ပေါ်သို့ အကျိုးသက်ရောက် မှုရှိလာလိမ့်မည်ဟု ဆိုသည်။ ရလဒ်အနေဖြင့် စားသုံးသူများအတွက် ထုတ်ကုန်ဈေးနှုန်းများ မြင့်တက်သွားစေနိုင်သည် ဟု လည်း အချို့က သတိပေးကြသည်။

“ရေခဲစက်လုပ်ငန်း၊ ငါးနဲ့ အသားထုတ်လုပ်ရေးလိုမျိုး အအေးခန်းလုပ်ငန်း လုပ်တဲ့ စီးပွားရေးသမားတွေက ဓာတ်အားခ ၂ ဆတက်သွားရင် သူတို့အတွက် လုံး၀ အမြတ်ကျန်တော့မှာ မဟုတ်ဘူးလို့ ပြောကြတယ်။ သူတို့အတွက် အဓိက ကုန်ကျစရိတ်က လျှပ်စစ်ဓာတ်အားခပဲလေ” ဟု လှိုင်သာယာ အမှတ် ၅ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ၏ အတွင်းရေးမှူး ဦးကျော်စိုးထွန်းက ပြောသည်။

“ပလပ်စတစ် လုပ်ငန်းရှင်တွေ ကလည်း သူတို့ပစ္စည်းတွေရဲ့ ဈေးကွက်တန်ဖိုးကို သတ်မှတ်နိုင်ဖို့ အတွက် နောက်လ မှာ ထွက်လာမယ့် လျှပ်စစ်ဓာတ်အားခကို စောင့်ကြည့်နေကြတယ်” ဟု သူက ဆိုသည်။

ထို့ပြင် ဓာတ်အားခများ တိုးမြှင့်လိုက်ခြင်းသည် ရန်ကုန်၏ မကြာခဏ ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်နေသည့် ပြည့်စုံလုံလောက်မှု မရှိသော ဓာတ်အားထောက်ပံ့မှု အခြေ အနေကို ပို၍ရှုပ်ထွေးစေလိမ့်မည် ဟုလည်း ဦးကျော်စိုးထွန်း ကပြောသည်။

“အရေးအကြီးဆုံး အချက်ကတော့ အချိန်ပြည့် ဓာတ်အားရရှိဖို့ပါပဲ၊ လတ်တလော အခြေအနေမှာ အစိုးရဓာတ်အား စနစ် က တကယ်ကို အားနည်းတဲ့အတွက် တချို့ လုပ်ငန်းတွေတောင်မှ မလည်ပတ်နိုင်ဘူးဖြစ်နေပါတယ်” ဟုလည်း သူက ပြောသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၊ ထုတ်လုပ်သူများနှင့် တင်ပို့ရောင်းချသူများ အသင်း၏ ဘဏ္ဍာရေးမှူး ဒေါ်တိုးနန္ဒာတင်က သူတို့ အသင်း၏ စက်ရုံများတွင် ထုတ်ကုန်များ လတ်ဆတ်နေစေရန်အတွက် အအေးခန်းများကို ၂၄ နာရီလည်ပတ် ပေး ထားရကြောင်း၊ ဓာတ်အားခ ဈေးနှုန်းများ မြင့်တက်သွားသည့် အတွက် ကုန်ကျစားရိတ်သိသိသာသာ တိုးလာမည်ဆိုလျှင် စက်ရုံ အများစုက တတ်နိုင်မည် မဟုတ်ကြောင်းပြောသည်။

“စက်မှု လုပ်ငန်းအများစု ရပ်တန့်သွားမယ်လို့ ကျမထင်ပါတယ်။ မြန်မာနိုင်ငံမှာ စက်မှုလုပ်ငန်းတွေဟာ ကောင်းကောင်း ဖွံ့ ဖြိုးမှု မရှိသေးပါဘူး။ ဒီလိုဈေးတက်လိုက်မယ် ဆိုရင် တိုင်းပြည်ကိုလဲ ထိခိုက်နိုင်ပါတယ်။ ဒီအချက်ကြောင့် အားလုံး ဒုက္ခ ရောက်ကြမှာ သေချာပါတယ်” ဟု သူကဆိုသည်။

လျှပ်စစ်ဓာတ်အားခ များတက်သွားဖြင်းအားဖြင့် လတ်ဆတ်ရန်အတွက် အအေးဓာတ်ပေးထားရန် လိုအပ်သည့် ငါး နှင့် အသားကဲ့သို့သော ကုန်ပစ္စည်းများ ဈေးတက်သွားလိမ့်မည်ဟု ဒေါ်တိုးနန္ဒာတင်က သတိပေးလိုက်သည်။

Step အဝတ်အထည်လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးထွန်းကျော် ကမူ လျှပ်စစ် ဓာတ်အားခများ မြင့်တက်သွား ခြင်းသည် အထည်ချုပ် လုပ်ငန်းများကို သက်ရောက်မှု နည်းပါးနိုင်သည်ဟု ဆိုသည်။ “အဝတ်အထည် လုပ်ငန်းမှာ လျှပ်စစ် ဓာတ်အားခက ထုတ်လုပ်မှုစားရိတ်ရဲ့ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်း အတွင်းမှာပဲ ရှိတယ်။ ကျနော့် လုပ်ငန်းမှာ အဓိက ကုန်ကျစရိတ်က ဝန်ထမ်းတွေရဲ့ လစာပါ။ ဒါကြောင့် အဝတ်အထည် ဈေးနှုန်းတွေကတော့ တက်သွားမှာ မဟုတ်ပါဘူး” ဟု သူကပြောသည်။

သာမန်ပြည်သူ အိမ်ထောင်စုများလည်း လျှပ်စစ်ဓာတ်အားခ တိုးသွားသည့် အတွက် စိုးရိမ်ကြောင့်ကြမှုတွေ တိုးပွားလာနေသည်။

“ကျမတို့ အတွက်ကတော့ တကယ်တုန်လှုပ်ဖို့ ကောင်းတဲ့သတင်းပါ။ အိမ်မှာဆိုရင် ကျမတို့က တလကို အနည်းဆုံး ယူနစ် ၂၀၀ လောက်သုံးတယ်။ ၇၀၀၀ ကျော်လောက်ကျတယ်။ ဒါပေမယ့် ဒီလကစပြီးတော့ တလကို ၁၀၀၀၀ ကျော် ပေးရတော့မယ်” ဟု ရန်ကုန်မြို့ စမ်းချောင်း မြို့နယ်တွင်နေထိုင်သော ဒေါ်ခင်ခင်မြင့်က ဆိုသည်။ ယခုအခါ သူတို့မိသားစု အနေဖြင့် လျှပ်စစ် သုံးစွဲမှုကို လျှော့ချနိုင်ရန် စီစဉ်နေသည် ဟုလည်း ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading