ရန်ကုန် နိုင်ငံတကာလေဆိပ်၏ ဆိုက်ရောက် နှင့် ထွက်ခွာဂိတ်သွားရာ လူသွားလမ်းမထက်တွင် အပြာရောင်၊ အဖြူရောင်နှစ်ရောင်စပ် ဆိုင်းဘုတ်ကြီးများရှိသည်။ စီးပွားရေး ရင်းနှီးမတည်မှု ရှာနေသော မြန်မာနိုင်ငံအတွက် စင်ကာပူနိုင်ငံ၏ စတော့ဈေးကွက်ကို တဆင့်ခံအသုံးပြုနိုင်ကြောင်း ကြေငြာထားသည့် ဆိုင်းဘုတ်ကြီးများပင် ဖြစ်သည်။
စင်ကာပူနိုင်ငံသည် မြန်မာ့စီးပွားရေးကုမ္ပဏီများအတွက် ကြားခံဆက်ဆံဆောင်ရွက်နိုင်မည့် ဆွဲဆောင်စရာ တခုဖြစ်လာနိုင်သည်ဟု ၎င်းကြေငြာများက ညွှန်းဆိုထားသည်။ မြန်မာ့စီးပွားရေး ကုမ္ပဏီများက ဆယ်စုနှစ်ပေါင်းများစွာ ပြင်ပနှင့်အဆက်အဆံမရှိ အထီးကျန်နေလာခဲ့သည့် တိုင်းပြည်ကို တိုးတက်ကြီးပွားစေချင်ကြသလို တိုင်းပြည်၏ ယိုယွင်းနေသော ဘဏ်စနစ်နှင့် အသက်ရှုရုံ ငွေကြေး ဈေးကွက်များကြောင့်လည်း စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။
မြန်မာနိုင်ငံနှင့် နီးနီးကပ်ကပ် လက်တွဲဆောင်ရွက်နေသော ရှေ့နေများ၊ ဘဏ္ဍာရေးအကြံပေးများက လာမည့် ၂ နှစ်အတွင်း ကုမ္ဗဏီ ၆ ခုမှ ၁၀ ခုအထိ စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်မည်ဟု စဉ်းစားနေကြကြောင်း ပြောဆိုသည်။
“မြန်မာစီးပွားရေးလုပ်ငန်းရှင် တော်တော်များများက စင်ကာပူနိုင်ငံ အင်စတီကျူးရှင်းတွေရဲ့ ဂုဏ်သိက္ခာကို လေးစားကြတယ်။ ဆိုတော့ စင်ကာပူမှာ မှတ်ပုံတင်ခြင်းအားဖြင့် တပါတည်း သူတို့အတွက်ပါ ဂုဏ်သိက္ခာရှိလာမယ်လို့ မျှော်လင့်နေကြတယ်” ဟု Rajah & Tann စင်ကာပူ ဥပဒေ အထောက်အကူပြု အဖွဲ့မှ ကော်ပိုရေးရှင်းနှင့် ငွေပင်ငွေရင်း ဈေးကွက်များဌာန အကြီးအကဲ ကမ်ဟုချီယာ က ပြောဆိုခဲ့သည်။
သို့သော် အခက်အခဲများက မြင့်မြင့်မားမား ရှိနေသည်။
မြန်မာ့ကုမ္ပဏီများအနေဖြင့် သက်ဆိုင်ရာ ကော်ပိုရေးရှင်း အုပ်ချုပ်မှု စံသတ်မှတ်ချက်တွေကို လိုက်နာရန် လိုအပ်မည်ဟု စင်ကာပူနိုင်ငံ စတော့ဈေးကွက်လုပ်ငန်းရှင်များက ပြောဆိုသည်။ ယင်းသည် စီးပွားရေးလုပ်ငန်း အများစုအတွက် မရင်းနှီးသေးသော နယ်ပယ်တခု ဖြစ်ကြောင်း ရှေ့နေများ၊ ဘဏ်လုပ်ငန်းရှင်များက ဆိုသည်။
အမေရိကန်ပြည်ထောင်စု၏ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် မြန်မာနိုင်ငံမှ စီးပွားရေး ထိပ်သီးတော်တော်များများ ပါနေခြင်းကြောင့် အခြေအနေက ပိုရှုပ်ထွေးသည်။ သူတို့ အများစုသည် ယခင်စစ်အစိုးရနှင့် လက်ဝါးချင်းရိုက်ပြီး ချမ်းသာလာသူများ၊ ခြစားမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်သူများဟု နာမည်ဆိုးနှင့် ကျော်ကြားသူများဖြစ်သည်။ ဥရောပသမဂ္ဂက ယခုနှစ်အတွင်း သူတို့အပေါ် ပိတ်ဆို့မှုများကို ဖယ်ရှားခဲ့သော်လည်း အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့မှုများကို ယာယီရပ်ဆိုင်းခြင်းသာ ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံအနေနှင့် ကိုယ်ပိုင်စတော့ရှယ်ယာဈေးကွက်တခု ဖွင့်ဖို့ စီစဉ်နေခြင်းကြောင့်လည်း အစိုးရက အတိုက်အခံ လုပ်နိုင်ဖွယ် ရှိသည်။ ထို့ကြောင့် နိုင်ငံရပ်ခြားတွင် ငွေကြေးအရင်းအနှီး ရှာလိုသော ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက် စိုးရိမ်ဖွယ် ဖြစ်သည်။
ယနေ့အချိန်အထိ စင်ကာပူနိုင်ငံတွင် မြန်မာစီးပွားရေးလုပ်ငန်းတခုဖြစ်သော Yoma Strategic Holdings Ltd တခု တည်းသာ မှတ်ပုံတင်ထားသေးသည်။ ၂၀၀၆ ခုနှစ်တွင် အစုရှယ်ယာပိုင်ကုမဏီ အဖြစ် ပြောင်းလဲပြီးသည့်နောက် မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။
ဆာ့ချ်ပန် ဦးဆောင်သော မြေယာနှင့် ကားအရောင်းအဝယ်လုပ်ငန်းကြီးက ထိပ်ပိုင်း အစုရှယ်ယာရှင် ဆယ်ဦးတွင် Capital Group နှင့် Aberdeen Asset Management and Vanguard စီးပွားရေးလုပ်ငန်းများကို ထည့်သွင်းရန် စဉ်းစားနေသည်။ ၂၀၁၂ ခုနှစ် အစောပိုင်းမှစ၍ ရေပန်းစားလာရာ ရင်းနှီးမြုပ်နှံသူများ၏ စိတ်ဝင်စားမှုများလာသည်နှင့်အတူ ၎င်း၏ အစုရှယ်ယာဈေးနှုန်းပါ အဆပေါင်းများစွာ တက်လာသည်။
တခြားမြန်မာစီးပွားရေးလုပ်ငန်းများကလည်း ယင်းလမ်းကြောင်းနောက် လိုက်လိုသည်မှာ သဘာ၀ ဖြစ်သည်။
“ဒီကနေ့အချိန်အထိ မြန်မာနိုင်ငံမှာ စတော့ဈေးကွက်လည်း မရှိဘူး၊ ငွေချေးဈေးကွက် အပြင် ဘဏ်ဈေးကွက်ရယ်လို့ ပြောစရာကို မရှိပါဘူး။ ပိုင်ဆိုင်မှု ချမ်းသာတဲ့ကုမ္ဗဏီတချို့ရှိတယ်။ ဒါပေမယ့်သူတိုကမှာ ငွေပေါ်လွယ်ဖို့ ရောင်းချစရာ (liquidity) မရှိကြဘူး” ဟု ရိုးမ အမှုဆောင်အရာရှိချုပ် အင်ဒရူးရစ်ကဒ်က ပြောဆိုခဲ့သည်။
“၂၀၀၆ ခုနှစ်တုန်းက ရိုးမကို အစုစပ်လုပ်ငန်းအဖြစ် ပြောင်းလဲလိုက်တာကို မှန်ကန်တဲ့လုပ်ရပ်လို့ မြင်ရင် အခုအချိန်မှာ နိုင်ငံတကာဈေးကွက်ကို ထိတွေ့ဖို့အတွက် ကုမ္ပဏီတွေ လုံး၀ မဖြစ်မနေလိုက်လုပ်ဖို့ လိုအပ်ပါတယ်” ဟု အင်ဒရူးရစ်ကဒ်က ပြောဆိုသည့်တိုင် မြန်မာကော်ပိုရေးရှင်းများသည် ရိုးမ ဥပမာအား နမူနာယူ ဆောင်ရွက်မည်ဆိုပါက ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သော ဦးဇော်ဇော်၏ အဖြစ်ကိုလည်း သတိထားကြည့်သင့်သည်။
စင်ကာပူအိတ်ချိန်းက ဧပြီလတွင် ဦးဇော်ဇော်၏ ဝယ်ယူပြောင်းလဲမှု လုပ်ငန်းအဆိုပြုချက်တခုကို ပြတ်ပြတ်သားသား ပယ်ချခဲ့သည်။ ၎င်းအဆိုပြုချက်အရ ဦးဇော်ဇော်က ၎င်း၏ စက်သုံးဆီ အရောင်းလုပ်ငန်းကို မွေ့ရာ လက်လီရောင်းချသူ Aussino Group Ltd စီးပွားရေးလုပ်ငန်းနှင့် ပေါင်းစပ်ရန်ဖြစ်သည်။
“ဖြေရှင်းပေးနိုင်ခြင်း မရှိသော အဓိက အကြောင်းချင်းရာများကြောင့် ပြန်လည်သုံးသပ်ပြီး လျှောက်လွှာအား ရှေ့ဆက် ဆောင်ရွက်နိုင်ခြင်းမရှိပါ” ဟု စင်ကာပူအိတ်ချိန်းက ပြောဆိုခဲ့သည်။ စိုးရိမ်ချက်များစွာအနက် ဦးဇော်ဇော်သည် အမေရိကန်နိုင်ငံ၏ ပိတ်ဆို့မှုစာရင်းတွင် ရှိနေခြင်းနှင့် မည်သည့်အတွက်ကြောင့် စာရင်းတွင် သူပါနေရသည့်အကြောင်းရင်း ရှင်းရှင်းလင်းလင်းမရှိခြင်းတို့ ဖြစ်သည်ဟု အကြောင်းပြသည်။ ဦးဇော်ဇော်က ၎င်းကိစ္စနှင့်ပတ်သက်၍ မှတ်ချက် တစုံတရာပေးခြင်း မရှိပါ။
မြန်မာနိုင်ငံ၏ ကော်ပိုရေးရှင်းလုပ်ငန်း နယ်ပယ်တခုလုံးကို စီးပွားရေးလုပ်ငန်းစုကြီး ု ၂၀ ခန့်က လက်ဝါးကြီးအုပ်ထားသည်။ ဝန်ထမ်းဦးရေ သုံးသောင်းအထိ ခန့်အပ် ဆောင်ရွက်နေသည့် လုပ်ငန်းကြီး များဖြစ်သည်။
အငယ်စား စီးပွားရေးကုမ္ပဏီများ ရံပုံငွေရှာရန်၊ ငွေချေးရန် ခက်ခဲသည်။ ပုံမှန်အားဖြင့် မြို့ပြမြေအသုံးပြုရန်အတွက် စရံငွေနှင့် အတိုးနှုန်းမြင့်မားလွန်းသည် ဟု ရန်ကုန်အခြေစိုက် သုတေသနနှင့် ငွေပင်ငွေရင်း ဈေးကွက် လေ့လာရေးအဖွဲ့ Thura Swiss မှ အမှုဆောင်အရာရှိချုပ် ဦးအောင်သူရက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် လိုင်စင်ရ ငွေချေးရှယ်ယာစာချုပ် ရောင်းဝယ်ရေးလုပ်ငန်းဟူ၍ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဌာန (Myanmar Securities Exchange Centre- MSEC) ရှိသည်။ သို့သော် တရားဝင်မှတ်ပုံတင်ထားသော ကုမ္ပဏီ နှစ်ခုသာရှိသည်။ တခါတရံ အစုရှယ်ယာများ ရောင်းဝယ်မှုရှိသည်။ ပုံမှန်အားဖြင့် ငွေသားဖြင့်သာ ပေးချေလေ့ရှိသည်။
ကုမ္ပဏီတချို့က အများပိုင်အစုရှယ်ယာ လုပ်ငန်းများအဖြစ် ပြောင်းလဲလိုက်ကြသော်လည်း MSEC တွင် ပါဝင်ခြင်းမရှိပဲ ၎င်းတို့ရှယ်ယာများကို ၎င်းတို့ပိုင် ကုမ္ပဏီရုံးခန်းများမှ ထုတ်ရောင်းချသည်။ သတင်းစာများမှတဆင့် သော်လည်းကောင်း၊ လူသတင်း လူချင်းဆောင် တဆင့်စကား တဆင့်ကြား နည်းလမ်းမှ သော်လည်းကောင်း အစုရှယ်ယာရောင်းမည့်အကြောင်းကို ထုတ်ဖေါ်ပြောဆိုကြသည်ဟု ဦးအောင်သူရက ပြောဆိုသည်။
ဂျပန်နိုင်ငံ Daiwa Securities Group ၏ အကူအညီနှင့် ၂၀၁၅ ခုနှစ်တွင် ရှယ်ယာဈေးကွက်တခု တည်ထောင်နိုင်ရန် ဆောင်ရွက်နေသော်လည်း မြန်မာစီးပွားရေးအသိုင်းအဝန်းအတွင်း လုပ်ငန်း တော်တော်များများက သတ်မှတ်ရက်ကို နောက်ဆုတ်ရနိုင်သည်ဟု စိုးရိမ်နေကြသည်။ နိုင်ငံရပ်ခြားတွင် ရှယ်ယာထည့်ဝင်ခြင်းကြောင့်လည်း အစိုးရ၏ အငြိုအငြင်ခံရနိုင်သည့် အန္တရာယ်လည်း ရှိနေပြန်သည်။
မြန်မာ့စီးပွားရေး ကုမ္ပဏီ တော်တော်များများအား စင်ကာပူနိုင်ငံအပါအဝင် တခြား ဈေးကွက်များတွင် မှတ်ပုံတင်ခြင်းမပြုရန် အလွတ်သဘော သတိပေးထားသည်ဟု စီးပွားရေးအသိုင်းအဝိုင်းကြားတွင် ပြောနေကြသော်လည်း အာဏာပိုင်များက ထိုသို့ သတိပေးခြင်းမရှိကြောင်း ငြင်းဆိုသည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်ကုမ္ပဏီကိုမှ ကျနော်တို့ ကန့်ကွက်တာမရှိသလို စင်ကာပူမှာ မှတ်ပုံတင်ဖို့ စီစဉ်နေတဲ့ မြန်မာကုမ္ပဏီတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ ဘာသတင်းအချက်အလက်မှ မရပါဘူး” ဟု ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီ စီမံအုပ်ချုပ်ရေးရုံး ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး က ပြောဆိုခဲ့သည်။ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီ စီမံအုပ်ချုပ်ရေးရုံးသည် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၏ အစိတ်အပိုင်းတခုဖြစ်သည်။
လက်ရှိကာလတွင် မြန်မာ့စီးပွားရေးလုပ်ငန်းများသည် ငွေကြေးရှာဖွေခြင်း အစီအစဉ်များနှင့်ပတ်သက်ပြီး ပြင်ဆင်ထားဖို့ လက်တွန့်နေကြပြီး ရှိပြီးသား အခွင့်အလမ်းကိုသာ ဆက်ကိုင်ထားလိုသည်။ ၎င်းတွင် မဟာဗျူဟာမြောက် သို့မဟုတ် ပုဂ္ဂလိက ရင်းနှီးမြုပ်နှံသူနှင့် တိုက်ရိုက် လက်တွဲဆောင်ရွက်ခြင်းမျိုးလည်း ပါဝင်သည်။
မြန်မာနိုင်ငံတွင် အကြီးဆုံး ကုန်စုံဆိုင်လုပ်ငန်း လုပ်ကိုင်နေသော City Mart Holding ကုမ္ပဏီက စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ရန် စဉ်းစားနေသည်။ သို့သော် တခြား အစားထိုး နည်းလမ်းများကိုပါ ထည့်သွင်းစဉ်းစားနေသည်ဟု ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ပြောဆိုသည်။
ဆောက်လုပ်ရေးနှင့် ရေအားလျှပ်စစ်လုပ်ငန်းကြီးများ ဆောင်ရွက်နေသော ရွှေတောင်ကုမ္ပဏီအစုအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်နိုင်ကလည်း သူ့ ကုမ္ပဏီ၏ အစီအစဉ်သည် မကြာခင်ပေါ်လာမည့် ရှယ်ယာဈေးကွက် အခြေအနေပေါ် မူတည်ပါသည်ဟု ပြောဆိုသည်။
မြန်မာနိုင်ငံအပေါ် ရင်းနှီးမြုပ်နှံသူများ စိတ်ဝင်တစားရှိလာသည်နှင့်အတူ ပထမဆုံး မှတ်ပုံတင်မည့် လုပ်ငန်းများသည် နိုင်ငံတကာ စီးပွားရေး အစုအဖွဲ့များ၏ အစိတ်အပိုင်းလည်းဖြစ်၊ မြန်မာနိုင်ငံအပေါ် အာရုံထား ဆောင်ရွက်သည့် စီးပွားရေး အစုအဖွဲ့များ ဖြစ်နိုင်သည်။
မွန်ဂိုလီးယားအခြေစိုက် Silk Road Finance က သုံးနှစ်အတွင်း Mandalay Capital အမည်နှင့် လုပ်ငန်းခွဲတခုအား စင်ကာပူအိတ်ချိန်းတွင် မှတ်ပုံတင်ရန် စဉ်းစားနေသည်။ မြန်မာစီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံတကာ ရင်းနှီးမြုပ်နှံသူများအား ကော်ပိုရေးရှင်းနှင့် အကြံပေးဝန်ဆောင်မှုပေးသော လုပ်ငန်းဖြစ်မည်ဟု ကုမ္ပဏီ ဥက္ကဌ အလီရှာ အလီ က ရိုက်တာသတင်းဌာနသို့ ပြောဆိုသည်။
ထွန်းသွင် သတ္တူတူးဖေါ်ရေး ကုမ္ပဏီလီမိတက်နှင့်လက်တွဲပြီး မြန်မာနိုင်ငံ အနောက်မြောက်ဖက်တွင် ကျောက်မီးသွေး စွမ်းအင်သုံး ဓါတ်အားရုံ တည်ဆောက်မည့် စင်ကာပူမှတ်ပုံတင် ဆောက်လုပ်ရေးကုမ္ပဏီ ISDN Holdings Ltd က မြန်မာနိုင်ငံတွင် ဆောင်ရွက်မည့် ကျောက်မီးသွေးနှင့်ပတ်သက်သည့် ၎င်းတို့စီးပွားရေးလုပ်ငန်းများအတွက် သီးခြားမှတ်ပုံတင်ရန် စဉ်းစားကောင်း စဉ်းစားမည်ဟု ပြီးခဲ့သည့်လက ပြောဆိုခဲ့သေးသည်။
(Reuters သတင်းထောက် EVELINE DANUBRATA နှင့် JARED FERRIE တို့၏ Capital-Hungry Burma Firms Cautiously Drawn to Singapore Listings ကို ဘာသာပြန်ဆိုသည်)