မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့်တင်ဒါ အောင်မြင်ထားသည့် နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနော (Telenor) ဆက်သွယ်ရေး ကုမ္ပဏီက ဖြန့်ချိရေးနှင့် လက်လီ ရောင်းချရေး လုပ်ငန်းများတွင် ပူးပေါင်း လုပ်ကိုင်လိုသူ ဒေသခံ လုပ်ငန်းရှင်များကို စတင် ခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။
၎င်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှု လုပ်ငန်းများ၏ ဖြန့်ချိခြင်းနှင့် လက်လီ ရောင်းချခြင်းတို့တွင် ပူးပေါင်း ဆောင်ရွက်ရန် တယ်လီနော အသိအမှတ်ပြု ဖြန့်ချိရေးကိုယ် စားလှယ်များနှင့် မိတ်ဖက် လက်လီ အရောင်းဆိုင်လုပ်ငန်း လုပ်ကိုင်လိုသူများကို စတင်ခေါ်ယူနေပြီဖြစ်ကြောင်း ရန်ကုန်မြို့၊ ကုန်သည်ကြီးများ ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် တယ်လီနော (မြန်မာ) ကုမ္ပဏီ၏ ဖြန့်ချိရေးနှင့် ဈေးကွက်ဆိုင်ရာ အရာရှိ Mr. Sharad Mehrotra က ပြောကြားသည်။
“ဘယ်လောက်ခေါ်မယ်ဆိုတဲ့ အရေအတွက်ကိုတော့ အတိအကျ ပြောလို့မရသေးပေမယ့် မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းနဲ့ ကျနော်တို့ရဲ့ ဖြန့်ချိရေးကွန်ရက်ကို တည်ဆောက်မှာပါ၊ ကျနော်တို့နဲ့အတူ လက်တွဲလုပ်ကိုင်ဖို့ စိတ်အားထက်သန်တဲ့ ဒေသခံ လုပ်ငန်းရှင်တွေကို အဓိက ထားခေါ်ယူမှာပါ” ဟု Mr. Sharad Mehrotra က သတင်းစာရှင်းလင်းပွဲအပြီး ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ဖြန့်ချိရေးနှင့် လက်လီ ရောင်းချမှုတွင် လုပ်ကိုင်လိုသူ ဒေသခံ လုပ်ငန်းရှင်များနှင့် လုပ်ငန်းစတင် လုပ်ကိုင်လိုသူ လုပ်ငန်းရှင်များအနေဖြင့် တယ်လီနော (မြန်မာ) ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်မှ တဆင့် လျှောက်လွှာများ ရယူကာ လျှောက်ထားနိုင် ကြောင်းသိရသည်။
သို့သော် ကုမ္ပဏီက ဆက်သွယ်ရေး လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရရှိပြီးသည့်နောက်မှ ပူးပေါင်းလုပ်ကိုင်မည့် ပြည်တွင်း လုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် အချက်အလက်များ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း၊ လတ်တလောတွင်မှု လုပ်ငန်းရှင်များကို ခေါ်ယူမှုသာ ရှိမည်ဖြစ်ကြောင်း Mr. Sharad Mehrota က ရှင်းပြသည်။
တယ်လီနော၏ ဖြန့်ချိရေးနှင့် လက်လီရောင်းချမှု လုပ်ကိုင်ရန် လျှောက်ထားရမည့် လျှောက်လွှာတွင် လျှောက်ထားသူ၏ ကိုယ်ရေးအကျဉ်း အပါအဝင် နေထိုင်ရာဒေသ၊ ဒေသရှိ လူဦးရေ အရေအတွက်၊ ရင်းနှီးမြှုပ်နှံနိုင်မည့် ငွေကြေး ပမာဏ၊ ကုမ္ပဏီလုပ်ငန်းရှင်ဖြစ်ပါက ဝန်ထမ်းအင်အား၊ ကုမ္ပဏီအဆောက်အအုံပုံစံ၊ အကျယ်အဝန်း စသည့် အချက်အလက်များကိုပါ တယ်လီနော (မြန်မာ) ဝက်ဘ်ဆိုက်၏ လျှောက်လွှာတွင် ဖော်ပြထားသည်။
တယ်လီနော (မြန်မာ) သည် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ရရှိရန် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညိနှိုင်းဆွေး နွေးမှုမှာ အပြီးသတ်ဆွေးနွေးနေသည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည့်အတွက် လာမည့် ၈ လအတွင်း ဆက်သွယ်ရေးကွန်ရက် လုပ်ငန်းများနှင့် ဖြန့်ချိရေးလုပ်ငန်းများ စတင်လုပ်ကိုင်နိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။