အင်တာနက် ချိတ်ဆက်ထားသည့် နေရာတိုင်းတွင် အသုံးပြုနိုင်မည့် မိုဘိုင်း ဘဏ်စနစ် (Mobile Banking) အသုံးပြု၍ ငွေသွင်း၊ ငွေလဲွဲှနှင့် ငွေထုတ်ခြင်း ဝန်ဆောင်မှုများပြုလုပ်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ တင်ပြထားကြောင်း သမဝါယမဘဏ် လီမိတက် (CB Bank) မှ သိရသည်။
အဆိုပါ ဝန်ဆောင်မှုစနစ်ကို အသုံးပြုခွင့်ရရှိရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ တင်ပြထားပြီး ၎င်းတို့ထံမှ
ခွင့်ပြုချက်ရရှိသည် နှင့် တပြိုင်နက် လုပ်ငန်း စတင်မည်ဟု သမဝါယမဘဏ် လီမိတက်မှ တာဝန်ရှိသူက ဧရာဝတီသို့ ပြောသည်။
“မိုဘိုင်းဝန်ဆောင်မှု စနစ်က အင်တာနက် အခြေခံပြီး လုပ်ထားတဲ့အတွက် အင်တာနက် မရှိတဲ့ နေရာတွေမှာတော့ အဆင်ပြေမှာ မဟုတ်ဘူး။ ငွေလွှဲငွေထုတ်လုပ်လို့ ကြာမယ့်အချိန်က အင်တာနက်လိုင်း ကောင်းရင်ကောင်းသလိုမျိုး ပြည်တွင်းမှာ ခေတ်စားနေတဲ့ ဖေ့စ်ဘုတ်၊ အီးမေးလ် သုံးတဲ့အခါ မေးလ်တစောင် ပို့တဲ့အချိန်၊ စာတိုရိုက်တဲ့၊ ပို့တဲ့အချိန်လောက်ပဲ ကြာမယ်” ဟု သမဝါယမဘဏ် လီမိတက်မှ တာဝန်ရှိသူက ပြောသည်။
မိုဘိုင်းဝန်ဆောင်မှုစနစ်ဖြင့် အသုံးပြုမည့်သူ အနေဖြင့် သမဝါယမဘဏ်တွင် ကိုယ်ပိုင် ဘဏ်အကောင့်တခု ဖွင့်ထားရမည် ဖြစ်ကြောင်း၊ အကောင့်ပိုင်ရှင်က ဘဏ်သို့ ဖုန်းဖြင့် ဆက်သွယ်ရုံဖြင့် တခြားသူတဦးဦးသို့ ငွေသွင်း၊ ငွေထုတ်ခြင်းနှင့် ငွေလွှဲခြင်း တို့ကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ထို့အပြင် ဘဏ်အကောင့် ဖွင့်လှစ်ထားသူ အနေဖြင့် ပုံမှန်ဘဏ်အတိုးနှုန်းလည်း ရရှိနေမည်ဖြစ်ကြောင်း သိရသည်။
ဘဏ်အကောင့် မရှိသော်လည်း မိုဘိုင်းဝန်ဆောင်မှု အသုံးပြုလိုသူများသည် ဘဏ်မှ ခန့်အပ်ထားသည့် ကိုယ်စားလှယ်နှင့် လျှို့ဝှက်နံပါတ်တခု ထားရှိကာ ငွေလွှဲခြင်း၊ ငွေထုတ်ခြင်းတို့ကို အချိန်တိုအတွင်း ဆောင်ရွက်နိုင်မည့် ဝန်ဆောင်မှုဖြစ်ကြောင်း သိရသည်။
သို့သော် ၎င်းစနစ်သည် ပြည်တွင်း၌သာ အသုံးပြုနိုင်မည်ဖြစ်ပြီး လတ်တလောတွင် လွှဲနိုင်မည့် ထုတ်ယူနိုင်မည့် ငွေပမာဏကိုလည်း ကန့်သတ်ထားမည် ဖြစ်ကြောင်း သိရသည်။
“မိုဘိုင်းဝန်ဆောင်မှုအတွက် လုံခြုံရေးပိုင်းကိုလည်း ဘဏ်က အပြည့်အဝ တာဝန်ယူတယ်၊ ပညာရှင်တွေ ထားပြီးတော့ အချက်အလက်တွေနဲ့ ငွေစာရင်းတွေကို ဟက်ကာတွေ မဝင်နိုင်အောင် လုပ်ထားတယ်၊ တခုခုဖြစ်ခဲ့မယ် ဆိုရင်လည်း ကျနော်တို့က တာဝန်ယူ ဖြေရှင်းပေးမှာပါ” ဟု ဘဏ်မှ တာဝန်ရှိသူက ရှင်းပြသည်။
မိုဘိုင်း ဘဏ်ဝန်ဆောင်မှုစနစ်သည် ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ကမ္ဗောဒီးယားနှင့် လာအို စသည့် နိုင်ငံများတွင် တွင်ကျယ်စွာ အသုံးပြုနေသည့် ဘဏ်ဝန်ဆောင်မှု တခုဖြစ်သည်ဟုလည်း သိရသည်။
သမဝါယမဘဏ်နှင့် Master Card တို့ ပူးပေါင်း၍ ပြည်ပနိုင်ငံပေါင်း ၂၁၀ ကျော်ရှိ ATM ငွေထုတ်စက်များတွင် ငွေသားထုတ်ယူနိုင်ပြီး ဈေးဝယ်စင်တာများ၊ ဘဏ်များ၊ စားသောက်ဆိုင်များ၊ ဟိုတယ် အခန်းငှားရမ်းခြင်းများ အပါအဝင် နေရာအများစုတွင် လက်ခံ အသုံးပြုနေသော အွန်လိုင်း ငွေပေးချေမှုစနစ် Master Card ကိုလည်း အောက်တိုဘာ ၈ ရက်မှ စတင်ကာ ဝန်ဆောင်မှုပေးလျက် ရှိသည်။