ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် နန်းသီတာဆိပ်ကမ်းတွင် ဟိုတယ်နှင့် တခြား အထပ်မြင့် အဆောက်အဦများ ဆောက်လုပ်ရေး တင်ဒါလုပ်ကိုင်ရန် ခွင့်ပြုပြီး ဖြစ်သော်လည်း ကန့်ကွက်မှု ရှိသောကြောင့် ပို့ဆောင်ရေး ဝန်ကြီးဌာနမှ ပြန်လည် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ဝန်ကြီး ဦးဉာဏ်ထွန်းအောင်က ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) နှင့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ (YHT) က ကန့်ကွက်လာသည့်အတွက် ယခုကဲ့သုံးပြန်လည်ညှိနှိုင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီး ဦးဉာဏ်ထွန်းအောင်က မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးတွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သော ရန်ကုန်ဆိပ်ကမ်းဖွံ့ဖြိုး တိုးတက်ရေး ညှိနှိုင်း အစည်းအဝေးပွဲတွင် ပြောကြားခဲ့သည်။
နန်းသီတာဆိပ်ကမ်း အဆင့်မြှင့်တင်ရေးတွင် Service Apartment အထပ် ၂၀၊ Office Building အထပ် ၂၀၊ ဟိုတယ် ၁၆ ထပ်၊ ဈေးဝယ်စင်တာ ၄ ထပ်၊ Cruise and Ferry Terminal ၃ ထပ်တို့ကို ဆောက်လုပ် ရန်အတွက် ပို့ဆောင်ရေး ဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ၂၀၁၂ ခုနှစ်အတွင်းက တင်ဒါများ ခေါ်ယူခဲ့ပြီး ၂၀၁၂ခုနှစ် စက်တင်ဘာလအတွင်း တင်ဒါရွေးချယ် လုပ်ကိုင်ခွင့်များ ချပေးခဲ့သည်။
ရန်ကုန်မြို့တော် ဆိပ်ကမ်းဖွံ့ဖြိုး တိုးတက်ရေးအတွက် အပန်းဖြေ စင်တာများ ဆောက်လုပ်ခြင်း၊ ခေတ်မီ အဆောက်အဦများ ဆောက်လုပ်ခြင်းအတွက် တင်ဒါ ခေါ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ယင်းကဲ့သို့ တင်ဒါများ ရွေးချယ် ခေါ်ယူခဲ့စဉ် YCDC မှ သတိပေး အကြောင်း ကြားခြင်း မရှိခဲ့သော်လည်း၊ တင်ဒါရွေးချယ် ခေါ်ယူပြီးသည့် နောက်ပိုင်းမှသာ ကန့်ကွက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အထွေထွေမန်နေဂျာ ဦးကျော်မြင့်က ပြောသည်။
ရန်ကုန်ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအား ဆက်လက် ဆောင်ရွက်ရန် ပြေလည်နိုင်မည့် အချက်များကို သက်ဆိုင်ရာဌာနများနှင့် အသေးစိတ် ဆက်လက် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်သွားမည်ဟု သူက ဆက်လက် ပြောသည်။
လက်ရှိတွင် New Downtown Development ကုမ္ပဏီက နန်းသီတာဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအား လုပ်ကိုင်ခွင့် တင်ဒါ ရရှိထားသည်။
YCDC မှ အတွင်းရေးမှူး ဦးကျော်စိုးက “နန်းသီတာဆိပ်ကမ်း စီမံကိန်းမြေဟာ မြို့တွင်း ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းရေး နယ်မြေနဲ့ ဆက်စပ်နေတဲ့အတွက်၊ ရွှေတိဂုံဘုရားကြီးကို မြင်ကွင်းမကွယ်အောင်လုပ်ဖို့ ဒီစီမံကိန်းက ထည့်သွင်းစဉ်းစားပေးဖို့လိုပါတယ်” ဟု ပြောသည်။
ရန်ကုန်မြို့တွင်း ဧရိယာတွင် အဆောက်အအုံအသစ် ဆောက်လုပ်မည်ဆိုပါက အမြင့်ပေ ၁၆၀ အထိသာ ခွင့်ပြု ထားကြောင်း ဦးကျော်စိုးက ဆက်လက်ပြောသည်။
၎င်းက ဆက်လက်၍ အဆိုပါ ရန်ကုန်ဆိပ်ကမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းတည်နေရာသည် YCDC မှ အထပ်မြင့် သတ်မှတ်ချက်ဆိုင်ရာ လုပ်ထုံး လုပ်နည်းများအရ မြို့လည်ဗဟို စီးပွားရေး ဧရိယာဇုန် (Centre of Business District) ဖြစ်သဖြင့် ယင်းစီမံကိန်းအား ပြန်လည် ညှိနှိုင်းရန် လိုအပ်ကြောင်း ပြောသည်။
“မြို့တွင်း ရှေးဟောင်း ယဉ်ကျေးမှု အဆောက်အအုံ ထိန်းသိမ်းရေး နယ်မြေအတွင်းမှာ Heritage point of view ဖြစ်တဲ့ တန်ခိုးကြီး ဘုရားတွေ မြင်တွေ့နိုင်မယ့် မြင်ကွင်းကွယ်စေမယ့် အထပ်မြင့်တွေ မရှိစေချင်ဘူး” ဟု ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့မှ စီမံကိန်းမန်နေဂျာ ဦးကြံတိုင်းအောင်က ပြောသည်။
ရန်ကုန်ဆိပ်ကမ်း နယ်မြေများဖြစ်သော ဗိုလ်တထောင်ကမ်းနား၊ ပန်းဆိုးတန်း-ဒလ ဆိပ်ကမ်း၊ ဆူးလနှင့် လမ်းမတော် ကမ်းနားဒေသ စသည့် နယ်မြေ ၄ နေရာတို့အား နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းများအဖြစ် ပြုပြင်ပြောင်းလဲ တည်ဆောက်ရန် ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးမှ ပုဂ္ဂလိကသို့ တင်ဒါခေါ်ယူခြင်းလုပ်ငန်းများအား ၂၀၁၂ခုနှစ် အောက်တိုဘာလအတွင်းက ပြုလုပ်ခဲ့သည်။
လက်ရှိ ရန်ကုန်ဆိပ်ကမ်းတွင် ပင်လယ်ကူး သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သော အပြည်ပြည်ဆိုင်ရာ ဆိပ်ခံ ဘောတံတား ၁၈ ခု နှင့် ကုန်းတွင်း ကုန်သေတ္တာစခန်း ၃ ခု ရှိကြောင်း ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။
ဆိပ်ခံဘောတံတားများ တိုးချဲ့ တည်ဆောက်ရန် လျာထားသည့်နေရာ ၇ နေရာ အတွက် တံတား ၁၄စင်း၊ လမ်းမတော် ကမ်းနားနယ်မြေရှိ ရွာသစ်ချောင်းနှင့် စဉ့်အိုးတန်းကြားဒေသအား နိုင်ငံတကာ အဆင့်မီ ပြည်တွင်း ခရီးသွား ဆိပ်ကမ်းများအဖြစ် ပြုပြင်ပြောင်းလဲ သွားမည်ဖြစ်ပြီး၊ အပန်းဖြေစရာ နေရာများ၊ ဈေးဝယ်စင်တာများ၊ ဟိုတယ်များနှင့် စီးပွားရေးဆိုင်ရာ ခေတ်မီ အဆောက်အဦများလည်း ထည့်သွင်း ဆောက်လုပ်မည်ဟု သိရ သည်။