အီတာလျံ-ထိုင်းကုမ္ပဏီကို ထားဝယ်ရေနက်စီမံကိန်း ဦးဆောင်သူအဖြစ်မှ နှုတ်ထွက်ရပ်နားခိုင်းသည့် မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်ကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေသူအချို့ အံ့အားသင့်သွားကြနိုင်ပါသည်။ သို့သော်လည်း အနုတ်သဘောဆောင်သည့် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်လာနိုင်ဖွယ် မရှိနိုင်ဟု လေ့လာသူများက သုံးသပ်ကြသည်။
ယင်းမှာ နိုင်ငံတကာစံနှုန်းအတိုင်း ရပ်နားခြင်းဖြစ် ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ညှိနှိုင်းရေးဆွဲရေး ကဏ္ဍဆိုင်ရာ ဆပ်ကော်မတီဝင် ဥက္ကဌ၊ မြန်မာနိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးဆက်အောင်က ယခုအပတ်အတွင်း ပြောဆိုခဲ့သည်။
“ခုလိုရပ်နားခိုင်းတာက မြန်မာ၊ ထိုင်း နှစ်နိုင်ငံသဘောတူညီချက်အရ ရပ်နားထားခိုင်းတာ ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ အရမ်းကြီးတဲ့ အတွက် အီတာလျံ-ထိုင်း ကုမ္ပဏီ လုပ်မရပါဘူး။ စီမံကိန်းကြီးတဲ့အတွက် ဘယ် ကုမ္ပဏီမှ တခုထဲ လုပ်မရပါဘူး။ တခြား အင်တာနေရှင်နယ်ကုမ္ပဏီတွေ ခေါ်ဖို့အတွက် ခုလိုလုပ်ငန်းတွေ ခဏရပ်ပြီး သူတို့ကုန်ကျငွေ ဘယ်လောက်ရှိသလဲဆိုတာကို သိရမှ ရင်းနှီးမြူပ်နှံဖို့ ရှိလာပါမယ်”ဟု ဦးဆက်အောင်က မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးတွင် ဒီဇင်ဘာ၂ ရက်နေ့တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ယခင်လအတွင်း မြန်မာနှင့် ထိုင်းတို့ ထားဝယ် စီမံကိန်းနှင့် ပတ်သက်၍ နားလည်မှုစာချွန်လွှာ ၃ ခု လက်မှတ်ရေးထိုး ခဲ့ကြသည်။ တခုမှာ Dawei SEZ Development Co (DSEZ) သို့ လုပ်ပိုင်ခွင့် လွှဲပြောင်းပေးခြင်း ဖြစ်ပြီး အဆိုပါ ကုမ္ပဏီသည် စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန်အတွက် နှစ်နိုင်ငံက တဖက်လျှင် ၅၀ ရာခိုင်နှုန်းစီ ပါဝင်ပူးပေါင်း ဖွဲ့စည်း ထားခြင်းဖြစ်သည်။
၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် ထားဝယ်ဒေသတွင် ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၈.၆ ဘီလီယံတန်သည့် အထူး စီးပွားရေးဇုန် နှင့် ရေနက်ဆိပ်ကမ်း တည်ထောင်ရန် အတွက် ထိုင်းနိုင်ငံ၏ တတိယအကြီးဆုံး ကုမ္ပဏီ ဖြစ်သည့် အီတာလျံ-ထိုင်းကုမ္ပဏီသို့ မြန်မာအစိုးရက လုပ်ပိုင်ခွင့်ချပေးခဲ့သည်။ လုပ်ပိုင်ခွင့် သက်တမ်းမှာ ၇၅ နှစ်ဖြစ်သည်။
အီတာလျံ-ထိုင်းကုမ္ပဏီက ရင်းနှီးမြှုပ်နှံသူများရှာဖွေနိုင်မည်ဟု မျှော်လင့်ခဲ့သော်လည်း စီမံကိန်း၏ အရွယ်အစားနှင့် လိုအပ်သော အရင်းအနှီးကြီးမားမှုကြောင့် အဆင်မပြေခဲ့ဘဲ နှစ်ဖက်အစိုးရများ ကြားဝင်ဆောင်ရွက်ပေးဖို့ ဖြစ်လာရသည်။
ဘန်ကောက်မြို့ရှိ ထိုင်းမြန်မာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတွင် လက်မှတ်ရေးထိုးခဲ့သော ဒုတိယမြောက် နားလည်မှုစာချွန်လွှာမှာ စီမံကိန်းလုပ်ပိုင်ခွင့်ကို ရုပ်သိမ်းခြင်းဖြစ်သည်။
တတိယမြောက် နားလည်မှုစာချွန်လွှာမှာ ရင်းနှီးမြှုပ်နှံသူ အသစ်များက အီတာလျံ ထိုင်းကုမ္ပဏီကို ၎င်းတို့ ရင်းနှီးမြှုပ်နှံ တည်ဆောက် ခဲ့သော လမ်းများနှင့် အခြား တည်ဆောက်မှုများအတွက် ငွေကြေးပြန်လည်ပေးလျော်ရန် အတွက်ဖြစ်သည်။
အီတာလျံ-ထိုင်းကုမ္ပဏီအနေဖြင့်လည်း ဖွံ့ဖြိုးရေး အဓိက စီမံကိန်း ၃ ခုတွင် လုပ်ပိုင်ခွင့်ရရှိရန် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရှိနေသေးသည်။
စီမံကိန်းတွင် အီတာလျံ-ထိုင်း ကုမ္ပဏီ၏ ကုန်ကျထားပြီးငွေ အသေးစိတ်ကို နိုင်ငံတကာ စည်းမျဉ်းအရ နိုင်ငံတကာမှ စာရင်းစစ်ကုမ္ပဏီများမှ လာရောက်စစ်ဆေးကာ အသေးစိတ် စစ်ဆေးတင်ပြမည်ဖြစ်ကြောင်း၊ သို့မှသာ တခြားရင်းနှီးမြုပ်နှံလိုသူများကို တရားမျှတစွာလုပ်ကိုင်နိုင်မှာဖြစ်ကြောင်း ဦးဆက်အောင်က ပြောသည်။
“နိုင်ငံတကာက စာရင်းစစ်အဖွဲ့ ၄ ဖွဲ့မှာ တဖွဲ့က အီတာလျံ-ထိုင်းနဲ့အလုပ်လုပ်နေတဲ့ KPMG အဖွဲ့ကို ပယ်ပြီး ကျန် ၃ ဖွဲ့ထဲကနေ ရွေးပြီး လုပ်သွား ဖို့စီစဉ်ထားပါတယ်။ အီတာလျံ-ထိုင်းအနေနဲ့ သူ ဆက်လုပ်နိုင်တဲ့ အရာတွေအတွက် တင်ဒါတွေခေါ်ရင် စိတ်ဝင်စားရင် ပါလို့ ရပါတယ်။ ဘာမှ ကန့်သတ်မထားပါဘူး”ဟု ဦးဆက်အောင်ကပြောသည်။
လက်ရှိတွင် အီတာလျံ-ထိုင်းမှ ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် ဘတ် သန်း ၆ ထောင် ခန့်ကုန်ကျခဲ့သည်ဟု အဆိုပါကုမ္ပဏီဘက်မှ ပြောကြားထားသော်လည်း အစိုးရဘက်မှ အတည်ပြုချက်ပေးနိုင်ခြင်း မရှိသေးပေ။
အစိုးရဘက်မှ နိုင်ငံတကာ စာရင်းစစ်အဖွဲ့များဖြစ်သည့် PricewaterhouseCoopers(PWC)၊ Deloitte Touche Tohmatsu Limited(Deloitte)၊ Ernst & Young(EY)တို့ကို စာရင်းစစ်ဝင်ရန်အတွက် အဆိုပါအဖွဲ့များထံမှ လုပ်ငန်းလုပ်ဆောင်မည့် အသေးစိတ်ကို တောင်းခံထားကြောင်း သိရသည်။
ထားဝယ်စီမံကိန်းမှ အီတာလျံ-ထိုင်း ကုမ္ပဏီ၏ လုပ်ငန်းခွင်များ ရပ်ဆိုင်းခဲ့သည့် အတွက် ထိုင်းလုပ်သားများမှာ ထိုင်းနိုင်ငံသို့ နေ့စဉ်အဖွဲ့ လိုက် ပြန်လည်ထွက်ခွာနေပြီဖြစ်သော်လည်း စီမံကိန်းသုံး ယာဉ်အချို့နှင့် စက်ပစ္စည်းများကို ပြန်လည်သယ်ယူရန်အတွက် အစိုးရပိုင်းအနေဖြင့် စက်ပစ္စည်းများအတွက် အခွန်ကောက်ခံမှုမရှိသေးသည့်အတွက် စက်ပစ္စည်းများပြန်လည် သယ်ယူရေးကိုမူ ခွင့်ပြုထားခြင်း မရှိကြောင်း သိရသည်။
ဘန်ကောက်ပို့စ်သတင်းစာကမူ အီတာလျံ-ထိုင်း၏ အတွေ့အကြုံများကို လေ့လာသုံးသပ်ကြည့်ပြီးနောက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရေးအတွက် ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် စိုးရိမ်မှုများ ရှိနိုင်သည်ဟု Dharmniti Law Office Co မှ အမှုဆောင် ဒါရိုက်တာ Worasete Phueksakon က ပြောဆိုကြောင်း ရေးသားထားသည်။
“အီတာလျံ-ထိုင်းဟာ လုံလောက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို မဆွဲဆောင်နိုင်ခဲ့တဲ့ အတွက် မြန်မာ အစိုးရက လုပ်ငန်းလုပ်ပိုင်ခွင့်ကို ပြန်ရုပ်သိမ်းဖို့ ဆုံးဖြတ်ရတယ်ဆိုတာကို ကျနော်တို့ နားလည်ပါတယ်။ သင့်တော်တဲ့ စွမ်းအင် အရင်းအမြစ် ရှာဖွေနိုင်ရေးအတွက်လည်း အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်” ဟု သူက ပြောဆိုသော်လည်း “ဈေးပြိုင်တင်သွင်း လာမယ့်သူ အရေအတွက်က လေလံရဲ့ အသေးစိတ် အကြောင်းအရာတွေ၊ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ရမယ့် ကုန်ကျစားရိတ်၊ အချိန်ကာလသတ်မှတ်ချက်နဲ့ စီမံကိန်းရဲ့ အချက်အလက်တွေပေါ်မှာ မူတည်လိမ့်မယ်လို့ ကျနော်တို့ထင်ပါတယ်” ဟုလည်း ပြောသည်။
အကယ်၍ မြန်မာနိုင်ငံက လက်ရှိကျင့်သုံးနေသည့် လုပ်နည်းလုပ်ဟန်များကြောင့် ခက်ခဲပြီး ရှုပ်ထွေးစေသည့်အတွက် စီမံကိန်းကုန်ကျစားရိတ် ကြီးမြင့်ရသည်ဆိုပါက ဈေးပြိုင်တင်သွင်းလာမည့် သူများအတွက် အခက်အခဲများ ပိုလာစေကာ အချို့က ပါဝင်ခြင်းမပြုတော့ ဘဲ နှုတ်ထွက်ဖို့ ဆုံးဖြတ်ကြလိမ့်မည်ဟုလည်း သူက သတိပေးပြောဆိုခဲ့သည်။