စီးပွားရေး

ရန်ကုန် မြို့နယ်အလိုက် မြို့မြေအသုံးချမှု ဇုန် ၁၁ ခု ခွဲခြားသတ်မှတ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) က ရန်ကုန်မြို့၏ မြို့နယ်အလိုက် မြို့မြေအသုံးချမှုနှင့် အဆောက်အအုံ တည်ဆောက်မှုများအား ဇုန်အလိုက် လမ်းညွှန်ထိန်းသိမ်းနိုင်ရန် ဇုန် ၁၁ နေရာ အမျိုးအစား ခွဲခြားပြီး စနစ်တကျ သတ်မှတ်လိုက်ကြောင်း သိရသည်။

မြို့ပြဆောင်တာများ ဟန်ချက်ညီညီ လည်ပတ်နိုင်ရန်၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုကို ရေရှည် ထိန်းသိမ်းနိုင်ရန်နှင့် မြို့နေပြည်သူလူထု အန္တရာယ်ကင်းစွာ နေထိုင်နိုင်စေရေးအတွက် ယင်းကဲ့သို့ သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း ဒီဇင်ဘာ ၃ ရက်နေ့က ရန်ကုန်မြို့တော် စည်ပင် အစည်းအဝေးခန်းမတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ  မြို့ပြစီမံကိန်း ရေးဆွဲရေးပညာရှင်၊ ညွှန်ကြားရေးမှူး၊ အင်ဂျင်နီယာမှူးကြီး (ဗိသုကာ) ဒေါ်လှိုင်မော်ဦးက မီဒီယာများသို့ ပြောသည်။

“ကျမတို့ မြို့ပြစီမံကိန်း ရေးဆွဲရာမှာ မြို့ရဲ့ ပကတိ အခြေအနေတွေကို စနစ်တကျ လေ့လာသုံးသပ်ပြီးတော့ မြို့ပြပြောင်းလဲ ဖြစ်တည်မှုတွေကို ကန့်သတ်သင့်တဲ့နေရာမှာ ကန့်သတ်ရပါမယ်။ ဆက်လက် ခွင့်ပြုသင့်တဲ့ နေရာမှာ ဆက်လက် ခွင့်ပြုရပါတယ်။ အရင်က ကျမတို့ မှားယွင်းစွာ ခွင့်ပြုခဲ့မိတဲ့ ဆူးလေဘုရားနားကCenter Pointကြီးလိုမျိုး နောက်ထပ်တကြိမ် အမှားမခံတော့ဘူး” ဟု ဒေါ်လှိုင်မော်ဦးက ပြောသည်။

ခွဲခြားသတ်မှတ်လိုက်သော ဇုန် ၁၁ ဇုန်မှာ ဆိပ်ငြိမ်ရပ်ကွက် သို့မဟုတ် လူနေသိပ်သည်းမှု နည်းသည့် လူနေ ရပ်ကွက်ဇုန်၊ လူနေသိပ်သည်းမှု အသင့်အတင့်ရှိသည့် လူနေရပ်ကွက်ဇုန်၊ လူနေသိပ်သည်းမှု များသည့် လူနေရပ်ကွက်ဇုန်၊ မြို့မြေအသုံးချမှု ရောနှောပါဝင်နိုင်သည့်ဇုန်၊ ကုန်သွယ်မှုနှင့် စီးပွားရေးဇုန်၊ စက်မှုနှင့် ကုန်လှောင်ရုံများဇုန်၊ ဆိပ်ကမ်းနှင့် ဆိပ်ကမ်းစပ်ဆက် ဝန်ဆောင်မှုများဇုန်၊ စိမ်းလန်းမြေနှင့် ရေပြင်များဇုန်၊ အစိုးရ၊ အဖွဲ့အစည်းနှင့် အခြေခံ အဆောက်အအုံများဇုန်၊ မြို့ပြအမွေအနှစ် ထိန်းသိမ်းရေးဇုန်နှင့် ကမ်းနားဖွံဖြိုးရေး အထူးဇုန်တို့ ဖြစ်ကြောင်း သိရသည်။

“မြို့ပြစီမံကိန်း ရေးဆွဲရာမှာ မေ့လို့မဖြစ်တဲ့ အကြောင်းအရာတခုကတော့ ဇုန်သတ်မှတ်ခြင်းပဲ ဖြစ်ပါတယ်။ ဇုန်နဲ့ပတ်သက်ပြီးတော့ Vision ရှိရမယ်။ မဟာဗျူဟာကျကျ စဉ်းစားတတ်တဲ့ တွေးခေါ်မှုမျိုးလည်း ရှိရမယ်။ယဉ်ကျေးမှု အမွေအနှစ်ကိုလည်း ထည့်ပြီး စဉ်းစားရမယ်” ဟု ယင်းအခမ်းအနားသို့ တက်ရောက်လာသော သမ္မတ ဦးသိန်းစိန်၏ စီးပွားရေးအကြံပေး၊ မြန်မာနိုင်ငံရင်းနှံမြှုပ်နှံမှု ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ အောင်ထွန်းသက်က ပြောသည်။

ယခုနှစ် စက်တင်ဘာလအတွင်းက ရန်ကုန်မြို့တော် စီမံကိန်းရေးဆွဲရေး ကော်မတီအား ဖွဲ့စည်းခဲ့ပြီး ရွှေတိဂုံ စေတီတော် မြင်ကွင်း မကွယ်အောင် အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် ကန့်သတ်ဧရိယာများအား ရန်ကုန်မြို့တော် စည်ပင်က သတ်မှတ်ခဲ့သည်။

ရန်ကုန်မြို့တော် စည်ပင်က ကန်တော်ကြီးနှင့် တိရိစ္ဆာန်ဥယျာဉ် ပတ်ဝန်းကျင် ဒေသများကိုလည်း အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် ကန့်သတ်ဧရိယာထဲသို့ ထည့်သွင်း သတ်မှတ်လိုက်ပြီး စိမ်းလန်းစိုပြေရေး ဧရိယာများအဖြစ် အင်လျားကန်၊ လှော်ကားဥယျာဉ် တို့ကို သတ်မှတ်လိုက်ကာ ယင်းကန့်သတ် ဧရိယာအတွင်း အမြင့်ပေ ၆၂ ပေထက် မပိုသည့် ထပ်မြင့် အဆောက်အဦးများသာ ဆောက်လုပ်ခွင့် ပြုကြောင်း နိုဝင်ဘာလ ၄ ရက်နေ့က အစိုးရပိုင် သတင်းစာများတွင် တရားဝင် ကြေညာခဲ့သည်။

“ဒီဘက်ခေတ်မှာက မြေဈေးတွေ မြင့်လာတယ်။ စီးပွားရေးအရ ဖွံ့ဖြိုး တိုးတက်လာတဲ့အတွက် လုပ်ငန်းရှင်တွေက အထပ်မြင့်တွေ များများ ဆောက်ချင်လာကြတယ်။ ရန်ကုန်မြို့မှာ အထပ်မြင့်ကြီးတွေ ဆောက်ရင် ပြည်သူလူထု အခက်တွေ့နိုင်တယ်။ အဓိကအချက် ၂ ချက်က ယဉ်ကျေးမှု အမွေအနှစ်တွေ ပျောက်ပျက်သွားနိုင်ပြီးတော့ လမ်းတွေပိတ်ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ ပိုဖြစ်လာနိုင်တယ်” ဟု ရန်ကုန်မြို့တော် စည်ပင်မှ အကြံပေး ဒေါက်တာ ကျော်လတ်က ပြောသည်။

ယင်းကဲ့သို့ အထပ်မြင့်အဆောက်အဦများ ရန်ကုန်မြို့တွင်း စီးပွားရေးဇုန်အတွင်း သိပ်သည်းစွာ ဆောက်လုပ်ခွင့် ပြုလိုက်ပါက ကားရပ်နားရန် ဧရိယာများ နည်းပါးသွားနိုင်ပြီး ကားရပ်နားရန် ဧရိယာနည်းပါးခြင်းကြောင့် ရေကြီးမှုများ၊ ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုဖြစ်ပွားနိုင်ပြီး၊ ရေရှည်တွင် မြို့နေ ပြည်သူလူထု၏ နေထိုင်မှုဘဝပုံစံ ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ကြောင်း သိရသည်။

ယင်းအပြင် အရေးပေါ်အခြေအနေ သဘာဝဘေးအန္တရာယ် တစုံတခု ကြုံတွေ့လာပါကလည်း အရေးပေါ်ထွက်ပေါက်၊ ပြေးပေါက်များ ထားရှိရန် ခက်ခဲနိုင်သည်ဟု ဒေါက်တာ ကျော်လတ်က ထည့်သွင်းပြောကြားသည်။

ရန်ကုန်မြို့တွင်း ဧရိယာတွင် အဆောက်အအုံအသစ် ဆောက်လုပ်မည်ဆိုပါက အမြင့်ပေ ၁၆၀ အထိသာ ခွင့်ပြုထားကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading