မြန်မာနိုင်ငံသို့ သိန်းနှင့်ချီ ရောက်လာကြမည့် ကမ္ဘာလှည့်ခရီးသည်များ သာမက ပြည်တွင်းသောက်သုံးသူများအနေဖြင့် လတ်တလော တွေ့ကြုံနေရသည့် ခေါင်းခဲစရာ ပြဿနာမှာ ဝိုင်နှင့် အရက် ရှားပါးမှု ဖြစ်သည်။ အလွယ်တကူ ဝယ်ယူရရှိနိုင်သည့် ဈေးဆိုင်များတွင် ပစ္စည်းများ ပျောက်ဆုံးသွားပြီး မှောင်ခိုဈေးကွက်ဖြစ်ထွန်းသွားကာ ဈေးအဆမတန် ပေးဝယ်နေရပြီဖြစ်သည်။
လတ်တလော တရားမဝင် တင်သွင်းသော ပြည်ပသွင်းကုန်ပစ္စည်းများကို တင်းကျပ်စွာ ချုပ်ကိုင်နေသော စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ Mobile Team မိုဘိုင်းစစ်ဆေးရေးအဖွဲ့ဟု လူသိများသော ရှောင်တခင် ဝင်ရောက် စစ်ဆေးနိုင်သောအဖွဲ့က လက်လီ ရောင်းချနေသော ဆိုင်များထိပါ လိုက်လံစစ်ဆေးသိမ်းဆည်းနေသည့်အတွက် နိုင်ငံတကာ အမှတ်တံဆိပ် ဘီယာများ၊ ဝိုင်များနှင့် အရက်များ ပြတ်လပ်သွားခြင်းဖြစ်သည်။
အရက်ဖြန့်ဖြူး ရောင်းချသည့် လုပ်ငန်းများကို ဝင်ရောက်ရှာဖွေစစ်ဆေးခြင်းသည် တရားမဝင် ကုန်ပစ္စည်း တင်သွင်းခြင်းများကို တားဆီးနိုင်ရန် ပြုလုပ်ခြင်းဖြစ်သည်ဟု မြန်မာအစိုးရက ပြောသော်လည်း ဖြန့်ချိသူများကမူ ယင်းလုပ်ရပ်ကို ဝေဖန်ခဲ့ကြပြီး မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးမူဝါဒများ ပွင့်လင်းမြင်သာမှု မရှိဟု ဆိုနေကြသည်။
စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော်က Al Jazeera သတင်းဌာနသို့ “တရားမဝင်ကုန်သွယ်မှုက တိုးလာတော့ အစိုးရရဲ့ ကုန်သွယ်ခွန်ကနေရရှိမယ့် ဝင်ငွေကို ထိခိုက်စေ ပြီး တော့ ကျနော်တို့ရဲ့ စားသုံးသူကာကွယ်ရေး လုပ်ဆောင်ချက်တွေကိုလည်း အတားအဆီးဖြစ်စေတဲ့အတွက် ဒီကိစ္စကို ကျနော်တို့ ကိုယ်တိုင်ပဲဖြေရှင်းဖို့ ဆုံးဖြတ်လိုက်ရပါတယ်” ဟု ပြောဆိုသည်။
၁၉၉၅ ခုနှစ်ကစ၍ မြန်မာနိုင်ငံတွင် ပြည်တွင်းထုတ်လုပ်သူများကို ကာကွယ်ရန် အကြောင်းပြချက်ဖြင့် အရက်၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး နှင့် အခြားစားသောက်ကုန် အချို့တင်သွင်းခြင်းကို ကန့်သတ်ပိတ်ပင်ထားခဲ့သည်။ ဟိုတယ်ကြီးအချို့ကိုသာ ရွေးချယ်၍ အစိုးရက လိုင်စင်ချထားပေးခဲ့သည်။
သို့သော် လက်လီဖြန့်ချီရောင်းချသူများနှင့် စားသောက်ဆိုင်များက ထိုလိုင်စင်များနှင့် ကန့်သတ်ချက်များကို ရှောင်လွှဲခဲ့ ပြီး စားသုံးသူဈေးကွက်သို့ ရောင်းချနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ အစိုးရကလည်း မျက်စိမှိတ်၍ မသိယောင်နေခဲ့သည်။ ဟိုတယ်လုပ်ငန်းနှင့် သက်ဆိုင်ခြင်းမရှိသော တင်သွင်းသူများကလည်း ကုန်ပစ္စည်းရရှိရေးအတွက် ကာလရှည်ကြာစွာ ရှိနေခဲ့ပြီး ဖြစ်သော မှောင်ခို လမ်းကြောင်းကို အသုံးပြုကြသည်။ မှောင်ခိုဈေးကွက်က နိုင်ငံခြားဝိုင်များနှင့် ယမကာများကို လက်လီဖြန့်ချီရောင်းချသူများနှင့် စားသောက်ဆိုင်များအတွက် အမြောက်အများ တင်သွင်းပေးခဲ့သည်။
အစိုးရ၏ အရေးယူဆောင်ရွက်မှုသည် နိုင်ငံခြားမှ တင်သွင်းလာသည့် အရက်ဝယ်ယူလိုသူများကို ထိခိုက်မှု မရှိနိုင်ကြောင်း ဦးသန်းအောင်ကျော် ကပြောသည်။ “ကျနော်တို့က ဟိုတယ် အချို့ကို လွတ်လပ်စွာ ဝိုင်တင်သွင်းခွင့်ပြုထားပါတယ်။ ဒါကြောင့် လက်ရှိအနေအထားကို ဆိုးဆိုးဝါးဝါး ထိခိုက်မှုမရှိနိုင်ပါဘူး” ဟု သူက ဆိုသည်။ ထို့ပြင် လေဆိပ်ရှိ အကောက်ခွန်လွတ်ဆိုင်များသည်လည်း အရက် အမြောက်အများ တင်သွင်းခဲ့ကြပြီး ဖြစ်မည်ဟု သူက ထပ်ပြောသည်။
သို့သော်လည်း အဆိုပါဆိုင်များ နှင့် ဟိုတယ်များသည် အရည်အတွက် နည်းပါးပြီး စားသုံးသူဈေးကွက်နှင့်လည်း ဝေးကွာနေသည်။ စားသောက်ဆိုင်များတွင် နိုင်ငံခြားအရက်များ ဆက်လက်ရောင်းချဆဲ ရှိနေသူများသည်လည်း နောက်ဆုံး လက်ကျန်ပုလင်းများ ကို ချရောင်းနေကြသည်ဟုလည်း သတင်းရရှိသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ဦးနောင်နောင်ဟန် က ကမ္ဘာလှည့်ခရီးသွား တိုးလာလာသည်နှင့်အမျှ ဝိုင်နှင့်အရက်ဝယ်လိုအားသည်လည်း ထောက်ပံ့နိုင်သည်ထက် များစွာ ပိုလာလိမ့်မည်ဟုပြောသည်။ “အစိုးရက ဒါကို အလျှင်အမြန် ဖြေရှင်းပေးဖို့လိုနေပြီလို ကျနော်ထင်ပါတယ်။ အခုဆိုရင် စူပါမားကက်တွေနဲ့ ဆိုင်တွေက နိုင်ငံခြားအရက်တွေကို သိမ်းသွားကြပြီ။ ဆီးဂိမ်းကျင်းပနေတဲ့ လက်ရှိအချိန်မျိုးမှာ ခရီးသွားလုပ်ငန်းအတွက် ဒါက မဖြစ်သင့်ပါဘူး” ဟု သူက ဆိုသည်။
စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ မိုဘိုင်းစစ်ဆေးရေးအဖွဲ့က သံသယရှိသော တရားမဝင် တင်သွင်းကုန်ပစ္စည်းဖြန့်ချီမှုများကို တားဆီးအရေးယူ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း စက်တင်ဘာလမှ စ၍ အရက်များကို စစ်ဆေးရှာဖွေခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ အကျိုးဆက်အနေဖြင့် အမေရိကန်ဒေါ်လာ သိန်းနှင့်ချီ၍ တန်ဖိုးရှိသည့် နာမည်ကြီး အမှတ်တံဆိပ် ဝိုင်နှင့် အရက်များ ပြတ်လပ်မှုများ ဖြစ်ပေါ်လာခဲ့သည်။
စက်တင်ဘာလအတွင်း ရန်ကုန်ရှိ ကုန်ပစ္စည်း ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းတခုဖြစ်သော Greenline Myanmar Group မှ ဝီစကီ၊ ဘီယာ နှင့် ဝိုင် ပုလင်းပေါင်း ၈၉၀၀၀ နီးပါး သိမ်းဆည်းခဲ့ကြောင်း တရားမဝင် ကုန်သွယ်မှု တားဆီးရေး ဗဟိုကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်ဟု Al Jazeera သတင်းက ဆိုသည်။
အောက်တိုဘာလ နှောင်းပိုင်းကလည်း အရက်နှင့် အဖျော်ယမကာ ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းကြီးတခုဖြစ်သော Quarto Products ၏ ရန်ကုန်မှ ကုန်လှောင်ရုံကို ဝန်ကြီးဌာနတခုမှ အထူးအဖွဲ့က ဝင်ရောက်စစ်ဆေးသည့်အခါ ဝိုင် ပုလင်း ၃၀၀၀၀ နှင့် ဘီယာသံဗူး ၂၄၀၀ သိမ်းဆည်းမိခဲ့ကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီ က အမေရိကန် ဒေါ်လာ ၆၂၀၀၀၀ ခန့်တန်ဖိုးရှိသည့် ဝိုင်များ တရားမဝင် တင်သွင်းခဲ့သည်ဟု ဝန်ကြီးဌာနက သံသယရှိကြောင်းလည်း သတင်းက ဆိုသည်။
နာမည်ကျော် ဆူပါမားကတ် City Mart Holding ၏ လက်အောက်ရှိ မြန်မာနိုင်ငံ၏ အကြီးဆုံး လက်လီရောင်းချသူဖြစ်သော Premium Products ကို တရားမဝင် ကုန်သွယ်မှု တားဆီးရေး ဗဟိုကော်မတီမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ မိုဘိုင်းစစ်ဆေးရေးအဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ရာ ဒီဇင်ဘာလ ၆ ရက်နေ့မှ စ၍ City Mart ဆိုင်များ အားလုံးတွင်လည်း အရက် ရောင်းချခြင်း ရပ်ဆိုင်းသွားသည်။
မိုဘိုင်းစစ်ဆေးရေးအဖွဲ့က ကုန်လှောင်ရုံကို စစ်ဆေးနေချိန်တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ City Mart စူပါမားကက် ၁၅ ဆိုင်ကျော်၊ City Express မီနီ မားကက် ၂၆ ဆိုင်နှင့် Ocean စူပါစန်တာ ၅ ခုတွင် ဒီဇင်ဘာလ ၆ ရက်နေ့မှ စတင်၍ အရက် အရောင်း ရပ်ဆိုင်းလိုက်ကြောင်း City Mart ၏ ကြေညာသည်။
Premium Distribution သည် မြန်မာနိုင်ငံသို့ တင်သွင်းသော ဝိုင် ပမာဏ၏ တဝက်ကျော်ကို ဖြန့်ဖြူးရောင်းချပေးနေသည်။ စစ်ဆေးသူများက ရန်ကုန်ရှိ ကုမ္ပဏီ၏ သိုလှောင်ရုံ ထဲသို့ ရောက်ရှိနေသော ဝိုင်ပုလင်း ၉၀၀၀၀ ခန့်နှင့် တန် ၃၀ ရှိသော စားသောက်ကုန်ပစ္စည်းများ မည်သို့ရောက်ရှိလာသည်ကို သိရှိနိုင်ရန် အားထုတ်ခဲ့ကြသည်။
နိုင်ငံခြားဖြစ် အရက် အမျိုးမျိုးကို တင်သွင်းလာသူ အမြောက်အများက ပေးသွင်းခဲ့ကြခြင်းဖြစ်ပြီး မည်သို့ရောက်ရှိလာသည်ကို မစစ်ဆေးရသေးကြောင်း Premium Products ၏ ပြောရေးဆိုခွင့်ရှိသူက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ကို ပစ္စည်းပေးသွင်းတဲ့သူတွေက ဘယ်လိုနည်းလမ်းနဲ့ ဒီပစ္စည်းတွေကို တင်သွင်းလာတယ်ဆိုတာ မသိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပစ္စည်းသွင်းတဲ့ ကုမ္ပဏီက တရားဝင်မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီဆိုရင် ကျနော်တို့က သူတို့ဆီက ဝယ်မှာပဲလေ။ ဒါကြောင့် သူတို့ရဲ့နောက်ခံလမ်းကြောင်းတွေကို ကျနော်တို့ မသိပါဘူး။ သူတို့ဆီက ဝယ်ယူတာ တရားဝင် သလား မဝင်ဘူးလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်” ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
စားသုံးမှု မြင့်မားပြီး အမြတ်အစွန်း အကြီးအကျယ်ရရှိနေစေသော အရက်နှင့် ဝိုင်ကဲ့သို့ ပစ္စည်းများအတွက် သွင်းကုန်လိုင်စင်ရှိသည်မှာ တပ်မတော်က ပိုင်သော ဦးပိုင်ကုမ္ပဏီဖြစ်ကြောင်း ဈေးကွက်အတွင်းရှိ သတင်းရင်းမြစ်များနှင့် လုပ်ငန်းရှင်အများအပြားက ဆိုကြပြီး မိုဘိုင်းအဖွဲ့သည် “သူတို့ကိုကျတော့ မထိရဲ”ဟု ဝေဖန်နေကြသည်။
ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ ဒုတိယဥက္ကဌ ဒေါက်တာ မောင်မောင် လေးက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆန္ဒစောသွားသည့်အတွက် ဈေးကွက်တခုလုံးကို ထိခိုက်စေခဲ့ကြောင်း ပြောသည်။
“ဒါက ညင်ညင်သာသာ ကိုင်တွယ်သင့်တဲ့ ကိစ္စပါ။ အစိုးရအနေနဲ့ ကုန်ပစ္စည်းတင်သွင်းသူတွေ၊ လက်လီရောင်းချသူတွေ အတွက် အချိန် လုံလုံလောက်လောက် ပေးရပါမယ်။ နောက်ဆက်တွဲ ဖြစ်လာမယ့် ဆိုးကျိုးသက်ရောက်မှုတွေက ကုန်သည်တွေက ဈေးကွက်ကို ကစားတော့မယ်၊ ဈေးနှုန်းတွေ တက်လာမယ်၊ မှောင်ခိုဈေးကွက်လည်း ကြီးထွားလာပါလိမ့်မယ်။ အရေး အကြီးဆုံးအချက်က အတုအယောင်ပစ္စည်းတွေကြောင့် ကျန်းမာရေးဘက်ကိုလည်း ထိခိုက်သွားနိုင်ပါတယ်”သူက ဆိုသည်။
“ဈေးကွက်က လည်ပတ်နေတာ ၁၅နှစ်ကျော်ပါပြီ။ တကယ်လို့ အစိုးရက တရားမဝင်ကုန်စည်တွေကို စစ်ဆေးချင်တယ် ဆိုရင် အရက်တခုထဲကိုပဲ ကွက်ပြီး မလုပ်သင့်ပါဘူး။ တရားမဝင် ဝင်ရောက်နေတဲ့ တခြားကုန်ပစ္စည်းတွေ ရှိပါတယ်။ ဥပမာပြောရရင် လိုင်စင်မရှိဘဲ တင်သွင်းနေတဲ့ ဆေးဝါးပစ္စည်းတွေပါ” ဟု ဒေါက်တာ မောင်မောင်လေးက ပြောသည်။
မည်သို့ဆိုစေ စူပါမားကက်များက အရက်ပုလင်းများကို စင်ပေါ်မှ ဖယ်ရှားလိုက်ကြပြီး ဝိုင်အရောင်းဆိုင်များလည်း ပိတ်သွားသည့် အချိန်တွင် စားသောက်ဆိုင်များ များနှင့် ဝယ်ယူသောက်သုံးသူများအတွက် အခက်ကြုံကြရပြီဖြစ်သည်။
“မြန်မာပြည်မှာ ထုတ်တဲ့ Grand Royal တို့၊ မြန်မာဘီယာတို့၊ အေးသာယာဝိုင်တို့ပဲ အရောင်းစင်ပေါ်မှာ ကျန်တော့တယ်။ နိုင်ငံခြားအရက်နဲ့ ဝိုင်တွေ ဆိုင်တွေမှာ ရှာမရတော့ဘူး။ ဒါပေမယ့် အိမ်နားက ဆိုင်တချို့ ဒိုင်လျှိုရောင်းတော့ ဝယ်လို့ရသေးတယ်” လို့ စမ်းချောင်းမြို့နယ်က စားသုံးသူတဦးဖြစ်သည့် ကိုကျော်လင်းက ပြောသည်။
ကြည့်မြင်တိုင်မြို့နယ်က စားသောက်ဆိုင်ပိုင်ရှင် ဦးထွန်းနိုင်ဝင်းကလည်း “လူအများဆုံး သောက်တာက ဘလက်တို့၊ ရက်ဒ်တို့၊ ချီးဗတ်စ်တို့၊ ဟိုင်းကော်မရှင်နာတို့ပေါ့။ ကျနော် အများဆုံး ဝယ်တဲ့ ဆိုင်က လမ်းမတော် ဒိုင်မှာပါ။ မြေနီကုန်းကလည်း ဝယ်ပါတယ်။ သူတို့က ပစ္စည်း စိတ်ချရတယ်။ ဒါပေမယ့် ဈေးတွေက ပိုမြောက်သွားပြီ။ အရင်ကထက် တလုံးကို ၅ ထောင်ကနေ ၁ သောင်းခွဲလောက် ဈေးပိုကြီးသွားပြီ” ဟု ပြောဆိုသည်။