စီးပွားရေး

နိုင်ငံတကာနှင့် ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁၅ ဘီလီယံကျော် ရောက်ရှိ

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံအနေဖြင့် ယခု ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတကာနှင့် ကုန်သွယ်မှုပမာဏမှာ လက်ရှိအချိန်တွင် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံကျော် ရှိလာပြီး ဥရောပနိုင်ငံများနှင့် ကုန်သွယ်မှု ပိုမိုတိုးလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

ယမန်နေ့က ပြုလုပ်သော မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်းများ အသင်း နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးအပြီးတွင်း ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကုန်သွယ်မှု ပမာဏက လက်ရှိ ၁၅ ဘီလီယံ ကျော်သွားပြီ။ အခုက GSP (ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ ပေးသော အထူးအခွန်သက်သာခွင့်) အခွင့်အရေးရတော့ ဥရောပက တော်တော်များများ တိုးလာတယ်” ဟု ၎င်းက ပြောသည်။

ယင်းအခြေ အနေမှာ ယခင်နှစ် အနေအထားနှင့် ဆိုပါက ၇ ဘီလီယံ အထိ တိုးလာသည့် အခြေအနေဖြစ်ပြီး နယ်စပ် ကုန်သွယ်မှုထက် ပုံမှန်လမ်းကြောင်း ကုန်သွယ်မှုက ပိုမိုတိုးလာသည်ဟု ဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ ပြီးခဲ့သည့် အောက်တိုဘာလကုန်အထိ နိုင်ငံတကာနှင့် ကုန်သွယ်မှု ပမာဏမှာ ၁၃ ဘီလီယံကျော်သာ ရှိခဲ့ရာ ယခု တလကျော် ကာလာအတွင်း ၂ ဘီလီယံအထိ တိုးတက်လာခြင်း ဖြစ်သည်။

ဝန်ကြီး ဦးဝင်းမြင့် အနေဖြင့် ယခုလအတွင်း ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (WTO) သို့ သွားရောက်ခဲ့ရာ ကုန်သွယ်မှုနှင့် ပတ်သက်သည့် အကူအညီများရရန် သဘောတူညီမှုများ ရခဲ့ကြောင်း ၎င်းက ပြောသည်။

“WTO က ကျနော်တို့ကို နည်းပညာ အကူအညီတွေ ပေးမယ်။ ကုန်သွယ်မှုနဲ့ ပတ်သတ်တဲ့ အပိုင်းတွေမှာပေါ့၊အသေးစားနဲ့ အလတ်စာလုပ်ငန်း SME တွေနဲ့ ပတ်သတ်တဲ့ သင်တန်းတွေပေးဖို့လည်း ရှိတယ်” ဟု ဦးဝင်းမြင့်က ပြောသည်။

ယခုလအတွင်းမှာပင် အင်ဒိုနီးရှားနိုင်ငံ၌ ပြုလုပ်ခဲ့သော နိုင်ငံပေါင်း ၁၅၉ နိုင်ငံ ပါဝင်သည့် ကမ္ဘာ့ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် (World Trade Agreement) အရ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများမှ တင်သွင်းသော ရောင်းကုန်များ အပေါ်တွင် အခွန်ကင်းလွတ်ခွင့် ရှိမည်ဟု သတ်မှတ်လိုက်ရာ မြန်မာနိုင်ငံ အနေဖြင့်လည်း အကျုံးဝင်နိုင်သည့် အနေအထားတွင်
ရှိလာမည် ဖြစ်သည်။

ယင်းအပိုင်းနှင့် ဝန်ကြီး ဦးဝင်းမြင့်ကို မေးမြန်းရာတွင် “ကမ္ဘာကုန်သွယ်ရေး သဘောတူညီချက်မှာ ကျနော်တို့နဲ့
အများဆုံး အကျုံးဝင်ပါတယ်။ တော်တော်လည်း အကျိုးရှိပါတယ်” ဟု ဧရာဝတီသို့ ဖြေကြားသည်။ မြန်မာနိုင်ငံအနေဖြင့် ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် နိုင်ငံတကာနှင့် ကုန်သွယ်မှုပမာဏ လျာထားချက်မှာ အမေရီကန်ဒေါ်လာ ၂၅ ဘီလီယံဖြစ်ပြီး
ပုံမှန်တင်ပို့မှု လမ်းကြောင်းမှ ၈၀ ရာခိုင်နှုန်းနှင့် နယ်စပ်ကုန်သွယ်ရေးမှ ၂၀ ရာခိုင်နှုန်း ကုန်သွယ်မှု ပြုနိုင်ရန် မျှော်မှန်းထားသည့်
အခြေအနေဖြစ်ရာ လျာထားချက် ပြည့်မီရန်အတွက် လက်ကျန် ၃ လတာ ကာလအတွင်း ၁၀ ဘီလီယံမျှ လိိုအပ်နေဆဲဖြစ်သည်။

Loading