စီးပွားရေး

သတ္တုတွင်း ကဏ္ဍတွင် နည်းပညာမြင့် ကုမ္ပဏီများသာ လက်ခံမည်ဟု ဆို

This article has been converted from Zawgyi One to Unicode

ပြည်တွင်း သတ္တုတူးဖော်ရေး လုပ်ငန်းများသို့ ဥရောပသမဂ္ဂ (EU) နှင့် အမေရိကန် ပြည်ထောင်စုတို့မှ ဝင်ရောက် လုပ်ကိုင်လိုသည်များ ရှိနေပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာမြင့်မားသည့် ကုမ္ပဏီများကိုသာ စိစစ်လက်ခံသွားမည် ဖြစ်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ပြောသည်။

“ဥရောပကလည်း လုပ်ချင်တယ်၊ အမေရိကန်ရောပေါ့။ အခုဆို ကနေဒါကပါ လုပ်ချင်တဲ့ အခြေအနေ ပြောလာတယ်။ အဓိကတော့ ရင်းနှီးမြှုပ်နှံမှုရယ်၊ နည်းပညာရယ် မြင့်တဲ့ ကုမ္ပဏီကို လက်ခံမှာပဲ” ဟု ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ဧရာဝတီသို့ ပြောသည်။

EU အနေဖြင့် ယခုလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ပြီး သတ္တုတူးဖော်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးခဲ့ကြောင်းလည်း ဦးဝင်းထိန်က ပြောသည်။

ယင်းကဲ့သို့ နိုင်ငံတကာမှ သတ္တုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်လာသော အချိန်တွင် မြန်မာနိုင်ငံ၏ ပြင်ဆင် ရေးဆွဲနေဆဲဖြစ်သော သတ္တုတွင်း ဥပဒေမှာ ထွက်ရှိမလာသေးပေ။

ယင်းအပိုင်းနှင့် ပတ်သက်ပြီး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်အား မေးမြန်းရာတွင် “ပြင်ဆင်တဲ့ သတ္တုတွင်း ဥပဒေက လွှတ်တော်ပို့ပြီးပြီ။ ဒါနဲ့ပတ်သက်တဲ့ အစိုးရ အဖွဲ့လည်း ဖွဲ့ပြီးပြီ။ လာမယ့် လွှတ်တော်မှာကျရင် သတ္တုတွင်းဥပဒေ ပြင်ဆင်တာနဲ့ ပတ်သတ်ပြီး အသေးစိတ် ဆွေးနွေးကြလိမ့်မယ်။ အဲဒီအခါကျရင် လူထုတွေ၊ အခြားသူတွေ အကြံဉာဏ် ပေးနိုင်အောင်လည်း သတင်းစာက ထုတ်ပြန်ပါလိပ်မယ်” ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံ၏ သတ္တုတူးဖော်ရေး လုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဖက်စပ်လုပ်ကိုင်သည့် အပိုင်း၌ သံ၊ ကြေးနီ၊နီကယ်နှင့် ခနောက်စိမ်း တူးဖော်သည့်လုပ်ငန်းများမှာ အများဆုံးဖြစ်ပြီး ခဲမဖြူ၊ အဖြိုက်နက် တူးဖော်ရေးတို့တွင်လည်း လုပ်ကိုင်လျက်ရှိကြောင်း သတ္တုတွင်းဝန်ကြီးဌာန အမှတ် (၂) သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်က ပြောသည်။

သတ္တုတူးဖော်ရေး လုပ်ငန်းအတွင်းမှ တန်ဖိုးမြင့်သတ္တုဖြစ်သော ရွှေတူးဖော်ခြင်း လုပ်ငန်းများတွင်မှု မြန်မာနိုင်ငံသား တိုင်းရင်းသား လုပ်ငန်းရှင်များသာ လက်ရှိလုပ်ကိုင်နေပြီး ကနဦး ရှာဖွေရေးလုပ်ငန်းများအဖြစ် ရုရှားကုမ္ပဏီတခုသာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ဘက်တွင် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ရွှေသတ္တု တူးဖော်ရေး လုပ်ကွက်များတွင် အသေးစားထုတ်လုပ်ခွင့် လုပ်ကွက်ပေါင်း ၄၇၂ ခု ချပေးထားပြီး အကြီးစား ထုတ်လုပ်ခွင့်လုပ်ကွက် ၅ ခု ချထားပေးထားကြောင်းနှင့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ် လက်ရှိအချိန်တွင် အဆိုပါ လုပ်ကွက်များမှ ရွှေပမာဏ ၁၇၇၈၁.၃၇ ထရိုင်အောင်စ ပေးသွင်းထားကြောင်းလည်း သတ္တုတွင်းဝန်ကြီဌာန၊ဒုတိယဝန်ကြီးက ဒီဇင်ဘာ ၁၅ ရက်နေ့က ပြုလုပ်သွားသော ရွှေလုပ်ငန်းရှင်များအသင်း နှစ်ပတ်လည် အခမ်းအနားတွင် ပြောသည်။

မြန်မာနိုင်ငံ၏ ကဏ္ဍအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အပိုင်းတွင် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် စွမ်အင်ကဏ္ဍပြီးလျှင် သတ္တုတူးဖော်ရေး ကဏ္ဍမှာ တတိယနေရာတွင် ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားပြီး လက်ရှိ အချိန်အထိ သတ္တုကဏ္ဍ ပြည်ပနိုင်ငံများနှင့် ပူးပေါင်း လုပ်ကိုင်နေမှုများထဲတွင် တရုတ်နိုင်ငံမှ အများဆုံးဖြစ်ကြောင်း သိရသည်။

Loading