ပြည်တွင်းလေဆိပ် အခု ၃၀ ကို အဆင့်မြင့် ပြင်ဆင်ရေးအတွက် ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုရေးအတွက် တင်ဒါ စနစ်ဖြင့် ခေါ်ယူရန် စီစဉ်ထားကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း ထံမှ သိရသည်။
“ဒီလေဆိပ်တွေကို စိတ်ဝင်စားသူတွေက ကျနော်တို့ဆီမှာ ဘယ်လေဆိပ်ကို ဘယ်လို စိတ်ဝင်စားတယ် ဆိုတာကို Registry Of Interest (ROI) တင်ပေးရမယ်။ လာမယ့် ဇန်နဝါရီလ ၁ ရက်ကနေ ၃၁ ရက် အတွင်း လာတင်ရမယ်။ အဲဒီအပေါ်မှာ ဘယ်လေဆိပ် တွေကို စိတ်ဝင်စားမှု များလဲ ဆိုတာကို ကျနော်တို့တတွေ သုံးသပ်ပြီး လေဆိပ်တခုချင်းဆီကို တင်ဒါစနစ်နဲ့ သွားမှာပါ” ဟု ၎င်းက ပြောသည်။
လေဆိပ်များကို PPP Model (Public Private Parternership) ဖြင့် ဆောင်ရွက်ခိုင်းရန် စီစဉ်ထားကြောင်း၊ ဆောင်ရွက်ရာတွင်
လေဆိပ်တခုလုံး ငှားရမ်း လုပ်ကိုင်ခွင့်၊ JV (ဖက်စပ်) အနေဖြင့် ပူးတွဲလုပ်ဆောင်ခွင့်၊ ဆောက်လုပ်ရေးပိုင်သာ လုပ်ဆောင် ခွင့်နှင့် BOT (တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း) စနစ်ဖြင့် လုပ်ဆောင်ခွင့်၊ စီမံခန့်ခွဲရေးပိုင်းသာ လုပ်ကိုင်ခွင့် စသည့် အချက် ၅ ချက်ဖြင့် လုပ်ဆောင် ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။
“လေဆိပ် တခုနဲ့တခုက မတူတော့ သူတို့အနေနဲ့ ဘယ်လိုပုံ လုပ်ဆောင်မလဲ ဆိုတာကို ကြည့်ပြီး လုပ်ဆောင်ခွင့် ပေးမှာပါ။ ဥပမာ လေဆိပ်တခုကို စီမံခန့်ခွဲရေးအပိုင်း လုပ်ဆောင်မယ် ဆိုရင် သူ့ကို ကျနော်တို့က ၁ နှစ်ကနေ ၅ နှစ်အထိပဲ လုပ်ပိုင်ခွင့် ပေးနိုင်မယ်။ လေဆိပ် တခုကို သူ ဘယ်လို စီမံခန့်ခွဲမလဲ၊ ဝင်ငွေရလာတဲ့အခါ ဘယ်လိုနိုင်ငံတော်ကို ခွဲပေးမလဲ ဆိုတာမျိုးကို ကျနော်တို့က စဉ်းစား လုပ်ဆောင်မှာပါ။ လေဆိပ်တခုနဲ့ တခုက မတူတော့ လုပ်ဆောင်မှုကလည်း မတူနိုင်လို့ အခုလို သတ်မှတ် လုပ်ဆောင်ခွင့် ပေးတာပါ” ဟု ဦးတင်နိုင်ထွန်းက ပြောသည်။
လေဆိပ်တခုလုံး ပြင်ဆင်ရန်အတွက် ငှားရမ်း လုပ်ပိုင်ခွင့် တင်ပြလာပါက လုပ်ပိုင်ခွင့် ဧရိယာကို သတ်မှတ်ပေးမည် ဖြစ်ကြောင်း၊ လေဆိပ်တခုလုံး ဝင်ငွေကို ခံစားခွင့် ပေးမည် ဖြစ်ကြောင်း သိရသည်။
“လေဆိပ်ပိုင်း ဝင်ငွေမှာ ဘယ်လောက်ကို နိုင်ငံတော်ကို ပေးမလဲ ဆိုတာကို တင်ပြရမယ်။ ဒီလိုပဲ အပိုင်းလိုက်မှာလည်း ရတဲ့ဝင်ငွေ ဘယ်လောက်အပေါ် နိုင်ငံတော်ကို ဘယ်လောက်ပေးမလဲ ဆိုတာ တင်ပြရမယ်။ ဒီမှာ ညှိနှိုင်း လုပ်ဆောင် မှာပါ” ဟု ဦးတင်နိုင်ထွန်းက ရှင်းပြသည်။
လုပ်ဆောင်ခွင့်ကာလ သတ်မှတ်ချက်များနှင့် ပတ်သတ်၍ လုပ်ဆောင်ခွင့်ပေးသည့် အချက်များတွင် တခုနှင့် တခုကာလ သတ်မှတ်ချက် မတူညီနိုင်ကြောင်း၊ အဆိုပါ သတ်မှတ်ချက် အတိုင်းသာ လုပ်ပိုင်ခွင့် ပေးမှာဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ဒီလေဆိပ်တွေနဲ့ ပတ်သတ်ပြီး ဘယ်လေဆိပ်ကို စိတ်ဝင်စားလဲ ဆိုတဲ့ ROI တင်ခိုင်းတယ် ဆိုတာ စစ်တမ်း ကောက်တဲ့ သဘောပါ။ ဘယ်လေဆိပ်ကို ဘယ်သူတွေက ဘယ်လောက် စိတ်ဝင်စားလဲဆိုတာ သိအောင်လုပ်တဲ့ သဘောပါ။ အဲဒါ မတင်ဘဲ တင်ဒါခေါ်မှ ဝင်ပြိုင်လည်း ရပါတယ်” ဟု သူက ဆိုသည်။
လုပ်ကိုင်ခွင့် လျှောက်ထားသူများတွင် ငွေကြေးခိုင်မာမှု၊ နည်းပညာပိုင်း ကျွမ်းကျင်မှု ရှိသည့် ကုမ္ပဏီများကို ဦးစားပေး ရွေးချယ်သွားရန် စီစဉ်ထားသော်လည်း ပြည်ပလုပ်ငန်းရှင် တဦးတည်းကိုသာ သီးသန့် လုပ်ဆောင်ခွင့် ပေးမည် မဟုတ်ကြောင်း ၎င်းက ရှင်းပြသည်။
“ပုဂ္ဂလိက လုပ်ကိုင်ခွင့်မှာ ၁၀၀ ရာခိုင်နှုန်း လုပ်ခွင့်ကို ပြည်ပချည်းပဲ လုပ်ခွင့်မပေးဘူး။ လုပ်ချင်ရင် MIC (ရင်းနှီးမြုပ်နှံမှု ဦးစီးဌာန) က ချမှတ်ထားတဲ့ ဥပဒေအတိုင်း လုပ်ငန်းစဉ် လုပ်ပိုင်ခွင့်အတိုင်း သူတို့ဘက်က လုပ်ဆောင်ပြီးမှ လုပ်ခွင့်ပေးမှာပါ။
ပြည်တွင်းနဲ့ပဲ ပေါင်းပေါင်း၊ သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်အတိုင်း လုပ်ကိုင်ပြီးရင်တော့ လာပြိုင်နိုင်ပါတယ်” ဟု ပြောသည်။
လက်ရှိ ထုတ်ပြန်ထားသည့် လေဆိပ်အခု ၃၀ တွင် လေဆိပ်တခုလုံး ငှားရမ်း လုပ်ကိုင်ခွင့်အပြင် ကဏ္ဍအလိုက် လုပ်ဆောင်နိုင်ရန် ကဏ္ဍ ၁၀ ခု ခွဲခြားပေးထားကြောင်း၊ ROIတွင် အဆိုပါ ကဏ္ဍ ၁၀ ခုကို ဖော်ပြထားပြီး
စိတ်ဝင်စားသည့် အပိုင်းကို တင်ပြနိုင်ကြောင်း သိရသည်။
ပုဂ္ဂလိက လုပ်ဆောင်ခွင့်ပြုရန် အမည်စာရင်း ဖော်ပြထားသည့် လေဆိပ်များမှာ ပုဂံညောင်ဦး၊ ဟဲဟိုး၊ ထားဝယ်၊ ပူတာအို၊ မိုင်းဆတ်၊ ကော့သောင်း၊ မြစ်ကြီးနား၊ ပုသိမ်၊ မြိတ်၊ ဗန်းမော်၊ လားရှိုး၊ ဘုတ်ပြင်း၊ ကလေး၊ မကွေး၊ မော်လမြိုင်၊ ခန္တီး၊ ပခုက္ကူ၊ ဘားအံ၊ ဟုမ္မလင်း၊ ကျောက်ထု၊ အနီးစခန်း၊ လွိုင်ကော်၊ အမ်း၊ ကိုကိုးကျွန်း၊ မုံရွာ၊ စစ်တွေ၊ သံတွဲ၊ တာချီလိတ်၊ ကျိုင်းတုံနှင့် ကျောက်ဖြူ လေဆိပ်များ ဖြစ်သည်။
အဆိုပါလေဆိပ်များကို နိုင်ငံတကာ အဆင့်မီ လေဆိပ်အဖြစ် လုပ်ဆောင်သွားမည် မဟုတ်ဘဲ ပြည်တွင်း လေဆိပ်အဖြစ်သာ အဆင့်မြင့် တိုးမြှင့်မည် ဖြစ်ကြောင်း လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။