နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်ရှိနေသေးသည့် ရွှေကြွေးကျန်များစာရင်းတွင် ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ လုပ်ကွက်ကုမ္ပဏီများမှာ အများဆုံးဖြစ်နေကြောင်း သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်က ပြောသည်။
ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ပြုလုပ်သော ရွှေလုပ်ငန်းရှင်များ နှစ်ပတ်လည် အစည်းအဝေးတွင် သတ္တုတွင်းဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်က ရွှေကြွေးကျန်များကိစ္စ ပြောဆိုခဲ့ခြင်းနှင့် ဆက်စပ်၍ ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့ရာတွင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
“နေရာတိုင်း အားလုံးနီးနီးမှာတော့ ကြွေးကျန်တွေရှိတယ်၊ ဒါပေမဲ့ ဆိုးတာက ကရင်နဲ့ ကချင်ပြည်နယ်တွေမှာတော့ ပိုများတယ်။ စစ်မက်ဖြစ်နေတဲ့ ကိစ္စတွေနဲ့ လုံးဝမလုပ်နိုင်တဲ့ အပိုင်းတွေမှာ ပိုများသွားတာပေါ့” ဟု ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်က ပြောသည်။
ရွှေကြွေးကျန် ပမာဏမှာ ၁၀၁၂-၁၃ ဘဏ္ဍနှစ်ကုန်အထိ ဆိုပါက ရွှေကျပ်သားပေါင်း ၁ သိန်းကျော်ရှိပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် တခြားလုပ်ကွက်များ ရှိရာ နေရာအသီးသီးတွင် အနည်းနှင့်အများ ကျန်ရှိနေကြောင်း သိရသည်။
ကြွေးကျန်များကို လက်ရှိအချိန်တွင် သတ္တုတွင်း ဝန်ကြီးဌာနမှ ကုမ္ပဏီများသို့ နည်းအမျိုးမျိုးဖြင့် ဆက်သွယ် တောင်းယူနေသော်လည်း တချို့ကုမ္ပဏီများမှာ သက်တမ်းမတိုးတော့ဘဲ ဖျက်သိမ်းသွားခြင်း၊ကုမ္မဏီများ မှတ်ပုံတင်ဌာနတွင် ပေးထားသော လိပ်စာအတိုင်း မရှိတော့ခြင်းများ ကြုံတွေ့ရကြောင်း သိရှိရသည်။
အဆိုပါ ရွှေကြွေးကျန်များမှာ နိုင်ငံတော်သို့ တစ်လချင်း ပေးသွင်းသည့်စနစ်ဖြစ်သည့် ယခင် လုပ်နည်းကိုင်နည်းဟောင်းအရ များလာခြင်းဖြစ်ပြီး လက်ရှိ လုပ်ကိုင်နေသော ပုံစံတွင် ကြွေးများထပ်မံတင်ခြင်း မရှိတော့ကြောင်းလည်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်က ပြောသည်။
ဦးသံဒိုင် ဆက်လက်၍ “ဟိုးအရင်တုန်းက လုပ်ဖူးတယ် တလကို ၂ ကျပ်သား လုပ်ခဲ့တာတွေပေါ့။ အကြွေးတင်နေတဲ့ ကိစ္စတွေက အဲဒီတုန်းက မပြတ်တဲ့ကိစ္စတွေပေါ့။ ဒီလမသွင်း၊ နောက်လမှသွင်းမယ် ဆိုတာတွေနဲ့ အကြွေးတွေ တင်ခဲ့တာ” ဟု ပြောသည်။
လက်ရှိ လုပ်ကိုင်နေသောမူမှာ ဧက ၂၀ ဆိုလျှင် အသေးစားလုပ်ကွက်အဖြစ် သတ်မှတ်ပြီး ဧက ၅၀ အထက်ဆိုလျှင် အကြီးစားလုပ်ကွက်ဟူ၍ သတ်မှတ်သည်။ ဧက ၂၀ လုပ်ကွက်တကွက် လုပ်တော့မည် ဆိုပါက နိုင်ငံတော်သို့ ကြိုတင်ရွှေ ၂၄ ကျပ်သား ပေးရမည့်အပြင် အဆိုပြုငွေ ၁၅ သိန်းနှင့် မြေငှားရမ်းခ သီးသန့်အဖြစ် ၄ သိန်းဝန်းကျင် ပေးဆောင်ရမည် ဖြစ်သည်။
လက်ရှိ ရွှေတူးဖော်ရေး လုပ်ငန်းများတွင် အကြီးစားလုပ်ကွက် ၅ ခုနှင့် အသေးစားလုပ်ကွက် ၄၇၂ ခုရှိနေပြီး အကြီးစားလုပ်ကွက်များမှာ မန္တလေးတိုင်းရှိ ပုသိမ်ကြီးမြို့နယ်၊ ရမည်းသင်းမြို့နယ်၊ ရှမ်းပြည်နယ်ရှိ ကလောမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ရှိကြောင်း သိရသည်။ အသေးစားလုပ်ကွက်များမှာ ပြည်တွင်းနေရာ အနှံ့အပြားတွင် ရှိနေပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် အများဆုံးဖြစ်သည်ဟု ဦးသံဒိုင်က ပြောသည်။
ရွှေလုပ်ကွက်များ လုပ်ကိုင်ကြရာတွင် ကုမ္ပဏီများသာ လုပ်ကိုင်ကြသဖြင့် ဒေသခံ တနိုင်တပိုင် လုပ်ကိုင်သူများအတွက် အခက်အခဲများရှိကြောင်း၊ ထို့ကြောင့် ၎င်းတို့ လုပ်ကိုင်ခွင့်ရရန် သတ္တုတွင်းဝန်ကြီးဌာန အနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများသို့ ချထားပေးရန် ရှိပြီး ယင်းကိစ္စကို ပြည်ထောင်စု အစိုးရသို့ တင်ပြထားကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ပြောသည်။