ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံများသို့ သစ်ခွဲသား အချောထည်များ တင်ပို့မှု တရားဝင် ဆောင်ရွက်နိုင်ရေးအတွက် နှစ်ဘက် သဘောတူ လက်မှတ်ရေးထိုးရန် မြန်မာနိုင်ငံဘက်မှ အကြောင်းကြားထားပြီး EU ဘက်မှ ယခုလအတွင်း အကြောင်းပြန်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်း တွဲဘက်အထွေထွေ အတွင်းရေးမှူး ဦးဘာဘာချိုက ပြောသည်။
“EU နဲ့ တရားဝင်လုပ်ငန်း ဆောင်ရွက်ဖို့အတွက် နိုင်ငံတော်က အကြောင်းကြားလိုက်ပြီ။ နှစ်ဘက် လက်မှတ်ထိုးဖို့အရေး
ဆွေးနွေးကြဖို့ပါ။ သူတို့ဘက်က ဒီလထဲမှာ အကြောင်းပြန်ပါလိပ်မယ်” ဟု ဦးဘာဘာချိုက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံမှ EU သို့ သစ်အချောထည်များ တင်ပို့မှုမှာ ရောင်းသူနှင့်ဝယ်သူတို့ နှစ်ဦးနှစ်ဘက်စလုံးမှ တရားဝင်သစ်ဖြစ်ကြောင်း အသေအချာ စီစစ်ထားပါသည်ဆိုသည့် အာမခံမှုဖြင့် ရောင်းဝယ်မှု ပြုနေရခြင်းဖြစ်ပြီး အဆိုပါ လက်မှတ် ရေးထိုးပြီးပါက ပိုမိုလွယ်ကူစွာ တင်ပို့သွားနိုင်မည် ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် EU သို့ သစ်ခွဲသားများ တင်ပို့ရာတွင် ကျွန်းသစ်ခွဲသားကိုသာ အများဆုံး တင်ပို့နေပြီး
ဒေသတွင်း နိုင်ငံများဖြစ်သည့် မလေးရှား၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံများသို့လည်း ကျွန်းသစ်ခွဲသားနှင့် သစ်မာခွဲသားများ
တင်ပို့လျက်ရှိသည်။
EUသည် မြန်မာနိုင်ငံမှ ကျွန်းသစ်ခွဲသားများကို ဝယ်ယူရာတွင် အရည်အသွေးမြင့်မားသည့် သစ်များသာ ဝယ်ယူပြီး အာရှဈေးကွက်ထက် ဝယ်လိုအား ပိုမိုများကြောင်း မြန်မာနိုင်ငံ သစ်ကုန်သည်ကြီးများအသင်း ဗဟိုကော်မတီဝင် ဒေါက်တာ မျိုးလွင်က ပြောသည်။
“EU က မြင့်တဲ့အရည်အသွေးကို လိုချင်တာ။ အရည်အသွေးမြင့်တော့ ဈေးပိုမြင့်တယ်။ တခြားနိုင်ငံတွေကလည်း
အရည်အသွေးမြင့်ရင် ဈေးအမြင့်ပေးဝယ်ပါတယ်။ ဒါပေမဲ့ သေချာတာက EU ဟာ အာမခံချက်ရှိတဲ့ ဈေးကွက်တခုပဲ၊EU ရဲ့ ဝယ်လိုအားကများပြီး အာရှက နည်းမယ်” ဒေါက်တာ မျိုးလွင်က ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်၌ သစ်အလုံးလိုက် တင်ပို့မှုကို ပိတ်တော့မည်ဖြစ်ရာ ပြည်တွင်း၌ ကျန်ရှိနေသော သစ်လုံးများနှင့်
ထပ်မံထုတ်မည့် သစ်လုံးများကို သစ်ခွဲသား တင်ပို့မှုဖြင့် အများဆုံး အရောင်းအဝယ် လုပ်ကြမည်ဖြစ်သည့်အတွက် EU ဈေးကွက်သို့ ပိုမိုတင်ပို့နိုင်မည်ဟု မြင်ကြောင်းလည်း ဒေါက်တာမျိုးလွင်က ဆိုသည်။
၎င်းက ဆက်လက်၍ “ကျန်နေမယ့် သစ်လုံးတွေနဲ့ ထပ်ထုတ်မယ့် သစ်လုံးတွေမှာ အရည်အသွေး ကောင်းတာရော မကောင်းတာရော ပါနေမယ်။ ဒါကိုခွဲရမှာပဲ။ ဒီအတွက် EU ဈေးကွက်ကို ပို့နိုင်မှာပါ” ဟု ပြောသည်။
EU ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှ ဝယ်ယူသည့် ပမာဏမှာ တနှစ်အတိုင်းအတာတွင် ယူရို ၂၀ မီလီယံ ရှိနေကြောင်း ဦးဘာဘာချိုက ပြောသည်။
ဒေသတွင်းနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတို့မှာလည်း သစ်ထုတ်သည့်နိုင်ငံများတွင် ပါဝင်နေပြီး ယခု မြန်မာနှင့် EU နှစ်ဘက် သဘောတူထိုးရန်ရှိသည့် လက်မှတ်မျိုးမှာ အင်ဒိုနီးရှားနိုင်ငံ တနိုင်ငံသာ ထိုးထားကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် သစ်ထုတ်လုပ်ခြင်းနှင့် ဆိုင်သည့် မူဝါဒများကို လွန်ခဲ့သည့် တနှစ်ကျော်မှစ၍ ပြောင်းလဲရန် လုပ်ဆောင်ခဲ့ပြီး
သစ်ထုတ်လုပ်မှုကိုလည်း နှစ်အလိုက် လျှော့ချမှုများ လုပ်ဆောင်ခဲ့သည်။