မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းမှ ရင်းနှီးမြှုပ်နှံသူများက စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့၏ အပြင်ဖက်တွင် မြေ နေရာများ ရှာဖွေနေကြကြောင်းသိရသည်။ ရန်ကုန်၏ မြေဈေးနှုန်းမြင့်မားမှုနှင့် အလုပ်သမားအင်အား ရှားပါးလာမှုကြောင့် အဆိုပါ စီးပွားရေးလုပ်ငန်းများကို အခြားနေရာများသို့ ရောက်ရှိစေရန် ဖြစ်လာကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်း ရှင်များ အသင်းမှ ဒုတိယဥက္ကဌ ဦးအောင်ဝင်းက ပြောသည်။
ရန်ကုန်တွင် မြေဈေးများ အလွန်မြင့်မားနေသည့်အတွက် အထည်ချုပ်လုပ်ငန်းသို့ အသစ်ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုများသည် ပဲခူး၊ ဧရာဝတီနှင့် မန္တလေးတိုင်းများဆီသို့ ရောက်ရှိသွားကြသည်ဟုလည်း သူကဆိုသည်။
“သူတို့က ပဲခူးကို အများဆုံး စိတ်ဝင်စားကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပဲခူးက ရန်ကုန်နဲ့ နီးတယ်။ အလုပ်သမားလည်း ရရနိုင်တယ်။ နောက်ပြီး လျှပ်စစ်ဓာတ်အားရရှိမှုကလည်း ရန်ကုန်နဲ့ အများကြီး မကွာခြားဘူး” ဟု ဦးအောင်ဝင်း က ပြောသည်။
ဟောင်ကောင်၊ တောင်ကိုရီးယား နှင့် ဂျပန်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများက စုံစမ်းမေးမြန်းခြင်းများ ရှိနေသည်ဟု လည်း သိရသည်။ လက်ရှိအချိန်တွင် ပဲခူး ၌ အထည်ချုပ်စက်ရုံ ၂၀ ခန့်ရှိနေပြီး တောင်ကိုရီးယားနှင့် ဟောင်ကောင် ကုမ္ပဏီ များ မှ လာရောက်တည်ထောင်ထားကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ စာရင်းဇယားများအရ ယခုနှစ်အတွင်းတွင် ဟောင်ကောင် ကုမ္ပဏီ ၂၀ကိုမြန်မာ နိုင်ငံတွင် ကုန်ထုတ်လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ခွင့်ပြုချက်ပါမစ်ချထားပေးခဲ့သည်ဟု သိရသည်။ ၎င်းတို့ထဲမှ အများ စုမှာ အထည်ချုပ် ကဏ္ဍမှဖြစ်သည်။
ရန်ကုန်၏ မြောက်ဖက်တွင်ရှိသော ပဲခူးတိုင်းသည် အလားအလာကောင်းသည့် ကုန်ထုတ်လုပ်ရေး ဇုန်တခုအဖြစ် ဖွံဖြိုးလာ နေသည် ဟု အထည်ချုပ်လုပ်ငန်းဆိုင်ရာ အကြံပေးကုမ္ပဏီတခုဖြစ်သည့် Prince Edward Road Management ၏ ဥက္ကဌ Lewis Leung ကပြောသည်။
“ပဲခူးရဲ့ အစိတ်အပိုင်းတချို့ဟာ စက်မှုဒေသတခုဖြစ်လာမယ်လို့ ကျနော်ထင်ပါတယ်။ ရန်ကုန်ကို သွားတဲ့ အဝေးပြေးလမ်း တလျှောက်ဖြစ်ပြီးတော့ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်ရဲ့ အင်းတကော်စက်မှုနယ်မြေလည်း ပါဝင်ပါတယ်” ဟု သူက ဆို သည်။
ပဲခူးတွင် ရင်းနှီးမြှုပ်နှံရန် စဉ်းစားနေခြင်းမှာ အဆိုပါဒေသတွင် လုပ်သားအင်အား ပေါများပြီး လုပ်အားခလည်း ရန်ကုန်ထက် သက်သာသောကြောင့်ဟု Lewis Leung ကပြောသည်။ တောင်ကိုရီးယားနှင့် ဟောင်ကောင်မှ အခြားရင်းနှီးမြှုပ်နှံသူများလည်း လုပ်ငန်းများအောင်မြင်စွာ တည်ထောင်နိုင်ခဲ့ကြပြီဖြစ်သည် ဟုလည်းသူက ထပ်ပြောသည်။
“ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနအနေနဲ့ ပဲခူးမှာ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ရုံးခွဲတခု ဖွင့်လှစ်ပေးနိုင်မယ်ဆိုရင် အရမ်းကောင်းသွားမယ်လို့ ကျနော်ယုံကြည်ပါတယ်” ဟု Lewis Leung က ဆိုသည်။ သူက ပဲခူးတိုင်းတွင် စီးပွားရေးအလားအလာများ စူးစမ်းနိုင်ရန်အတွက် ဟောင်ကောင် ကုမ္ပဏီ ၅၀ ကျော်ကို ခေါ်ဆောင်လာခဲ့ပြီးဖြစ်သည်။
ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကို အာရုံကျလာရခြင်း၏ အကြောင်းများထဲတွင် ကမ္ဘာပေါ်၌ အကြီးမားဆုံးဈေးကွက် အစုအဖွဲ့များထဲက တခုက မြန်မာနိုင်ငံတွင် ထုတ်လုပ်သော အထည်များကို အကောက်ခွန်ကင်း လွတ်ခွင့်ပေးရန် အစီအစဉ်ရှိနေခြင်းကလည်း တစိတ်တပိုင်းပါဝင်နေသည်။
မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုများကို ဧပြီလ ၂၂ ရက်နေ့တွင် ရုပ်သိမ်းလိုက်သော ဥရောပ သမဂ္ဂက မြန်မာနိုင်ငံကို ကုန်သွယ်ရေး အထူးအခွင့်အရေးရနိုင်ငံ (GSP) အဆင့်အတန်း သတ်မှတ်ပေးရန် ဇူလိုင်လက ကတိပြုခဲ့သည်။ မြန်မာနိုင်ငံမှ တင်သွင်းလာသော ကုန်စည်များ ကို စည်းကြပ်သည့် အခွန်များလျော့ကျသွားမည် ဖြစ်သည့်အတွက် အထည်ချုပ်လုပ်ငန်း၏ အလားအလာအပေါ် စိတ်ဝင်စားစေခဲ့သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ရရှိသည့် စာရင်းအချက်အလက်များအရ ၂၀၁၂-၁၃ အတွင်းတွင် ရင်းနှီးမြှုပ်နှံခွင့် လာရောက် လျှောက်ထားကြသည့် နိုင်ငံခြား ကုမ္ပဏီ ၉၄ ခု၏ ၆၀ ရာခိုင်နှုန်းခန့်သည် အထည်ချုပ်လုပ်ငန်းပုံစံမျိုးဖြစ်သော ဖြတ်တောက်၊ ပြုလုပ်၊ ထုပ်ပိုး (CMP) လုပ်ငန်းများ ဖြစ်သည်။ ရန်ကုန်တွင် အထည်ချုပ်စက်ရုံ ၃၀၀ ခန့်ရှိပြီး အလုပ်သမား ၂၀၀၀၀ ခန့်ရှိသည် ဟုလည်းသိရသည်။