စီးပွားရေး

BMW မြန်မာပြည် လာပြီ

This article has been converted from Zawgyi One to Unicode

နာမည်ကျော် ဂျာမန်ကား BMW တံဆိပ်မော်တော်ယာဉ်များကို မြန်မာနိုင်ငံ ဈေးကွက်သို့ တင်သွင်းရောင်းချတော့မည်ဖြစ်ပြီး ၂၀၁၄ ခုနှစ် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် သုံးရန် ခေတ္တပေးအပ်ထားမည်ဖြစ်ကြောင်း သိရသည်။

BMW ၏မြန်မာနိုင်ငံ တစ်ဦးတည်း ကိုယ်စားလှယ် Prestige Automobiles ကုမ္ပဏီမှ ပြန်ကြားရေး အရာရှိ ဒေါ်စန်းစန်းမြင့်က “တင်သွင်းမယ့် ကားအမျိုးအစားတွေက 5 Series, 7 Series and X5 ကားအမျိုးအစားတွေ တင်သွင်းပါမယ်။ ကနဦး စစချင်း တော့ ၉၅ စီး တင်သွင်းပါမယ်။ နောက်ပိုင်းတော့ ဈေးကွက်လိုအပ်ချက်အရ တင်သွင်းသွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ဝယ်ယူသည့် ကားများနှင့်ပတ်သက်၍ နိုင်ငံတကာတွင် ပေးထားသည့် ဝန်ဆောင်မှုအတိုင်း ဝယ်ယူသူများကို ပေးအပ်သွားမည်ဟုလည်း ဆိုသည်။

“ရောင်းချမှုပိုင်းနဲ့ပတ်သက်ပြီးတော့ ခုချိန်မှာ ပြည်တွင်းက ဘဏ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ အရစ်ကျ ပေးချေနိုင်မှုအပိုင်းကို နောက်ပိုင်းမှာ လုပ်ဆောင်နိုင်အောင် လုပ်ဆောင်သွားမှာပါ”ဟုလည်း ဒေါ်စန်းစန်းမြင့်က ပြောသည်။

နောက်ဆုံးပေါ် BMW ကားများကို ဒီဇင်ဘာလ ၆ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံသို့ တင်သွင်း ရောင်းချရန် သဘောတူညီမှု ရရှိထားကြောင်း၊၂၀၁၄ ခုနှစ်တွင် ကားအရောင်းပြခန်း ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။

BMW ကုမ္ပဏီကအနေဖြင့် ၂၀၁၁၊ ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ် အာဆီယံ ထိပ်သီး အစည်းအဝေး များတွင် နိုင်ငံ့ ခေါင်းဆောင်များနှင့် အဆင့်မြင့် အရာရှိများ၏ သွားလာရေးအတွက် ပံ့ပိုးကူညီမှု ပြုခဲ့ပြီး လာမည့် ၂၀၁၄ ခုနှစ် မေလအတွင်း ၃ ရက်ကြာကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးကို တက်ရောက်သော အာဆီယံနိုင်ငံများမှ နိုင်ငံ့ ခေါင်းဆောင်များနှင့် ဝန်ကြီးများ၏ သွားလာရေး အတွက် ကူညီသွားရန် စီစဉ်ထားကြောင်း သိရသည်။ အစည်းအဝေးအပြီး အဆိုပါ မော်တော်ယာဉ်များကို ပြန်လည် ရောင်းချမည် ဖြစ်ကြောင်းလည်း ဆိုသည်။

“အခုပေးမယ့် ဝန်ဆောင်မှုက ကားနဲ့ပတ်သတ်ပြီး ပြင်ဆင်တာ၊ ရောင်းဝယ်တာ ဒီအပိုင်းတွေကို တနေရာထဲမှာလိုချင်တဲ့ Customer များအတွက် ရည်ရွယ်ထားပါတယ်။ဝန်ဆောင်မှုပိုင်းကတော့ ဝယ်ယူတဲ့အခါမှာကော ဝယ်ပြီးတဲ့အခါမှာကော နိုင်ငံတကာမှာပေးတဲ့ ဝန်ဆောင်မှုတွေအတိုင်း အပြည့်အဝပေးမှာပါ။ အတိအကျ ဆောင်ရွက်သွားမှာပါ”ဟု ဒေါ်စန်းစန်းမြင့်က ပြောသည်။

လက်ရှိတွင် နာမည်ကျော် တံဆိပ်မျိုးစုံမှ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ရန် စီစဉ်နေသော်လည်း အစိုးရပိုင်းမှ နိုင်ငံတကာနည်းတူ တနေရာထဲတွင် အလုံးစုံဝန်ဆောင်မှုပေးနိုင်သည့် ကားအရောင်းစင်တာများကို ဖွင့်လှစ်ခွင့် မပြုသေးပေ။

အစိုးရဝန်ကြီးဌာနများ၊ လမ်းတံတားနှင့် မြို့ပြကျွမ်းကျင်ပညာရှင်များ၊ မော်တော်ယာဉ် ထုတ်လုပ်တင်သွင်း ရောင်းချသူများ အပါအဝင် နယ်ပယ်ပေါင်းစုံမှ ပညာရှင်များဖြင့် မော်တော်ကား မူဝါဒသစ်တခုကို ရေးဆွဲပြီးမှသာ ကားအရောင်း စင်တာများ ကိုဖွင့်ခွင့်ပေးသွားမည်ဟု သိရသည်။

“လတ်တလောက ဂျပန်တပတ်ရစ်တွေဝင်တာ ဝယ်တာများတယ်။ နာမည်ကြီးတံဆိပ်တွေ ဝင်လာပေမယ့် ဒီကလူတွေဝယ်နိုင်တဲ့ ဈေးရှိမှ ဒီကလူတွေက ဂျပန်ကားကြိုက်တာများတယ်။ အလုံးစုံဝန်ဆောင်မှုတွေနဲ့ သိပ်လည်းမရင်းနှီးဘူး ”ဟု Farmer Auto မှ ဒေါက်တာ စိုးထွန်းကပြောသည်။

လတ်တလော ကားအရောင်းစင်တာ အများစုတွင် အရောင်းအဝယ် ကျဆင်းလျက်ရှိပြီး ရောင်းလိုအားက ဝယ်လိုအားထက် လွန်စွာ များပြားလျက်ရှိကြောင်း ကားအရောင်းစင်တာများထံမှ သိရသည်။

BMW ကားများကို မည်သည့်ဈေးနှုန်းဖြင့် ရောင်းမည်ကို မသိရသေးသော်လည်း ပုံပါ BMW 7 Series တစီး နိုင်ငံတကာဈေးကွက်တွင် အနည်းဆုံး ဒေါ်လာ ၇၄,ဝဝဝ (မြန်မာငွေ ကျပ် သိန်း ၇၄၀ ခန့်) ပေါက်သည်။

Loading