စီးပွားရေး

ယမကာ သွင်းကုန် မူဝါဒ ပြန်သုံးသပ်နေ

This article has been converted from Zawgyi One to Unicode

တရားမဝင် တင်သွင်းထားသည့် အရက်များ ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသော လက်လီအရောင်းဆိုင်များကို အငြင်းပွားဖွယ်ရာ ဖမ်းဆီးနှိမ်နင်းမှုများ ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံခြားမှ တင်သွင်းသည့် ယမကာများအပေါ် တင်းကြပ်စွာ ကန့်သတ်ထားခြင်းများ ကို ဆက်လက်ထားရှိရန် သင့်မသင့် သုံးသပ်သည့်အနေဖြင့် အရက်တင်သွင်းမှု ဥပဒေကို ပြန်လည်လေ့လာသုံးသပ်ခြင်းများ စတင်ပြုလုပ်နေပြီဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဥပဒေပညာရှင်များနှင့် အဆိုပါလုပ်ငန်းနှင့် ပတ်သက်၍ ကျွမ်းကျင်သူများ ဖြစ်သော ပြည်တွင်း အရက်ထုတ်လုပ်ရေး လုပ်ငန်းရှင်များ၊ အကောက်ခွန်လွတ် အရောင်းဆိုင်ရှင်များ၊ ဟိုတယ် မန်နေဂျာများ၊ အကောက်ခွန်ဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဥပဒေမှ ပြောင်းလဲရန် ဖြစ်နိုင်သည့် အချက်များနှင့်  လတ်တလော ဖမ်းဆီး နှိမ်နင်းမှုများကြောင့် စီးပွားရေးကို မည်သို့ ထိခိုက်ခဲ့သည်ကို သိရှိနိုင်အတွက် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

“ကျနော်တို့ ရေရှည်ကို ကြည့်ပြီးတော့ ဒီကိစ္စရဲ့ အကျိုးဆက် အားလုံးကို စဉ်းစားသုံးသပ်ရပါမယ်” ဟု ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော်က ဧရာဝတီသို့ ပြောသည်။ “အိမ်နီးချင်း နိုင်ငံတွေမှာ အရက်နဲ့ ပတ်သက်လို့ တင်သွင်းမှု ဥပဒေတွေ ဘယ်လို အသုံးချတယ်၊ သူတို့ ဘယ်လို အခွန်ကောက်တယ်၊ အကျိုးသက်ရောက်မှုက ဘယ်လိုရှိတယ် ဆိုတာတွေကို ကျနော်တို့ လေ့လာသွားပါမယ်” ဟု သူကဆိုသည်။

“တကယ်လို့ ကျနော်တို့က ဝိုင်တင်သွင်းခွင့်ပြုမယ်ဆိုရင် ဘယ်သူ့ကို တင်သွင်းခွင့်ပြုမလဲ၊ ဘယ်လိုစစ်ဆေးမလဲ၊ ဘယ်လို အခွန်မျိုး ကောက်ခံမလဲ ဒီအချက်တွေက အတော်လေး ဆက်စပ်နေပြီးတော့ ထည့်သွင်း စဉ်းစားသင့်တာတွေ ဖြစ်ပါတယ်” ဟု ဦးသန်းအောင်ကျော် ကပြောသည်။

အပြောင်းအလဲများက မြန်မြန်ဆန်ဆန် ဖြစ်ပေါ်လာဖွယ်မရှိ ဟုလည်း သူက သတိပေးလိုက်သည်။

“ဝိုင်တင်သွင်းခွင့်ပြုတော့မယ်လို့ တချိုကပြောကြတယ်။ အဲဒါ မမှန်ပါဘူး။ ဒီအချက်တွေကို ကျနော်တို့ စဉ်းစား သုံး သပ်နေတုန်းပဲ ရှိပါသေးတယ်။ နောက်ပြီး ဒီကုန်ပစ္စည်းတွေကို ခွင့်ပြုသင့် မသင့်ဆိုတာကို ဆုံးဖြတ်ဖို့အတွက် အချိန်ယူပြီး စောင့်ကြည့်ဖို့လိုပါတယ်” ဟုလည်း သူကပြောသည်။

ထို့ပြင် ဝန်ကြီးဌာန အနေဖြင့်လည်း ဥပဒေက ပြည်တွင်းထုတ်လုပ်သူများနှင့် ဖြန့်ဖြူးရောင်းချသူများကို မည်သို့ သက်ရောက်မှုရှိသည်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်ဟု ဦးသန်းအောင်ကျော်က ပြောသည်။ “ကျနော်တို့ ပြောနိုင်သမျှကတော့ သွင်းကုန် ဥပဒေနဲ့ ပတ်သက်တာတွေ အားလုံးကို ကျနော်တို့ ပြန်လည်သုံးသပ်လေ့လာနေတယ် ဆိုတာပါပဲ” ဟု သူကဆိုသည်။

၁၉၉၀ နှစ်များ အလယ်ပိုင်းလောက်ကစ၍ အစိုးရက အရက်၊ ဆေးလိပ်နှင့်ဆေးရွက်ကြီး နှင့် အခြားသော ဇိမ်ခံပစ္စည်းများ တင်သွင်းခြင်းကို ပိတ်ပင်တားမြစ်ခဲ့ပြီး သတ်မှတ်ပေးထားသည့် ဟိုတယ်များနှင့် အကောက်ခွန်လွတ် ဆိုင်များကိုသာ ထိုပစ္စည်းများတင်သွင်းခွင့်ပြုခဲ့သည်။ အဆိုပါ ပိတ်ပင်မှုသည် စစ်တပ်နှင့် ခရိုနီများပိုင်ဆိုင်သည့် ကုမ္ပဏီများကသာ စီးပွား ရေးကို ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်ခွင့်ပြုထားသည့် ယခင်စစ်အစိုးရ၏ မူဝါဒများအနက်မှ အစိတ်အပိုင်းတခု ဖြစ်သည်။

သို့သော်လည်း လွန်ခဲ့သည့် လအနည်းငယ် အတွင်းတွင် ဥပဒေကို ပိုမိုတင်းကြပ်စွာ ကိုင်တွယ်လုပ်ဆောင်လာပြီး အောက်တိုဘာလမှ စ၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန နှင့် ရဲတပ်ဖွဲ့ တို့ပါဝင် သည့် မိုဘိုင်းစစ်ဆေးရေး အဖွဲ့နှစ်ခုက လက်လီအရောင်းကုမ္ပဏီများ၏ ရန်ကုန်နှင့် မန္တလေးမြို့များရှိ ကုန်လှောင်ရုံများကို အရက်၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးနှင့် ပြင်ဆင် ထားသည့် အေးခဲအစားအစာများ ကို တရားဝင် တင်သွင်းခြင်း ဟုတ် မဟုတ် ဝင်ရောက်ရှာဖွေစစ်ဆေး သိမ်းဆည်းခဲ့သည်။

ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီးနောက်တွက် မြန်မာနိုင်ငံ၏ အကြီးဆုံး လက်လီအရောင်းကုမ္ပဏီတခု ဖြစ်သည့် City Mart Holding မှ ပိုင်ဆိုင်သည့် ထောက်ပံ့ရေးလုပ်ငန်း ဖြစ်သော Premium Food Service Products မှ ဒါရိုက်တာတဦးနှင့်  ရန်ကုန်ရှိ အရက်နှင့် အဖျော်ယမကာ ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းကြီးတခုဖြစ်သည့် Quarto Products မှ ဒါရိုက်တာတဦး ဖမ်းဆီး တရားစွဲဆိုခြင်း ခံခဲ့ရသည်။

လက်လီရောင်းချသူ အများက ဖမ်းဆီးသိမ်းယူခံရမည်ကို စိုးရိမ်ပြီး နိုင်ငံခြားအရက်များ ရောင်းချခြင်းကို ရပ်ဆိုင်း လိုက်သည့်အတွက် ဈေးကွက်တွင် အရက်ပြတ်တောက်မှုဖြစ်ပေါ်လာပြီး စားသုံးသူများနှင့် စားသောက်ဆိုင်များကလည်း ဝေဖန်ပြောဆိုမှုများ ရှိလာသည်။

အစိုးရက လက်ရှိပြုလုပ်နေသည့် ဖမ်းဆီးနှိမ်နင်းမှုသည် ၎င်းတို့ကိုသာ ဦးတည်ချက်ထားနေခြင်း ဖြစ်သည့် အတွက် တရားမျှတမှုမရှိ ဟု ခံစားရကြောင်း လက်လီရောင်းချသူများကပြောကြသည်။

Premium Food Service Products မှ သိုလှောင်ထားသည့် အရက်များကို ထူးကုမ္ပဏီ အုပ်စုနှင့် ACE ကုမ္ပဏီ အုပ်စုတို့ ပိုင်ဆိုင်သော ကုမ္ပဏီများမှ တဆင့်ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ကုမ္ပဏီ အုပ်စုများကို လူသိများသည့် မြန်မာလုပ်ငန်းရှင် ဦးတေဇနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး ဦးတင့်ဆန်း၏ သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်းတို့က အသီးသီးပိုင်ဆိုင် ကြ သည်။ ရှာဖွေဖမ်းဆီးမှုများ စတင်သည့်အချိန်မှစ၍ ထိုကုမ္ပဏီကြီးများကို အရေးယူခြင်း လုံးဝမရှိခဲ့ပေ။

မြန်မာနိုင်ငံ လက်လီရောင်းချသူများ အသင်းက သွင်းကုန်ဥပဒေကို ပြန်လည်စဉ်းစား သုံးသပ်ပေးပါရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ စာရေးသားတောင်းဆိုခဲ့သော်လည်း လတ်တလောပြုလုပ်သည့် ဖြစ်နိုင်ချေရှိသည့် ပြောင်းလဲမှုများနှင့် ပတ်သက်သော အစည်းအဝေးသို့ ၎င်းတို့ အသင်းကို ဖိတ်ကြားခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း မှ ပြောရေးဆိုခွင့် ရှိသူတဦးက “လက်ရှိအချိန်မှာတော့ ကျနော်တို့ အခက်အခဲတွေအများကြီး ကြုံတွေ့နေရတယ်။ ဖောက်သည် တွေကလည်း နေ့တိုင်း ပြောနေကြပြီ။ ဝယ်လိုအားက အရမ်းတက်နေတယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။

ညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော်က ဥပဒေတွင် အပြောင်းအလဲအများလုပ်လိုက်ပြီး နောက်ပိုင်းတွင် တင်သွင်းသူများရော၊ လက်လီရောင်းချသူများပါ အကျိုးအမြတ် ရရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။ “ကျနော်တို့ ပြည်သူတွေရဲ့ အသံကိုလည်း နားထောင်ရပါမယ်” ဟု သူကဆိုသည်။

သို့သော် နိုင်ငံခြား ဧည့်သည်များ ဝင်ရောက်မှု အမြင့်ဆုံးအချိန်တွင် အရက်ရှားပါး ပြတ်တောက်မှုဖြစ်ပေါ်ခဲ့ခြင်းကိုမူ အလေးထားနေမည် မဟုတ်ကြောင်း သူက ထပ်ပြောသည်။

Loading