မြန်မာနိုင်ငံက နိုင်ငံတကာသို့ ဆပ်ရန် ကျန်ရှိသည့် ကြွေးမြီ ပမာဏမှာ အမေရိကန် ဒေါ်လာ ၅ ဘီလီယံကျော်သာ ရှိတော့ကြောင်း သမ္မတ ၏ စီးပွားရေးနှင့် လူမှုရေး အကြံပေး ဒေါက်တာ ဇော်ဦးက ဧရာဝတီသို့ ပြောသည်။
“ပါရီကလပ် နိုင်ငံတွေကို ကျန်နေသေးတဲ့ဟာက ၄ ဘီလီယံ ကျော်လောက် ရှိတယ်၊ ကမ္ဘာ့ဘဏ်တို့၊ ADB တို့ကတော့ ဂျပန်ကနေ ယူပြီး ဆပ်လိုက်တာ ဆိုတော့ အကုန် လျှော်ပစ်လိုက်ပြီ၊ ဂျပန်ဆီမှာပဲ တင်နေတာပေါ့၊ ဒါတွေ အကုန်လုံး ပေါင်းရင်တော့ ၅ ဘီလီယံ ကျော် ရှိမယ်”ဟု ၎င်းက ဆိုသည်။
ယခင် အစိုးရများ လက်ထက်တွင် နိုင်ငံတကာသို့ ပေးဆပ်ရန် တင်ရှိနေသော ကြွေးမြီများမှာ သမ္မတ ဦးသိန်းစိန် အစိုးရ လက် ထက် တွင် စုစုပေါင်း ၁၁ ဘီလီယံ နီးပါး ရှိခဲ့ပြီး ကမ္ဘာ့ဘဏ်၊ အာရှဖွံဖြိုးရေးဘဏ်နှင့် ပါရီကလပ်(Paris Club) အဖွဲ့ဝင် နိုင်ငံများသို့ တင်ရှိခဲ့ခြင်း ဖြစ်သည်။
အစိုးရသစ် အဖွဲ့သည် နိုင်ငံ၏ တင်ရှိနေသော ကြွေးမြီများ အတွက် ပါရီကလပ် အဖွဲ့ဝင်နိုင်ငံများနှင့် သွားရောက် ညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ရာ ကန်ဒေါ်လာ ၆ ဘီလီယံခန့် လျှော့ပေါ့မှု ရရှိခဲ့သည့် နည်းတူ ကမ္ဘာဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်(ADB)များမှ အကြွေးများ လျှော်ပစ်ပေးရန် အတွက် ဂျပန်နိုင်ငံမှ ချေးငွေယူ၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ဂျပန်နိုင်ငံမှ ချေးငွေယူ၍ လုပ်ဆောင်ခဲ့ရာတွင် အတိုးနှုန်း ပမာဏမှာ ၁ ရာခိုင်နှုန်းပင် မရှိကြောင်းနှင့် ပါရီကလပ် နိုင်ငံများ မှ တင်ရှိနေသည့် ကြွေးမြီ ဒေါ်လာ ၄ ဘီလီယံမှာ လက်ရှိ အချိန်တွင် လျှော့ပေးသွားနိုင်သည့် အနေအထားများ ရှိနေကြောင်း ဒေါက်တာ ဇော်ဦးက ပြောသည်။
“နောက်အပတ်ထဲကြရင် သိလောက်မယ်နဲ့ တူတယ်၊ လျှော့တာကတော့ ပုံစံအမျိုးမျိုး ရှိတာပေါ့နော်၊ နော်ဝေလို နိုင်ငံမျိုး လျှော်ပစ် ပေးတာမျိုးက လုံးလုံး လျှော်ပစ်ပေးလိုက်တာ၊ ဒါမျိုးက အကောင်းဆုံးလို့ ပြောလို့ရတာပေါ့၊ ဒါမျိုးလည်း ဖြစ်ချင်ဖြစ်သွားနိုင် ပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
ပါရီကလပ် အဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်သော နော်ဝေနိုင်ငံသည် မြန်မာအစိုးရ အပေါ် တင်ရှိနေသော ကြွေးမြီများကို လျှော့ချ ပေးခဲ့ စဉ်က လုံး၀ ပြန်ဆပ်စရာ မလိုတော့ဘဲ အပြီးအပြတ် လျှော့ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ တင်ရှိနေသော ကြွေးမြီများကို လျှော့ချပေးရန် အစီအစဉ် ရှိနေသည်မှာ ပါရီကလပ် အဖွဲ့ဝင်နိုင်ငံ နှစ်နိုင်ငံဖြစ်ပြီး မည်သည့်နိုင်ငံများ ဖြစ်သည် ဆိုသည်ကို အတည်ပြု ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ဒေါက်တာ ဇော်ဦးက ပြောသည်။
ပါရီကလပ် သည် ဘဏ္ဍာရေး ဆိုင်ရာ နိုင်ငံတကာ လွတ်လပ်သည့် အဖွဲ့အစည်း တခုဖြစ်ပြီး အဖွဲ့ဝင် နိုင်ငံများ စုစုပေါင်း ၁၉ နိုင်ငံရှိသည်။ ယင်းနိုင်ငံများမှာ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ နော်ဝေ၊ အီတလီ၊ ဖင်လန်၊ နယ်သာလန်၊ ဒိန်းမတ်၊ ကနေဒါ၊ သြစတြေး လျ၊ စပိန်၊ ဘယ်လ်ဂျီယံ၊ သြစတီးယား၊ ဆွိဒင်၊ ဆွစ်ဇာလန်၊ အိုင်ယာလန်၊ ရှရှားနှင့် အမေရိကန် နိုင်ငံများ ဖြစ်ကြောင်း အဖွဲ့၏ ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။
ယခု အခြေအနေတွင် မြန်မာနိုင်ငံ အနေဖြင့် ပါရီကလပ် အဖွဲ့ဝင်နိုင်ငံများမှ ထုတ်ပြန် ကန့်သတ်ထားသော နှစ်စောင့်ရမည့် အစီ အစဉ်အရ ချေးငွေများ ချေးရန် မဖြစ်နိုင်သေးဘဲ ကမ္ဘာ့ဘဏ်မှ ချေးယူရန် အစီအစဉ်ရှိနေကြောင်း ဒေါက်တာ ဇော်ဦးကပြောသည်။
“World Bank(ကမ္ဘာ့ ဘဏ်) ရဲ့ချေးငွေကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေက ဒီလကုန်လောက်မှ စပြီးတော့ သေသေချာချာ ဆွေးနွေးဖြစ်မယ်၊ အစီအစဉ်ရှိတဲ့ အကြောင်းအရာကတော့ သဘောတူ ထားတယ်၊ အတိုးနှုန်း သက်သာစွာနဲ့ ထုတ်ချေးဖို့ စီစဉ်နေတယ် ပေါ့၊ ဒါကို ယူရင်တော့ ကြွေးမြီက တင်မှာပေါ့”ဟုလည်း ၎င်းက ပြောဆိုသည်။
မြန်မာနိုင်ငံက ယင်းသို့ချေးငွေ ကိစ္စများ ဆောင်ရွက်ရာတွင် ပြည်သူလူထု အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများတွင် အသုံးပြုသွားရန် အထူးစဉ်းစား လုပ်ဆောင်စေချင်ကြောင်း စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ကိုကိုက ပြောသည်။
“ချေးငွေနဲ့ပတ်သက်ပြီး ပြည်သူတွေ အတွက် အကျိုးရှိတဲ့ စီမံကိန်းတွေပေါ့၊ ကျန်းမာရေး၊ ပညာရေး စသဖြင့်ပေါ့၊ ဒါမှမဟုတ်လည်း စီပွားရေး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် အရေးကြီးတဲ့ Infrastructure အခြေခံ အဆောက်အအုံတွေ အသုံးပြုတယ်ဆိုရင် တမျိုးပေါ့၊ ဒီလိုမှ မဟုတ်ရင်တော့ တိုင်းပြည်ရဲ့ချေးငွေ၊ ပြည်သူရဲ့အကြွေး ဖြစ်သွားတာပေါ့။ အဲ့ဒီလို ဖြစ်သွား တတ်တယ်၊ ဘယ်လို အကျိုး ရှိမရှိ ဆိုတာ ဘယ်ကိစ္စ အတွက် ဘယ်လောက် သုံးမှာလဲဆိုတာကို သေသေချာချာ စဉ်းစားထားဖို့ လိုပါတယ်”ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ၏ ယခင် တင်ရှိခဲ့သော ကြွေးမြီပမာဏ ဒေါ်လာ ၁၁ ဘီလီယံ နီးပါးတွင် ကမ္ဘာ့ဘဏ်မှ ဒေါ်လာ သန်း ၈၉၀ နှင့် ADB ဘဏ်မှ ဒေါ်လာသန်း ၅၀၀ တင်ရှိခဲ့သည်။
၂၀၁၃ ခုနှစ် ဇန်နဝါရီ လကုန်ပိုင်းက ပြင်သစ်နိုင်ငံ ပါရီမြို့တော်တွင် မြီရှင်နိုင်ငံများနှင့် တွေ့ဆုံ ဆွေးနွေးရာတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သူ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ကမ္ဘာ့ဘဏ်၊ ADB ဘဏ်နှင့် ပါရီ ကလပ် ဟုခေါ်သော မြီရှင်နိုင်ငံများမှ မြန်မာနိုင်ငံကို တင်ရှိနေသော ကြွေးမြီ စုစုပေါင်း အမေရိကန် ဒေါ်လာ ၉.၆၄၈ ဘီလီယံ ရှိသည့် အနက် ၅.၉၉၂ ဘီလီယံ နီးပါးကို လျှော်ပေးခဲ့ပြီး ကျန်ဆပ်ရန်ရှိသည်မှာ ၃.၆၅၆ ဘီလီယံ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသို့ ဆပ် ရန် ကြွေးမြီမှာ အများဆုံးဖြစ်ပြီး ၃.၃ ဘီလီယံ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။