လာမည့် ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံဝန်ထမ်းများ လစာတိုးမြှင့်ရကြမည့် အချိန်တွင် ငွေကြေးဖောင်းပွမှုနှုန်း ထိန်းထားနိုင်ခြင်း မရှိပါက ဝယ်ယူနိုင်စွမ်းအား ထူးခြားလာမည် မဟုတ်ဟု စီးပွားရေး ပညာရှင်များက သတိပေးပြောဆိုသည်။
“တဘက်က လစာတော့ တိုးရတယ်၊ တဘက်က ပစ္စည်းတွေရဲ့ဈေးနှုန်းက တိုးလာတယ်ဆိုရင် အကျိုးခံစားခွင့်က အပြည့်အဝ မရတော့ဘူးပေါ့”ဟု စီးပွားရေး ပညာရှင် ဦးမော်သန်းက ပြောသည်။
ဝန်ထမ်းများကို လစာတိုးပေးမည့် အစီအစဉ်ကို သမ္မတဦးသိန်းစိန်က ဇန်နဝါရီလ ၇ ရက်တွင် ပြုလုပ်သော ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေးတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်က ဝန်ထမ်းများကို လစာတိုးပေးမည့် အချိန်တွင် ငွေကြေး ဖောင်းပွမှုနှုန်းကို ထိန်းသိမ်းနိုင်ရန် အတွက် အစိုးရ အသုံးစရိတ်များကို ချွေတာရန် အထူးလိုအပ်ပြီး၊ နိုင်ငံတော်မှ ရစရာရှိသော ဝင်ငွေများကို အမှန်တကယ်ရရန် လုပ်ဆောင်သင့်ကြောင်း ဦးမော်သန်းက ပြောသည်။
ကမ္ဘာဘဏ်က ၂၀၁၃ အောက်တိုဘာတွင် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံစီးပွားရေး စောင့်ကြည့်ရေး အစီရင်ခံစာတွင် မြန်မာနိုင်ငံတွင် ဘဏ္ဍာနှစ်လည်ပိုင်း၌ ပြင်ဆင် ဖြည့်စွက်သည့် ဘတ်ဂျတ်များ ထုတ်ပြန်သည့် အလေ့အထများရှိပြီး ယင်းမှာ သုံးစွဲရန် လျာထားသည့် ဘတ်ဂျတ်နှင့် အမှန်တကယ် သုံးစွဲမှု အကြား သိသာသော ခြားနားခြင်းကို ဖြစ်ပေါ်နေသည်ဟု ထောက်ပြထားသည်။
မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၇.၃ရာခိုင်နှုန်း ရှိနေခဲ့ပြီး ငွေဖောင်းပွနှုန်း တိုးလာသည့် အခြေအနေဖြစ်ကြောင်း ကမ္ဘာ့ဘဏ် အစီရင်ခံစာတွင် ပါရှိသည်။
ငွေကြေးဖောင်းပွမှုနှုန်း မရှိလျှင် တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မရှိ ဟူသော အချက်ကို စီးပွားရေး ပညာရှင်များ လက်ခံထား ကြသည့် အချက်တချက် ဖြစ်သည်။
“ဒီအချက်က မှန်တာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် အခု ဝန်ထမ်းလစာ တိုးတဲ့ဟာမှာတော့ လစာတိုးလို့ ဝင်ငွေတိုးပေမယ့် ဝယ်ယူနိုင်စွမ်းအားကရော မြင့်မလားပေါ့၊ တိုးမြင့်စေတယ် ဆိုရင်တော့ လစာတိုးတာ အဓိပ္ပါယ် ရှိတာပေါ့နော်။ ဒါပေမယ့် တဘက်က ငွေဖောင်းပွမှုနှုန်းကလည်း လိုက်တက်မယ် ဆိုရင်တော့ မျှော်မှန်းထားသလို အကျိုးဖြစ်ထွန်းမှုက မရှိဘူး။ငွေဖောင်းပွမှုနှုန်း ဘယ်လောက်ထိ ထိန်းချုပ်နိုင်မလဲ ဆိုတာပေါ်မှာ မူတည်ပါတယ်။ အထွေထွေ ကုန်ဈေးနှုန်း မြင့်တက်မှုနှုန်းကို ဘယ်လောက်ထိ ထိန်းချုပ်နိုင်မလဲ ဆိုတာပေါ်မှာ မူတည်နေတာပေါ့”ဟု စီးပွားရေး ပညာရှင် ဒေါက်တာအောင်ကိုကိုကလည်း ပြောဆိုသည်။
ငွေကြေး ဖောင်းပွမှုနှုန်းမှာ တိုင်းပြည်၏ စုစုပေါင်း ထုတ်ကုန်တန်ဖိုး (GDP)နှင့် လည်ပတ် ငွေကြေး (Money Supply) အချိုး မျှတမှသာလျှင် တည်ငြိမ်မည် ဖြစ်ပြီး လည်ပတ်ငွေ ပမာဏက ထုတ်ကုန်တန်ဖိုး ပမာဏထက် များပြားလာပြီဆိုပါက ငွေဖောင်းပွမှု ဖြစ်ပေါ်စေသည်ဟု စီးပွားရေး ပညာရှင်များက ထောက်ပြသည်။
တိုင်းပြည်၏ လည်ပတ်ငွေများကို ဘဏ်များသို့ ရောက်ရှိသွားရန်အတွက် ဘဏ်တိုးနှုန်းများ တိုးမြှင့်၍ ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းချုပ်ကြသည့် ဖြစ်စဉ်များ ရှိသော်လည်း မြန်မာနိုင်ငံ၏ ဘဏ်တိုးနှုန်းမှာ လက်ရှိအချိန်တွင် ဒေသတွင်း နိုင်ငံများအတွင်း အများဆုံး အနေအထား ဖြစ်နေသည်။
ဘဏ်တိုးနှုန်းကို လျှော့ချရန်မှာလည်း ငွေကြေးဖောင်းပွမှုနှုန်းအောက် သတ်မှတ်၍ မရချေ။
ယင်းအနေအထားနှင့် ပတ်သက်၍ ဒေါက်တာ အောင်ကိုကိုက “ဘဏ်တိုးနှုန်းက များတယ်လို့ ပြောကြတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ လူဦးရေရဲ့ ၄ ရာခိုင်နှုန်းပဲ ဘဏ်မှာ စုကြတယ်။ ဘဏ်တိုးနှုန်း မြင့်တိုင်းလည်း စုဆောင်းမှုနှုန်းက မြင့်တာ မဟုတ်ဘူး။ ငွေကြေးဖောင်းပွမှုနှုန်း မြင့်နေရင် ဘဏ်တိုးနှုန်းလည်း ချလို့မရဘူး။ ဒါကြောင့် ငွေဖောင်းပွမှုနှုန်း နိမ့်နိုင်သမျှ နိမ့်သွားအောင် လုပ်ရမှာပဲ။ ဒါကို နိမ့်အောင် မလုပ်ဘဲ ဘဏ်တိုးနှုန်း မြင့်လိုက်၊ Money Supply ကို အပြောင်းအလဲ ဖြစ်စေတဲ့ ငွေကို ထပ်ပုံနှိပ်လိုက် လုပ်တယ်ဆိုရင် ကုန်ဈေးနှုန်း တည်ငြိမ်မှုကို ထိခိုက် နိုင်တာပေါ့”ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ ဘတ်ဂျတ် လိုငွေပြမှုမှာ ဒေါ်လာ၂.၇ ဘီလီယံကျော် ရှိနေပြီး လည်ပတ် ငွေကြေး ပမာဏမှာလည်း ပိုမိုတိုးလာနေသည်ဟု စီးပွားရေးပညာရှင်များက ဆိုကြသည်။ စီးပွားရေး အကျပ်အတည်းများ ဖြစ်တိုင်း အစိုးရ ဘတ်ဂျတ် လိုငွေများ တိုးလာတတ်ပြီး ထိုလိုအပ်ငွေကို ဗဟိုဘဏ်က ငွေစက္ကူသစ်များ ရိုက်ထုတ် ဖြေရှင်းပေးတတ်သည်။